ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်… သမ္မတနိုင်ငံ ဖြစ်လာပြီမို့ သမ္မတနိုင်ငံရယ်လို့ ခေါင်းစဉ်တပ်လိုက်ပါပြီ။ သို့သော် ပြည်ထောင်စုက ဘာများပါလိမ့်?
ပြည်ထောင်တွေ အားလုံးကို စုထားတာမို့ ပြည်ထောင်စုရယ်လို့ အမည်တွင်ပါတယ်။ ဟိုးအရင် မြန်မာတို့ရဲ့ သမိုင်းအစမှာတည်းက သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေတဲ့ မြို့ပြနိုင်ငံလေးတွေကို ပေါင်းစုလို့ နိုင်ငံတော်ကြီး ထူထောင်ခဲ့တာဆိုရင် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ကနေ စလို့ ခုလက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ခေတ်ကို ရောက်သည်ထိပါပဲ.. ကွဲလိုက်၊ စုလိုက်ဆိုတာဟာ နိုင်ငံတိုင်း လိုလိုရဲ့ ပြဿနာမို့ မထူးခြားပေမယ့် ဒီနိုင်ငံမှာမှ ဘာအတွက်ကြောင့် ပြည်ထောင်စုနေ့ (Union Day) ရယ်လို့ ရှိနေရတာပါလဲ?
ငယ်ငယ်လေးကတည်းက သိလာပြီးသား ဇာတ်ကြောင်းကို ပြန်ပြောပြရမယ်ဆိုရင်တော့လည်း မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်ပြီးတဲ့ အချိန်ကနေစလို့ ဗြိတိသျှ အစိုးရဟာ တိုင်းရင်းသားတွေကို ခွဲခြား အုပ်ချုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အုပ်ချုပ်ရေး ပရိယာယ်ကြောင့်ပဲ တိုင်းရင်းသားအချင်းချင်း သွေးကွဲခဲ့ရတယ်ဆိုပါတယ်။ ဒီမှာ ငြင်းခုံစရာ ရှိလာတာက သူတို့က တကယ်ပဲ သွေးခွဲ အုပ်ချုပ်ခဲ့တာလား။ မဖြစ်မနေ ဒီလိုနည်းနဲ့ အုပ်ချုပ်မှ ဖြစ်မှာမို့လို့ကို အုပ်ချုပ်ခဲ့တာလား ဆိုတာပါပဲ.. ပြည်မနဲ့ မတူခြင်းက တိုင်းရင်းသားတွေမှာလည်း လူမျိုးတစ်မျိုးချင်းစီအလိုက် အုပ်ချုပ်နည်းစနစ်တွေ ရှိနေတာပါပဲ။ ဥပမာ ပြရရင် ကချင်လူမျိုးတွေကို ဒူးဝါးတွေ အုပ်ချုပ်ပါတယ်။ ဒီလိုပဲ ရှမ်းလူမျိုးတွေကိုလည်း စော်ဘွားတွေ အုပ်ချုပ်ပါတယ်။ ဒူးဝါးတို့နဲ့ စော်ဘွားတို့ အုပ်ချုပ်ပုံချင်း မတူသလို ဘုရင်တွေနဲ့လည်း ဘယ်လိုမှ တူနိုင်မှာမဟုတ်ပါဘူး။ နေရာဒေသကိုလိုက်လို့ ဓလေ့ချင်းလည်း တူနိုင်မှာမဟုတ်သလို အကျင့်စရိုက် အတွေးအခေါ်ချင်းလည်း တူနိုင်မှာမဟုတ်လို့ တကူးတက၊ တမင်တကာကို ခွဲခြားပြီး အုပ်ချုပ်ခဲ့တာလားဆိုတာကတော့ စဉ်းစားစရာပါ။
ဒါပေမဲ့ ဘယ်သူ ဘယ်လိုအုပ်ချုပ်အုပ်ချုပ် ကိုယ့်လူမျိုး၊ ကိုယ့်သွေး၊ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ တိုင်းတစ်ပါးသား လူမျိုးခြားက အုပ်ချုပ်တာကိုတော့ ဘယ်လူမျိုးကမှ မလိုလားခဲ့ကြပါဘူး။ အားလုံးဟာ ကိုယ့်အစုနဲ့ကိုယ် လွတ်မြောက်ရာလမ်းကို ရှာဖွေနေကြသူချည်းပါ။ ဒီလို ကိုလိုနီနိုင်ငံအဖြစ်ကနေ လွတ်မြောက်ဖို့ နှစ် ၇၀လောက် ကြိုးစားကြတဲ့အခါမှာလည်း တောင်တန်းနဲ့ ပြည်မ ပေါင်းစည်းလို့ ကြိုးစားကြတယ်ဆိုတာ မရှိသလောက်ပါပဲ.. ကိုယ့်အစု၊ ကိုယ့်ဒေသနဲ့ကိုယ် ရရာလက်နက် စွဲကိုင်လို့ တော်လှန်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီလို အစုစုကွဲနေတဲ့ တိုင်းရင်းသားတွေက ဂျပန်တွေကို တော်လှန်ရာမှာတော့ လက်တွဲညီခဲ့ကြပါတယ်။ အားလုံးက အရေးကြီး သွေးနီးကြပြီး ဖက်ဆစ်ဂျပန်တွေကို လက်မခံဘဲ ပေါင်းစည်း တော်လှန်ခဲ့ကြပါတယ်။
