COVID-19 အပါအဝင် ကပ်ရောဂါ (၂) ခုကို တွန်းလှန်နိုင်ခဲ့သူ အသက် (၁၀၁) နှစ်အဘွားအို

29-4-2020-yyl-012.jpg

အသက် (၁၀၁) နှစ်ရှိပြီဖြစ်တဲ့ အိန်ဂျယ်လီနာ ဖရက်တ်မန်း ဆိုသူ အဘွားဟာ ကင်ဆာရောဂါ၊ သားလျှောတာတွေလို ကျန်းမာရေးအခြေအနေတွေကနေ ကျော်လွှားနိုင်ခဲ့တဲ့အပြင် ကပ်ရောဂါကြီး (၂) ခုကနေလည်း အသက်ရှင်လွှတ်မြောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ စပိန်တုပ်ကွေး (1918 influenza pandemic) ကို တွန်းလှန်ပြီး အသက် (၁၀၀) ကျော်နေထိုင်ခဲ့ပြီးတဲ့နောက် အဘွားက ကိုရိုနာဗိုင်းရပ်စ်ကိုလည်း တွန်းလှန်နိုင်ခဲ့ပါတယ်။ နယူးယောက်မြို့က အဘွားနေထိုင်ရာ ဘိုးဘွားရိပ်သာရဲ့ အုပ်ချုပ်သူက အဘွားရဲ့အကြောင်းကို ပြောပြခဲ့ပြီး ဘယ်မှမဖြစ်ခဲ့တဲ့အတွက် သူ့ဘဝကို ဂုဏ်ယူပေးနေတာဖြစ်ပါတယ်။ “အသက် (၁၀၁) နှစ်အရွယ်မှာ ဒီရောဂါကို တွန်းလှန်နိုင်ရင် ကမ္ဘာကြီးဟာ ဘယ်လောက်မျှော်လင့်ချက်ရှိနေပြီလဲဆိုတာ ပြနေတာပါ” လို့ ဘိုးဘွားရိပ်သာက အမ်မီ အယ်လ်ဘာက ပြောပါတယ်။

အဘွားအိန်ဂျယ်လီနာရဲ့သမီး ဂျိုအာနီ မယ်ရိုလာကလည်း သူ့ရဲ့အမေက ဘေးအန္တရာယ်တွေကနေ ကျော်လွှားနိုင်သူလို့ဆိုပါတယ်။ သူ့အဖေနဲ့အမေက တစ်ချိန်တည်းမှာ ကင်ဆာရောဂါခံစားခဲ့ရပြီး အဖေက သေဆုံးသွားခဲ့ပေမဲ့ အမေ အိန်ဂျယ်လီနာက မသေဆုံးခဲ့ဘူးလို့ ပြောပါတယ်။ ၁၉၁၈ ခုနှစ်မှာ အဘွားအိန်ဂျယ်လီနာက အီတလီကနေ နယူးယောက်မြို့ကို ပို့ဆောင်ပေးနေတဲ့ရွှေ့ပြောင်းအလုပ်သမားတွေပါတဲ့ သင်္ဘောပေါ်မှာ မွေးဖွားခဲ့တာပါ။ အဲဒီအချိန်က စပိန်တုပ်ကွေးဖြစ်နေတာပါ။ ကလေးကို အဲဒီရောဂါကူးစက်ခံခဲ့ရတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ သူ့မိခင်ကတော့ ကလေးမွေးပြီးပြီးချင်း သေဆုံးခဲ့ပါတယ်။ သူ့ရဲ့အစ်မနှစ်ယောက်က နယူးယောက်မှာ သူ့ဖခင်နဲ့ ပြန်လည်ဆုံစည်းနိုင်တဲ့အထိ သူ အသက်ဘေးကနေ လွှတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။ အဘွားအိန်ဂျယ်လီနာက သားသမီး (၁၁) ယောက်ထဲက တစ်ယောက်ဖြစ်ပြီး နောက်ဆုံးအသက်ရှင်နိုင်ခဲ့သူဖြစ်ပါတယ်။

အခုတော့ အဘွားက ဘိုးဘွားရိပ်သာမှာ နောက်ထပ်ကပ်ရောဂါကို တွန်းလှန်နိုင်ခဲ့ပါတယ်။ အဘွားအိန်ဂျယ်လီနာက ဆေးရုံကို ဆေးစစ်ဖို့သွားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ သူ့ကို သီးသန့်အခန်းမှာ ထားခဲ့ကာ အဖျားတက်လိုက် ကျလိုက်ဖြစ်နေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ရက်တော်တော်ကြာကြာ တွန်းလှန်ပြီးနောက် ဧပြီလ ၂၁ ရက်နေ့မှာ ရောဂါပိုးမရှိတော့ဘူးလို့ သိရပါတယ်။ သူနာပြုတွေက အဘွားအိန်ဂျယ်လီနာက ကောင်းကောင်းစား၊ ကောင်းကောင်းနေနိုင်နေပြီလို့ မယ်ရိုလာကို ခေါ်ပြောပါတယ်။

အဘွားအိန်ဂျယ်လီနာက ချည်ထိုးသူဖြစ်ပြီး ပစ္စည်းအမျိုးမျိုးလုပ်ပြီး ဘိုးဘွားရိပ်သာ လာလည်တဲ့သူတွေကိုပေးတတ်ပါတယ်။ ဘိုးဘွားရိပ်သာဝန်ထမ်းတွေက အဘွားရဲ့ ၁၀၁ နှစ်ပြည့်မွေးနေ့ပွဲပါတီကို ကျင်းပပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အဘွားဟာ Prom Queen ကပွဲဘုရင်မသရဖူတောင် ဆောင်းခဲ့ပါသေးတယ်။ အဘွားက သွက်လက်ချက်ချာပြီး သူ့ရဲ့အသက်အရွယ်ကို လူတွေက မယုံကြည်နိုင်အောင်ပါပဲ။ မယ်ရိုလာက ခါးနာနေတာကြောင့် ဖေဖော်ဝါရီကတည်းကသူ့အမေဆီကို လာမလည်နိုင်ခဲ့ပါဘူး။ အဘွားအန်ဂျယ်လီနာက နားလေးတဲ့အတွက် ဖုန်းကနေတဆင့် စကားပြောလို့လည်းမရပါဘူး။

ဘိုးဘွားရိပ်သာက လူနာတွေကို သူ့မိသားစုနဲ့ အဆက်အသွယ်မပြတ်စေမဲ့ နည်းလမ်းကို စီစဉ်နေတယ်လို့ အမ်မီ အယ်လ်ဘာဆိုပါတယ်။

Ref: Meet the 101-year-old who was born on a ship during the 1918 flu pandemic and just beat coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top