လန်ချားသမားဘဝကနေ ဘီလျံနာဖြစ်လာပြီး ပိုင်ဆိုင်သမျှအားလုံး လှူဒါန်းခဲ့သူ

china.jpg

” ကိုယ်တိုင်က ဆင်းရဲခဲ့ဖူးလို့ ဆင်းရဲသားတွေရဲ့ ဒုက္ခကို နားလည်တယ် ”

ယုဖုန်းနန်ရဲ့ငယ်ဘဝက အလွန်ဆင်းရဲခဲ့တယ်။ ၁၉၂၂ ခုနှစ်မှာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မှာ သူ့ကို မွေးဖွားခဲ့တာပါ။ ဆေးရုံ မသွားနိုင်လို့ လမ်းဘေးမှာတင် အသက်ဆုံးရှုံးနေရတဲ့ လူနာတွေကို ကြည့်ပြီး သူ ဆုံးဖြတ်ချက်တစ်ခု ချတယ်။ ” တနေ့ သူ ချမ်းသာလာရင် ဆင်းရဲနွမ်းပါးသူတွေအတွက် လူနာတင်ကား ဝယ်ပေးမယ်”လို့။

အသက် ၂၃ နှစ်အရွယ်မှာ ယုဖုန်းနန်က ရှန်ဟိုင်းမှာ လန်ချားဆွဲရင်း အသက်မွေးရတယ်။ အရင်းနည်းတဲ့ တိုလီမုတ်စ ပစ္စည်းလေးတွေ ရောင်းတယ်။ ဝမ်းရေးဖြေရှင်းနိုင်ဖို့ ငွေရတဲ့အလုပ်မှန်သမျှ လုပ်တယ်။ ၁၉၅၃ ခုနှစ်ရောက်တော့ ကွန်မြူနစ်ပါတီက ယုဖုန်းနန်ကို မြေပိုင်ရှင် လူချမ်းသာမိသားစုက မွေးဖွားလာသူလို့ စွပ်စွဲပြီး အန်းဟွေးပြည်နယ်က အလုပ်ကြမ်းစခန်းကို ပို့လိုက်တယ်။ ၄ နှစ်အကြာမှာ ပြန်လွတ်လာတော့ သူက ဟောင်ကောင်ကို ပြောင်းသွားတယ်။

ငွေ မရှိ၊ အဆက်အသွယ် မရှိ၊ ကန်တုံစကားရော၊ အင်္ဂလိပ်စကားရော မပြောတတ်တော့ ဒုက္ခရောက်တယ်။ သူ့အတွက် လုပ်စရာအလုပ်ဆိုလို့ အိမ်သာဆေးတဲ့ အလုပ်ပဲ ရှိတယ်။ တစ်နေ့ကို ၁၀ နာရီ အလုပ်လုပ်ရတယ်။ ရသမျှပိုက်ဆံကို စုဆောင်းတယ်။ နောက်တော့ ယုဖုန်းနန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ရောက်သွားတယ်။ သူ့သူဌေးနဲ့အတူ ထိုင်ဝမ်ကို လိုက်သွားပြီး အိမ်ခြံမြေလုပ်ငန်း လေ့လာတယ်။ အရောင်း၊ အဝယ် ဘယ်လို လုပ်တယ်၊ စာချုပ်တွေ ဘယ်လိုချုပ်တယ်၊ အရင်းမလိုဘဲ ငွေ ဘယ်လိုရှာသလဲဆိုတာတွေကို မှတ်သား သင်ယူခဲ့တယ်။

၁၉၇၃ ခုနှစ်မှာတော့ စတော့ဈေးကွက် ပြိုလဲမှုနဲ့အတူ သူ ပိုင်ဆိုင်သမျှအားလုံး နေ့ချင်းညချင်း ဆုံးရှုံးသွားတယ်။ အသက် ၅၀ ကျော်အရွယ်ကျမှ ဘဝကို သုညကနေ ပြန်စရတယ်။ ဒီအခြေအနေမှာ လူတော်တော်များများ ဘဝကို ရေစုန်မျှောလိုက်ဖို့ များပေမဲ့ ယုဖုန်းနန်ကတော့ လက်မလျှော့ဘူး။ အခွင့်အရေးကို ရှာဖွေခဲ့တယ်။

