ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရတဲ့ သက်ကြီးရွယ်အိုစုံတွဲ ပြန်လည်ကောင်းမွန်လာ

yyl-016-8.jpg

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ကမ္ဘာတစ်ဝှမ်းကလူတွေ စိုးရိမ်နေကြရပါတယ်။ အခုပြောပြပေးမယ့် သတင်းကတော့ အဲဒီလူတွေအတွက်လည်း ဝမ်းသာစရာသတင်း ဖြစ်မယ်လို့ထင်ပါတယ်။ တရုတ်နိုင်ငံရဲ့ဟူနန်ပြည်နယ်က သက်ကြီးရွယ်အို စုံတွဲတစ်တွဲဖြစ်တဲ့ ယွမ်ချိုင်ဟွာ (၇၅နှစ်) နဲ့ ရှဲ့ဘိုယုံ (၇၉နှစ်) တို့က ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရတာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ သိရပါတယ်။ ဒီဝမ်းသာစရာသတင်းကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ Chinese State Media က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယွမ် နဲ့ ရှဲတို့က ဝူဟန်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ဇန်နဝါရီလ တရုတ်နှစ်သစ်ကူးအချိန်အခါမှာ ဆွေမျိုးတွေဆီသွားလည်ဖို့အတွက် ဟူနန်ပြည်နယ်ရဲ့ ချန်ရှီစီရင်စုက မွေးရပ်မြေကို ပြန်လာခဲ့တာပါ။ ဇန်နဝါရီ ၂၄ ရက်နေ့မှာ သူတို့နှစ်ယောက်လုံးက ဒေသတွင်းဆေးရုံ The First Affiliated Hospital of Hunan University of Medicine မှာ ကုသမှုခံယူခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။

(၃) ရက်အကြာမှာ ရှဲရဲ့အခြေအနေက ဆိုးရွားလာခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ထားခဲ့ရပါတယ်။ ယွမ်ကိုလည်း ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အထူးကြပ်မတ်ကုသဆောင်မှာ ထားခဲ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကုသဆောင်တွေက အနီးနားမှာပါပဲ။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ဆေးဝန်ထမ်းတွေရဲ့အကူအညီနဲ့ Video Call ကနေတဆင့်သာ အချင်းချင်းမြင်တွေ့ပြီး စကားပြောရတာဖြစ်ပါတယ်။

Video Call ကနေတဆင့်က ရှဲက ယွမ်ကို သူ တော်တော်လေး ပြန်ကောင်းမွန်လာပြီလို့ ပြောခဲ့သလို ယွမ်ကလည်း “ရှင် ကောင်းကောင်းအနားယူရမယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကျွန်မတို့ရဲ့ ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်ရမယ်” လို့ ပြောခဲ့ပါတယ်။ ယွမ်နဲ့ရှဲ တို့နှစ်ဦးလုံးကို ရောဂါအရမ်းပြင်းထန်နေပြီလို့ ထင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်က နောက်ဆုံးမှာ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

ရှဲက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရတာကနေ ပထမဆုံး ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဆေးရုံကနေ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆင်းသွားခဲ့ပါတယ်။ ယွမ်ကလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကင်းစင်သွားခဲ့ပြီး အခြားကျန်းမာရေးအခြေအနေတွေကို ဆက်လက်ကုသဖို့အတွက် ချန်ရှီစီရင်စုက နောက်ထပ်ဆေးရုံကို ရွေ့ပြောင်းပေးခဲ့ပါတယ်။ ရှဲက ကုသဆောင်မှာ ယွမ်ကို ပန်းစည်းနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး ထွေးပွေ့ခဲ့ပါသေးတယ်။ အခုဆို သူတို့နှစ်ယောက်က ခွဲခွာပြီး ဆေးကုသမှုခံယူခဲ့ရပြီးတဲ့နောက်မှာ နောက်ထပ် ဘယ်တော့မှာ ခွဲခွာရတော့မှာမဟုတ်ဘူးလို့ ယွမ်က ဆိုပါတယ်။

Ref: Coronavirus: Elderly Wuhan couple recovers, says 16-day hospitalisation is their longest time apart

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top