ချွေးပေါက်ပွင့်စေပြီး မျက်နှာ ဝင်းလက်စေမယ့် သဘာဝနည်းလမ်း (၆) ခု

facial-massage-PETMNTZ.jpg

ချွေးပေါက်ပိတ်ဆို့တယ်ဆိုတာ လူတိုင်းဖြစ်ဖူးမှာပါ။ မျက်နှာ အရေပြားအောက်မှာရှိတဲ့ ဂလင်းလေးတွေကနေ ထွက်လာတဲ့အဆီက အရေပြားဆဲလ်သေတွေ၊ မျက်နှာပေါ်က အမွေးအမှင်တွေနဲ့ တွေ့တဲ့အခါ ချွေးပေါက်ပိတ်ဆို့ခြင်း ဖြစ်လာတာပါ။ အဲဒီကမှ ပိုးဝင်သွားရင် ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ ဒါကို ကုသတဲ့အခါ အသားအရေကို သန့်စင်စေပြီး ချွေးပေါက်ကို ပွင့်စေဖို့ မျက်နှာပေါင်းတင်တဲ့ နည်းလမ်းအမျိုးမျိုး သုံးကြပါတယ်။

ချွေးပေါက်ပိတ်ခြင်းက ဝက်ခြံတွေဖြစ်စေပြီး အသားအရေကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ ထပ်ကာတလဲလဲ ဝက်ခြံတွေ ဖြစ်လာတာကလည်း ချွေးပေါက်ကို ပိုကျယ်စေပြီး ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံဖြစ်ခြင်းကို ပိုတောင်ဖြစ်လာစေနိုင်ပါတယ်။ ဝက်ခြံဆိုးလာရင် အမာရွတ်ကျန်ခဲ့တာကလည်း ပြဿနာ မသေးပါဘူး။

အမှန်တော့ ကျွန်မတို့ရဲ့ အသားအရေက ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ နေ့စဉ် ထိတွေ့နေရတာဖြစ်လို့ ချွေးပေါက်ပိတ်တာက ရှောင်လွှဲလို့ မရနိုင်တဲ့ရလဒ်ပါပဲ။ မျက်နှာ အသားအရေကို စိုပြေ သန့်စင်စေဖို့ ထိန်းသိမ်းရာမှာ မျက်နှာသစ်ရုံလောက်နဲ့လည်း ချွေးပေါက်ကို မပွင့်စေနိုင်ပါဘူး။

အများစုအတွက်တော့ နက်ရှိုင်းစွာ သန့်စင်ပေးတဲ့ နည်းလမ်းတွေကို ပုံမှန်လုပ်ပေးတာကပဲ ချွေးပေါက်ပွင့်စေပြီး ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးဖို့ အကောင်းဆုံး ဖြစ်ပါတယ်။

ချွေးပေါက်ပွင့်စေမယ့် သဘာဝနည်းလမ်းများ

အသားအရေ ထိန်းသိမ်းရေးပစ္စည်းတွေ၊ ဆေးဝါးတွေ အသုံးမပြုခင်မှာ ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံအတွက် ဒီလို သဘာဝနည်းလမ်းတွေထဲက အဆင်ပြေရာကို အရင်လုပ်ကြည့်နိုင်ပါတယ်။

ရေနွေးငွေ့နဲ့ပေါင်းတင်မယ်

ရေနွေးငွေ့နဲ့ပေါင်းတင်တာက ချွေးပေါက်တွေ ပွင့်စေတဲ့အပြင် အညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ကြည်လင် ရှင်းသန့်စေတဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ ဆေးဖက်ဝင် သဘာဝပစ္စည်းတွေ ရောသုံးပေးရင် ပိုကောင်းပါတယ်။

အငွေ့တထောင်းထောင်းနဲ့ ရေနွေးကို ဇလုံထဲလောင်းထည့်ပြီး ချမ်မိုမိုင်း သို့မဟုတ် နှင်းဆီပန်းပွင့်ဖတ်လေးတွေကို နုတ်နုတ်စဉ်းပြီး ဖြူးထည့်ပါ။ ပန်းကရတဲ့ essential oil တွေလည်း ထည့်နိုင်ပါတယ်။ ပြီးမှ ခေါင်းမှာ တဘက်တစ်ခုနဲ့ပတ်ပြီး မျက်နှာကို ရေနွေးငွေ့ခံပါ။ ၁၅ မိနစ်လောက် ဆက်ပေါင်းတင်ပြီး မျက်နှာကို တဘက်အစိုနဲ့ အသာအယာသုတ်ပါ။ နောက်ပြီးမှ moisturizer တစ်မျိုးလိမ်းပေးပါ။

