စူပါတိုင်ဖွန်းမုန်တိုင်း ယာဂျီကြောင့် ဗီယက်နမ်နိုင်ငံမှာ အနည်းဆုံး လူလေးဦး သေဆုံး

9.9.2024-yyl-1.jpg

ဒီနှစ်အတွင်း အာရှတိုက်ကို ဝင်ရောက်ခဲ့သမျှထဲမှာ အင်အားအပြင်းဆုံးဖြစ်တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ယာဂျီကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ အနည်းဆုံး လူလေးဦး သေဆုံးခဲ့ပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း ယာဂျီဟာ ပြီးခဲ့တဲ့ စနေနေ့နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟိုင်ဖွန်နဲ့ ကွမ်နင်ပြည်နယ်တွေကို ဝင်ရောက်ခဲ့ပြီး တစ်နာရီ ၁၂၆ မိုင် လေတိုက်နှုန်း ရှိခဲ့တယ်လို့ အင်ဒို-ပစိဖိတ်အပူပိုင်းမုန်တိုင်းသတိပေးစင်တာက ထုတ်ပြန်ထားပါတယ်။

လေပြင်းတိုက်ခတ်မှုနဲ့ ဝဲပျံနေတဲ့ အပျက်အစီး အပိုင်းအစတွေကြောင့် အဆောက်အအုံတွေ၊ အိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်လဲကျမှုတွေကြောင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကွမ်နင်ပြည်နည်မှာ လူသုံးဦး သေဆုံးခဲ့ပြီး ဟနွိုင်းမြို့အနီးက ဟိုင်ဒေါင်မြို့မှာ လူတစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဒေသမှာ ထိခိုက်ဒဏ်ရာရသူ ၇၈ ဦးအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်မှာလည်း ငါးဖမ်းသမား တစ်ဒါဇင် ပျောက်ဆုံးလျက် ရှိပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကလည်း တရုတ်နိုင်ငံရဲ့ ဟာဝိုင်အီကျွန်းလို့ တင်စားကြတဲ့ ဟိုင်နန်ကျွန်းကို ယာဂျီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ယာဂျီမုန်တိုင်းကြောင့် တရုတ်နိုင်ငံမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Ref: Yagi kills 4 in Vietnam after casualties in China, Philippines
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top