ဂျပန်ဒဿနပညာမှာ “ ကိုင်ဇန် (Kaizen) “ ဆိုတဲ့ စကားလုံး ရှိပါတယ်။ ကိုင် (Kai) ဆိုတာက အပြောင်းအလဲ (change) ဖြစ်ပြီး ဇန် (Zen) ဆိုတာက “ကောင်းသော (good)” လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီတော့ ကောင်းသောအပြောင်းအလဲပေါ့။ ဒီသဘောတရားရဲ့ အခြေခံကတော့ အရေးပါတဲ့အပြောင်းအလဲတွေကို အချိန်ယူပြီး တိတိကျကျအကောင်အထည်ဖော်တာပဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ တိုယိုတာကုမ္ပဏီဟာ ကိုင်ဇန်ဆိုတဲ့သဘောတရားကို ကားထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးချခဲ့တာကလို့ ကိုင်ဇန်အယူအဆဟာ ပိုမိုတွင်ကျယ်လာပါတယ်။ ၁၉၅၀ ကစလို့ စီးပွားရေးလုပ်ငန်းတွေဟာ ပန်းတိုင်အသေးလေးတွေထား၊ အဲဒီ ပန်းတိုင်တွေဆီရောက်အောင် ဖြည်းဖြည်းချင်းသွား၊ ပန်းတိုင်အသစ်တွေ ဆက်သတ်မှတ်၊ အဲဒီကိုဆက်သွားဆိုတဲ့ “ကိုင်ဇန်” သဘောတရားကို ထိထိရောက်ရောက် အသုံးပြုလာကြပါတယ်။
ဒီနည်းကို လုပ်ငန်းနယ်ပယ်တွေမှာသာမက တစ်ကိုယ်ရည်စီမံခန့်ခွဲမှုတွေမှာပါ သုံးလာကြပါတယ်။ ဥပမာ- ဘာသာစကားလေ့လာရာမှာဆိုရင် ဒီနေ့ကို ဝေါဟာရဘယ်နှစ်လုံးလေ့လာမယ်၊ စကားလုံးနည်းရင်နည်းပါစေ၊ လေ့လာသလောက်ကိုတော့ သေသေချာချာသိအောင်သင်ယူသွားမယ်ဆိုတာမျိုး ဆုံးဖြတ်ချက်ထားရမှာ ဖြစ်ပါတယ်။ စိတ်ကူးပေါက်ရင်ထလုပ်လိုက်ပြီး ကျန်တဲ့အချိန်တွေမှာ အေးရာအေးကြောင်းနေတတ်တာမျိုးဟာ နည်းလမ်းကျနတဲ့အပြုအမူမဟုတ်ပါဘူး။
အလားတူပါပဲ။ အချိန်တိုအတွင်း အကြီးအကျယ်ပြောင်းလဲသွားမယ်လို့ မျှော်လင့်တာကလည်း လက်တွေ့မဆန်ပါဘူး။ မြန်မာစကားမှာ “ အလှမ်းကျယ်၊ အလယ်လပ်” ဆိုတဲ့ စကားရှိပါတယ်။ မျှော်မှန်းချက် အကြီးကြီးတွေ ချမှတ်စိတ်ကူးထားမိရင် တကယ်မဖြစ်လာနိုင်တဲ့အခါမှာ ပိုစိတ်ဓာတ်ကျရ၊ စိတ်ပျက်ရတတ်ပါတယ်။ လက်တွေ့ဆန်တဲ့၊ တကယ်ဖြစ်နိုင်လုပ်နိုင်တဲ့ ပန်းတိုင်ငယ်လေးတွေနဲ့ တစ်ဆင့်ချင်း “ဖြည်းဖြည်းမှန်မှန် “ ပြောင်းလဲယူတာကသာ အကောင်းဆုံးရလဒ်ကို အတိအကျပေးနိုင်မှာ ဖြစ်ပါကြောင်းအကြံပြုလိုက်ပါတယ်။
Team (ရိုးရာလေး)