အညစ်ပတ်ဆုံးကမ်းခြေကို အလှဆုံးကမ်းခြေအဖြစ် ပြောင်းလဲပေးခဲ့သူကို ကုလသမဂ္ဂမှ ဆုချီးမြှင့်ခဲ့

Lawyer-cleans-worldu2019s-dirtiest-beach_5.jpg

အိန္ဒိယနိုင်ငံ အနောက်ဘက် ကမ်းခြေရှိ မွမ်ဘိုင်းမြို့မှာရှိတဲ့ ဗာဆိုဗာ ကမ်းခြေဟာ တံငါသည်အများစုနေထိုင်တဲ့ ကမ်းခြေလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဗာဆိုဗာ ကမ်းခြေဟာ တစ်ချိန်က သန့်ရှင်းတဲ့ ကမ်းခြေတစ်ခုဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေအတွင်း အမှိုက်ပစ်မှုများကြောင့် အမှိုက်တွေ စုပုံလာခဲ့ပါတယ်။ ဒေသခံတွေနဲ့ အစိုးရစည်ပင်တွေက ဒီကမ်းခြေကို ပြန်လည်သန့်ရှင်းလာစေဖို့ လုပ်ဆောင်ခဲ့ကြပေမဲ့ အမှိုက်တွေကိုတော့ အကုန်မရှင်းနိုင်ခဲ့ကြပါဘူး။

ဒီလို ဘယ်သူမှ မလုပ်နိုင်တဲ့အလုပ်ကို မွမ်ဘိုင်းမြို့ဒေသခံ ရှေ့နေတစ်ဦးဖြစ်သူ အဲဖရိုဇ် ရှာ (Afroz Shah) ဦးဆောင်တဲ့အဖွဲ့က ကမ္ဘာ့အညစ်ပတ်ဆုံး ကမ်းခြေတစ်ခုကို ပြန်လည်လှပလာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဖရိုဇ် ရှာတို့အဖွဲ့ဟာ ဗာဆိုဗာကမ်းခြေမှာရှိတဲ့ အမှိုက်အားလုံးကို လက်ချည်းသက်သက်နဲ့သာ ကောက်ခဲ့တာ ဖြစ်ပြီး အဲဖရိုဇ် ရှာတို့အဖွဲ့ဟာ ဗာဆိုဗာ ကမ်းခြေ ၂.၅ ကီလီမီတာ တစ်လျှောက်မှာ ပြန့်ကျဲနေတဲ့ ပလတ်စတစ် အိတ်တွေ၊ ဘိလပ်မြေအိတ်တွေ၊ ဖန်ပုလင်းတွေ၊ အဝတ်စုတ်တွေနဲ့ ဖိနပ်စုတ်တွေ အားလုံးကို သိမ်းဆည်းခဲ့တာ ဖြစ်ပြီး အမှိုက်ပုံတွေဟာ တစ်ချို့နေရာမှာဆိုရင် ပေတော်တော်များများအထိ မြင့်နေတယ်လို့ဆိုပါတယ်။ ဗာဆိုဗာ ကမ်းခြေသန့်ရှင်းရေး လှုပ်ရှားမှုဟာ ပြီးခဲ့တဲ့ နှစ်အတွင်း တစ်ဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး အမှိုက်တန်ချိန် ၄၀၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဖရိုဇ် ရှာရဲ့ အိမ်ဟာ ဒီကမ်းခြေ နားမှာ တည်ရှိတဲ့အတွက် ဒီအမှိုက်ပုံကိစ္စကို ဘယ်သူမှ မဖြေရှင်းကြတဲ့အချိန် သူကစတင်ပြီး အမှိုက်ကောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဖရိုဇ် ရှာကဦးဆောင်ပြီး ၁၀၉ ပတ်ကျော်အထိ အမှိုက်ကောက်ခဲ့တဲ့ အချိန်မှာတော့ သူ့ရဲ့လုပ်ရပ်ကို လူအများသတိထားမိလာကြပြီး လုပ်အားပေးများနဲ့ အာဏာပိုင်တွေကပါ အညစ်ပတ်ဆုံး ကမ်းခြေတစ်ခုဖြစ်တဲ့ ဗာဆိုဗာကမ်းခြေကို ပူးပေါင်းရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပေမဲ့ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အဲဖရိုဇ် ရှာက စတင်ပြီး ဆီဖြစ်ဖို့ အနစ်နာခံခဲ့တာ ဖြစ်ပါတယ်။ အဲဖရိုဇ် ရှာရဲ့ ဦးဆောင်မှုကြောင့်ပဲ ကုလသမဂ္ဂဆိုင်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး အစီအစဉ် (United Nations Environment Programme) က အဲဖရိုဇ် ရှာတို့ရဲ့ လှုပ်ရှားမှုကို သတိထားမိခဲ့ပြီး ကမ်းခြေသန့်ရှင်းရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကြောင့်  အဲဖရိုဇ် ရှာကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့ပြီး “ဒီဆုတံဆိပ်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်နဲ့အတူ ဝင်ရောက်လုပ်အားပေးခဲ့ကြတဲ့ လုပ်အားပေးရာကျော်နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်ဟာ သမုဒ္ဒရာကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ သမုဒ္ဒရာကြီးကို ပလတ်စတစ် ကင်းရှင်းစေအောင်လုပ်ပေးဖို့အတွက် တာဝန်ကြွေးတင်နေပါတယ်။ ဒီလှုပ်ရှားမှုဟာ အိန္ဒိယနိုင်ငံရှိ ကမ်းခြေဒေသတွေနဲ့ ကမ္ဘာ့တစ်ဝှမ်းက ကမ်းခြေမှာနေထိုင်တဲ့ လူတွေအတွက် အစဦးလှုပ်ရှားမှုတစ်ခု ဖြစ်စေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့တွေ သမုဒ္ဒရာထဲအမှိုက်တွေ ပစ်နေတာကို တိုက်ဖျက်သင့်ပြီး လူသားတွေအနေနဲ့ သမုဒ္ဒရာနဲ့ ပြန်လည်းပေါင်းစည်းသင့်ပါပြီ။ ဒီလိုလုပ်ဖို့အတွက်လည်း ကျွန်တော်တို့ ဘယ်သူကိုမှ စောင့်မနေသင့်ဘဲ ကိုယ့်ဘာသာ အရင်ဆုံး စလုပ်သင့်ပါတယ်။” လို့ အဲဖရိုဇ် ရှာက ဆုလက်ခံချိန်မှာ ပြောဆိုခဲ့ပါတယ်။

အဲဖရိုဇ် ရှာနဲ့ သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၈၄ နှစ်အရွယ် ဟာဘနက်ရှ် မာသာ (Harbansh Mathur) တို့ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ဗာဆိုဗာ ကမ်းခြေ အမှိုက်ကောက်ခြင်းကို စတင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ပါဝင်သူတွေ များလာခဲ့တာဖြစ်ပါတယ်။ အဲဖရိုဇ်ရှာ ရခဲ့တဲ့ ဆုဟာ United Nations Environment Programme ရဲ့ အမြင့်ဆုံး ဆုတစ်ခုဖြစ်ပြီး ဒါဟာ အိန္ဒိယနိုင်ငံသားတစ်ဦးအနေနဲ့ ပထမဆုံးရရှိခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

Ref : Indiatime : Lawyer Receives UNEP’s Highest Award

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top