သကြား scrub

ချွေးပေါက်ကျဉ်းစေဖို့နဲ့ မမြင်ရတဲ့ ဖုန်မှုန့်တွေကို အရေပြားပေါ်က ဖယ်ရှားနိင်ဖို့သကြား scrub ကို သုံးနိုင်ပါတယ်။ သကြား scrub က ဆဲလ်သေ ဖယ်ရှားနိုင်တဲ့ သဘာဝ အစွမ်း အာနိသင်ရှိလို့ အမာရွတ် တစ်ရှူးတွေကို တားဆီးပေးပြီး ချွေးပေါက်ပိတ်ဆို့ခြင်းကို အမြန် သက်သာစေပါတယ်။ အရင်ဆုံး သကြားနည်းနည်းကို မှုန့်အောင်ကြိတ်လိုက်ပါ။ ပန်းကန်လုံးတစ်ခုထဲမှာ သကြားမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းရယ်၊ သံပုရာရည်ရယ် ရောလိုက်ပါ။ မွှေရင်း အနှစ်ဖြစ်သွားတဲ့အခါ မျက်နှာမှာ ပွတ်သုတ်ပြီး ၅ မိနစ်အကြာမှာ ရေနဲ့ မျက်နှာသစ်ပါ။ အကောင်းဆုံးကတော့ ဒီနည်းကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။

ခရမ်းချဉ်သီးရည်

ခရမ်းချဉ်သီးမှာ ဆဲလ်သေ ဖယ်ရှားရာမှာ ထိရောက်တဲ့ အာနိသင်ရှိတဲ့ lactic acid ပါဝင်ပြီး ချွေးပေါက်တွေ ထပ်မပိတ်အောင် ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး အရည်ကို ဂွမ်းစနဲ့စွတ်ပြီး ချွေးပေါက် ပိတ်နေတဲ့နေရာကို တို့ပေးပါ။ ၅ မိနစ်လောက်ကြာရင် မျက်နှာသစ်ချပါ။ နောက်တစ်နည်းက ခရမ်းချဉ်သီး အနှစ်ကို ဆန်ခါတိုက်ပြီး အုတ်ဂျုံကို ကြိတ်ထားတဲ့အမှုန့်နဲ့ ရောပြီး အနှစ်လုပ်ပါ။ ပြီးရင် မျက်နှာပေါ် လိမ်းပေးပြီး မိနစ် ၂၀ ကြာရင် မျက်နှာသစ်ချပါ။ ဂျုံမထည့်လည်း အနှစ်ထဲကို ပျားရည် အနည်းငယ်ထည့်ပြီးလည်း သုံးနိုင်ပါတယ်။

ရွှံ့စေးပေါင်းတင်နည်း

clay mask တွေက ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံတို့အတွက် အရမ်းကို ထိရောက်ပါတယ်။ ဒီ Mask တွေက ခြောက်သွေ့စေပြီး အဆီတွေကို စုပ်ယူပေးပါတယ်။ ရွှံ့စေးက သန့်စင်စေပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်လို့ ချွေးပေါက်ကို ပွင့်စေပါတယ်။ ဒါပေမယ့် ကြာရင် နီရဲရောင်ရမ်းမှုတွေ ဖြစ်လာစေနိုင်လို့ မျက်နှာမှာ သိပ်အကြာကြီးထားလို့မရပါဘူး။ ခြောက်တာနဲ့ မျက်နှာသစ်ချပါ။

နနွင်းနဲ့စန္ဒကူး

နနွင်းက အရေပြားပေါ်က အဆီပိုတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ပြီး ဝက်ခြံ ဖြစ်လာစေနိုင်တဲ့ ဘက်တီးရီးယားတွေကို တားဆီးပေးနိုင်ပါတယ်။စန္ဒကူးကလည်း အသားအရေအတွက် ကောင်းပါတယ်။ နနွင်းနဲ့ စန္ဒကူးအမှုန့်ကို ဇွန်းတစ်ဝက်စီ ရောစပ်ပါ။ ရေနည်းနည်းထည့်ပြီး အနှစ်ဖြစ်ရင် အသားအရေမှာ လိမ်းပေးပါ။ ခြောက်သွားရင် မျက်နှာသစ်လို့ ရပါပြီ။

တမာ ပေါင်းတင်နည်း

တမာရွက်က ဆေးဖက်ဝင် အကျိုးကျေးဇူးတွေများသလို အရေပြား ရောင်ရမ်းမှုနဲ့ ယားယံခြင်းတို့ကို သက်သာစေပါတယ်။ ဒါ့ကြောင့် ချိုးမယ့်ရေနွေးထဲမှာ တမာရွက်နည်းနည်းထည့်ခတ်ပြီး ချိုးရင်လည်း တစ်ကိုယ်လုံးကို သန့်ရှင်းစေပြီး အညစ်အကြေးတွေ ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

မျက်နှာ အသားအရေအတွက်ကတော့ တမာရွက်အစိမ်းကို အနှစ်ထောင်း/ကြိတ်ပါ။ ရေနဲ့နနွင်းမှုန့် အနည်းငယ် ရောပြီးမွှေပါ။ သန့်စင်ထားတဲ့ မျက်နှာမှာ လိမ်းပေးပြီး ၁၀ မိနစ်- ၁၅ မိနစ်လောက် ထားပေးပါ။ ရေအေးနဲ့ မျက်နှာသစ်ပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top