၁၉၇၄ ခုနှစ်မှာတော့ ဟောင်ကောင်ရဲ့ ကော့လွန်းတုံရပ်ကွက်မှာရှိတဲ့ ဘရုစ်လီရဲ့နေအိမ်ဟောင်းကို ဝယ်ပြီး အချိန်ပိုင်းတည်းခိုနိုင်တဲ့ ဟိုတယ်အဖြစ် ပြောင်းလဲလိုက်တယ်။ သူ့အကြံက ထူးခြားဆန်းပြားမနေပေမဲ့ အမြတ်တော့ တော်တော်ရတယ်။ နောက်တော့ ယုဖုန်းနန်က အိမ်ခြံမြေလုပ်ငန်း ထူထောင်လိုက်တယ်။ ၁၉၈၀ ပြည့်နှစ်ရောက်တော့ တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ စီးပွားရေး တိုးတက်နေတဲ့ ရှန်ကျန်းမြို့ကို ပြောင်းရွှေ့ပြီး ဟိုတယ်တွေ ဆောက်တယ်၊ အိမ်ခြံမြေတွေ ဝယ်ရောင်းလုပ်တယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ သူ့ရဲ့ရုံးချုပ်၊ သူ့ရဲ့ နေအိမ်ဖြစ်လာမယ့် ၅၇ ထပ်ပါ ရှန်ကျန်းပန်းလင်ဟိုတယ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ယုဖုန်းနန်ဟာ ကွမ်တုံပြည်နယ်ရဲ့ အချမ်းသာဆုံးစာရင်း ဝင်ခဲ့ပြီး သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးက ယွမ် ၈.၂ ဘီလျံ ( ဒေါ်လာ ၁.၂ ဘီလျံ)ထိ ရှိလာခဲ့ပါတယ်။ ဘဝမမေ့တဲ့ ယုဖုန်းနန်ဟာ ငယ်ဘဝတုန်းက သူ ထားရှိခဲ့တဲ့ ကတိကိုလည်း မမေ့ခဲ့ပါဘူး။ သူဟာ မျက်စိအတွင်းတိမ်ခွဲစိတ်မှု ခံယူရင်း တရုတ်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အတွင်းတိမ် ခံစားနေရသူ ၄ သိန်းလောက် ရှိနေပြီး အများစုက ဆင်းရဲနွမ်းပါးတဲ့ ဒေသမှာ နေထိုင်ကြသူတွေဖြစ်လို့ ခွဲစိတ်ကုသမှုစရိတ် မတတ်နိုင်ရှာတာကိုလည်း သူ သိလိုက်ရပါတယ်။ ဒေါ်လာနဲ့တွက်ရင် ရာဂဏန်းလောက်ရှိတာမို့ ငွေကြေး မတတ်နိုင်လို့ အမြင်အာရုံ ဆုံးရှုံးနေရသူတွေအတွက် တစ်ခုခုလုပ်ပေးဖို့ သူ ဆုံးဖြတ်လိုက်တယ်။

သူက ယုဖုန်းနန် ဖောင်ဒေးရှင်း တည်ထောင်ပြီး တရုတ်နိုင်ငံတဝန်း အတွင်းတိမ်ခွဲစိတ်ကုသမှုတွေလုပ်ပေးဖို့ ရန်ပုံငွေ မတည်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်အထိ သူ့ရဲ့ဖောင်ဒေးရှင်းကနေ မျက်စိအတွင်းတိမ် ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့တဲ့ လူနာပေါင်း ၁ သိန်းခွဲကျော် ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ ယုဖုန်းနန်ဖောင်ဒေးရှင်းက ပညာရေးကဏ္ဍအတွက်ပါ Project Hope ကျောင်းတွေ တည်ထောင်ပေးခဲ့ပါတယ်။ ဝေးလံခေါင်သီတဲ့ အရပ်ဒေသမှ ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ပါ။ ဒါ့အပြင် တရုတ်နိုင်ငံတစ်ဝန်းက တက္ကသိုလ် ၂၀ ကျော်မှာ ပညာသင်ဆုတွေ ပေးအပ်ခဲ့တယ်။

၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ်မှာ လူပေါင်း ၇၀၀၀၀ နီးပါး သေဆုံးခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဖို့လည်း ငွေကြေးအများအပြား ပေးအပ်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် ဧပြီလမှာတော့ တရုတ်နိုင်ငံ စီးပွားရေးလောကမှာ အံ့အားသင့်သွားစေတဲ့ ကြေညာချက်ကို ယုဖုန်းနန်က ကြေညာခဲ့တယ်။ သူ ပိုင်ဆိုင်သမျှ ယွမ် ၃.၂ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၄၇၀ နီးပါး)ကို ယုဖုန်းနန် ဖောင်ဒေးရှင်းအတွက် ပေးအပ်လိုက်ပြီဆိုတာပါပဲ။ သူ ကွယ်လွန်သွားမှ ပေးအပ်တာမျိုးမဟုတ်ဘဲ သူ သက်ရှိထင်ရှား ရှိနေချိန် ချက်ချင်းလက်ငင်းပဲ ပေးအပ်လိုက်တာပါ။

” ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးလှူဒါန်းမှုပါပဲ။ ကျွန်တော့်မှာ လှူစရာ ဘာမှ မကျန်တော့ပါဘူး”လို့ ယုဖုန်းနန်က ဆိုပါတယ်။ သူဟာ သူ့ဘဝတစ်လျှောက်လုံးမှာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံအထိ လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံမှာ ဒေါ်လာ ၁ ဘီလျံကျော် လှူဒါန်းခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ယုဖုန်းနန်မှာ သားနှစ်ယောက် ရှိပြီး သူ့သားတွေအတွက် အမွေချန်ရစ်ခဲ့ခြင်းမရှိပါဘူး။ ” ကျွန်တော့်သားတွေက ကျွန်တော့်ထက် ပိုတော်ရင် သူတို့အတွက် ငွေကြေး ချန်ရစ်ခဲ့စရာ မလိုပါဘူး။ တကယ်လို့ သူတို့က ညံ့နေရင်တော့ ငွေအများအပြား ချန်ထားတာ သူတို့အတွက် အန္တရာယ်များပါတယ်”လို့ ယုဖုန်းနန်က ပြောပါတယ်။ သူဟာ ၂၀၁၅ ခုနှစ် မေလ ၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ် အရွယ်ရှိပါပြီ။

Ref: Yu Pengnian

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top