နှလုံးကျန်းမာရေးအတွက် အိပ်ငိုက်တတ်ပါစေ

yyl-024-1.jpg

အိပ်မငိုက်ဖူးတဲ့သူကိုရှာဖို့ဆိုတာ ကောက်ရိုးပုံထဲမှာ အပ်ရှာရတာနည်းတူ ခက်ခဲလွန်းနေပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့က အလုပ်ထဲမှာဆိုရင် အိပ်မငိုက်မိအောင် ကိုယ့်ဘာသာပိတ်ပင်ထိန်းချုပ်ထားတတ်ကြပါတယ်။ ဒါ့အပြင် ဒီလိုအပြုအမူဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေပဲလုပ်သင့်တဲ့၊ မိုးသည်းတဲ့တနင်္ဂနွေတစ်ရက် သို့ အားလပ်ရက်ရှည်အချိန်တွေမှာပဲ လုပ်သင့်တဲ့အမူအကျင့်လို့တွေးထားကြပြန်ပါတယ်။ ဒါပေမဲ့ နှလုံးဆေးပညာဂျာနယ်တစ်စောင်မှာဖော်ပြလိုက်တဲ့ အိပ်ငိုက်တတ်ခြင်းနဲ့ နှလုံးဝေဒနာတွေဆက်စပ်နေကြောင်း လေ့လာတွေ့ရှိမှုတစ်ခုက အိပ်ငိုက်သင့် မငိုက်သင့်ကို ပြန်တွေးစရာ ဖြစ်လာစေခဲ့ပါတယ်။

အိပ်ငိုက်တာက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိစေသလဲ

သုတေသီတွေက အသက် (၃၅-၇၀) ရှိ လူဦးရေ (၃၀၀၀) ကို အိပ်ငိုက်တဲ့အကြိမ်ရေ၊ အိပ်ငိုက်တဲ့အချိန်ပမာဏနဲ့ သွေးလှည့်ပတ်မှုစနစ်အကြားဆက်စပ်နေမှုကို သရုပ်ခွဲလေ့လာပြီး (၅) နှစ်တိုင်အောင် အချက်အလက်တွေစုဆောင်းခဲ့ကြပါတယ်။

ရလဒ်တွေကိုပြန်သုံးသပ်ရာမှာ (၅၈%) က အိပ်မငိုက်တတ် (အိပ်ငိုက်ခဲ) တာကိုတွေ့ရပြီး တစ်ပတ်ကို ၁-၂ ကြိမ် အိပ်ငိုက်တတ်သူတွေဟာ သွေးလှည့်ပတ်မှုနဲ့ သက်ဆိုင်တဲ့ဝေဒနာ (နှလုံးဆိုင်ရာဝေဒနာ) ခံစားရနိုင်ချေ (၄၈%) ထိ လျော့ကျသွားကြောင်းတွေ့ရပါတယ်။ တစ်ပတ်ကို ၇ ကြိမ်လောက်ငိုက်တတ်သူတွေက အသက်ပိုကြီးသူနဲ့ အမျိုးသားတွေဖြစ်ပြီး ကိုယ်အလေးချိန်ပိုများသူတွေ၊ ဆေးလိပ်သောက်သုံးမှုပိုများသူတွေဖြစ်ကြပါတယ်။ သူတို့ကတော့ နှလုံးဆိုင်ရာဝေဒနာခံစားရနိုင်ချေ (၆၇%) ထိလျော့နည်းသွားကြတာဖြစ်ပါတယ်။

အိပ်ငိုက်တာက နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်လား

သုတေသီတွေက အိပ်ငိုက်တတ်သူတွေကိုလေ့လာရာမှာ သူတို့ရဲ့ အသက်အပိုင်းအခြား၊ ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ တစ်ညတာအိပ်စက်ချိန်ပမာဏ စတဲ့အချက်တွေကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။ စိတ်ဝင်စားစရာက ဒီအချက်အလက်တွေထည့်သွင်းတွက်ချက်မှုမပြုတဲ့အခါမှာလည်း နှလုံးဝေဒနာခံစားရနိုင်ချေလျော့ပါးမှုနှုန်းက ပြောင်းလဲမသွားတာပါ။ ဒါကြောင့်ပဲ အိပ်ငိုက်ခြင်းဟာ သွေးလှည့်ပတ်မှုစနစ်ကို ကျိန်းသေကောင်းကျိုးပြုနေကြောင်း သူတို့က ကောက်ချက်ချခဲ့ကြတာဖြစ်ပါတယ်။

အိပ်ငိုက်ခြင်းက နှလုံးဝေဒနာတွေကို တိုက်ရိုက်ကြီးအထောက်အကူပြုတာမဟုတ်ပေမဲ့ အိပ်ငိုက်ခြင်းဖြစ်စဉ်ရဲ့ ကြာချိန်နဲ့ အကြိမ်ရေကိုလိုက်ပြီး အကျိုးကျေးဇူးရနိုင်တာကတော့ သေချာတဲ့ဆက်စပ်မှုလို့ လေ့လာမှုစာတမ်းမှာဖော်ပြထားပါတယ်။

အိပ်ငိုက်ခြင်းကိုလေ့လာမှုဟာ တစ်ကိုယ်ရည်တိုင်းတာမှုအချက်အလက်တွေပေါ်မှာ အတော်လေးမူတည်နေတာကြောင့် စိန်ခေါ်မှုတွေရှိနေကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနစာတမ်းရေးသားသူတွေကဆိုထားပြီး “အဖြေတွေထက်မေးခွန်းထုတ်စရာတွေရှိနေသေးပေမဲ့ နှလုံးကျန်းမာရေးကိုအထောက်အကူပြုနေတဲ့ အိပ်ငိုက်ခြင်းရဲ့ အစွမ်းကို ဖော်ထုတ်ပြချိန်ကျပါပြီ”လို့လည်း ရေးသားဖော်ပြထားပါတယ်။

Ref: mbgHealth “Napping This Much May Help You Fend Off Heart Disease”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top