ဂျပန်တွေလက်အောက်က လွတ်မြောက်ပြီး လုံးဝလွတ်လပ်ရေးအတွက် ဆက်ကြိုးပမ်းတဲ့ အခါမှာတော့ လွတ်လပ်ရေးဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်လေးကို ရေးရေး မြင်လာရပါတော့တယ်။ ဘာကြောင့် ရေးရေးပဲ မြင်နေရသေးတာလဲ? ဗြိတိသျှတွေက တောင်ပေါ်ဒေသကို လွတ်လပ်ရေး မပေးလိုသေးလို့ပါ။ ( ဒီမှာလည်း စဉ်းစားစရာ ထပ်ဖြစ်လာတာက အပေါ်မှာ ပြောခဲ့သလို မတူညီတဲ့ အုပ်ချုပ်ရေးတွေနဲ့ အုပ်ချုပ်ခဲ့တာကြောင့်များ သီးခြားစီပေးဖို့ အစီအစဉ်ဆွဲခဲ့တာလားဆိုတာပါပဲ.. )
၁၉၄၆ ဇန်နဝါရီလ ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံမှာ ကျင်းပခဲ့တဲ့ ဖဆပလညီလာခံမှာတော့ တိုင်းရင်းသားအားလုံး လက်တွဲပြီး လွတ်လပ်တဲ့ ပြည်ထောင်စုနိုင်ငံ ထူထောင်ကြတော့မယ်ရယ်လို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်အတိုင်း ဖြစ်လာနိုင်ဖို့ ကြိုးစားရင်း ၁၉၄၆ ဇန်နဝါရီမှာပဲ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း အလယ်ဗဟိုချက်မှာ ရှိတဲ့ ပင်လုံမြို့ကလေးမှာ ရှမ်းစော်ဘွားများ ညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကိုတော့ ရှမ်းစော်ဘွားတွေအပြင် သခင်နု၊ ဦးဘဂျမ်းနဲ့ မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။
၁၉၄၇ ဇန်နဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်နိုင်ငံကို သွားပြီး လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုခဲ့ပါတယ်။ လွတ်လပ်ရေးပေးတဲ့အခါမှာ တောင်တန်းဒေသရော၊ ပြည်မပါ တစ်ပြိုင်နက် လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြပါတယ်။ တောင်တန်းဒေသမပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိလို့ ဆိုရင်ပဲ ဗြိတိသျှဘက်က တောင်တန်းနဲ့ ပြည်မ အစေးမကပ်ကြသယောင် ဆိုပြန်ပါတယ်။ ပေါင်းစည်းဖို့ မလွယ်ကူတာကို သိထားတဲ့ ဗြိတိသျှတွေဟာ တောင်တန်းဒေသတွေက ပြည်မကြီးနဲ့ ပူးပေါင်းဖို့ သဘောတူရင်တော့ လွတ်လပ်ရေး တစ်ပြိုင်နက်ပေးမယ်လို့လည်း ကြွေးကြော်ခဲ့ပြန်ပါတယ်။ ဒီလို ပေါင်းစည်း၊ မစည်းဆိုတာကိုတော့ တိုင်းရင်းသားတွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါစေရယ်လို့ သဘောသက်ဝင်တဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ဝင်တွေကတော့ ၁၉၄၇ ဖေဖော်ဝါရီ ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၈ရက်မှာ ပင်လုံညီလာခံကို ကျင်းပလို့ ပြည်မ၊ တောင်တန်း ပူးပေါင်းရေး ဆွေးနွေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၁ရက်ညနေမှာတော့ ညီညွတ်မှုရရှိခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ရက် နံနက် ၁ဝနာရီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ယောက် ဟာ ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ တစ်ပြည်ထောင်လုံးမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့ ဒီ ဖေဖော်ဝါရီလ ၁၂ရက်နေ့ကို ပြည်ထောင်စုနေ့ရယ်လို့ သတ်မှတ်ခဲ့ကြပါတော့တယ်။ လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကတော့ …
ကချင်ကော်မတီ
(၁) ဆမားဒူးဝါး ဆင်ဝါးနောင် (မြစ်ကြီးနား)
(၂) ဇော်ရစ် (မြစ်ကြီးနား)
(၃) ဒိန်ရတန် (မြစ်ကြီးနား)
(၄) ဇော်လ (ဗန်းမော်) *
(၅) ဇော်လွန်း (ဗန်းမော်)
ချင်းကော်မတီ
(၆) လဘန်ဂရောင်း (ဗန်းမော်)
(၇) ဦးလွှာမှုန်း အေတီအမ်၊ အိုင်တီအက်စ်အမ်၊ (ဖလမ်း)
(၈) ဦးသော်ဇာခပ် အေတီအမ် (တီးတိန်)
ရှမ်းကော်မတီ
(၉) ဦးကွယ်မန်း အေတီအမ် (ဟားခါး)
(၁၀) ခွန်ပန်းစိန် တောင်ပိုင်း စဝ်ဖလုံ
(၁၁) စဝ်ရွှေသိုက် ညောင်ရွှေ စဝ်ဖလုံ
(၁၂) စဝ်ဟုံဖ မြောက်ပိုင်း သိန္နီ စပ်ဖလုံ
(၁၃) စဝ်နွံ လဲချား စဝ်ပ်ဖလုံ
(၁၄) စဝ်စံထွန်း မိုင်းပွန်စဝ်ဖလုံ
(၁၅) စဝ်ထန်းအေးသာ မိုင်းခမ်းစဝ်ဖလုံ
(၁၆) ဦးဖြူ သထုံစဝ်ဖလုံ၏ ကိုယ်စားလှယ်
(၁၇) ခွန်းဇုံး မြောက်ပိုင်း သိန္နီ
(၁၈) ဦးတင်ဧ
(၁၉) ဦးထွန်းမြင့်
(၂၀) ဦးကြာပု
(၂၁) ဦးခွန်စော
(၂၂) စဝ်ရစ်ဖ
(၂၃) ဦးခွန်ထီး မြန်မာအစိုးရ
(၂၄) ဗိုလ်ချုပ်အောင်ဆန်း (အောင်ဆန်းဟုသာ နာမည်ထိုးထား)
စာဖတ်သူတို့ မျက်စိမလျှမ်းဘူးဆိုရင်တော့ အပေါ်က ကချင်ကော်မတီဝင်တွေထဲမှာ ဇော်လ အမည်ပိုင်ရှင်ကို အမှတ်အသားလုပ်ထားတာ တွေ့ရမှာပါ။ ဘာကြောင့်ပါလိမ့်။ ထူးခြားတာ တစ်ခုခုရှိလို့နေမှာပေါ့ ဆိုရင် ဟုတ်ပါတယ်။ သူဟာ အတော်ထူးခြားပြီး နာမည်ကျော်သူပါ။ နာမည်ကျော်ရတဲ့ အကြောင်းရင်းကတော့ ပင်လုံစာချုပ်မှာ နာမည်သာပါပြီး စာချုပ်မှာ လက်မှတ်မထိုးခဲ့လို့ပါပဲ။ သူ့နာမည်ကို အရှည်ခေါ်ရမယ်ဆိုရင် လော့ဒန်ဒူးဝါး ဇော်လ ပါတဲ့။ ဘာကြောင့်လက်မှတ်မထိုးလဲ ဆိုတာကတော့ သေဆုံးသွားပြီဖြစ်တဲ့ လော့ဒန်ဒူးဝါး ဇော်လ ကိုယ်တိုင်ပဲ သိနိုင်တော့မယ့် ပဟေဠိ တစ်ပုဒ်ဖြစ် ကျန်ခဲ့ပါတယ်။ ဒါကို လေ့လာနိုင်အောင်လို့လည်း ပင်လုံစာချုပ်ပုံကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။ (အခြား ကချင်ကော်မတီက ကိုယ်စားလှယ် ၅ယောက်နာမည်နဲ့ လမ်းတွေတော့ မြစ်ကြီးနားမှာ ရှိပေမယ့် လော့ဒန်ဒူးဝါးဇော်လ နာမည်နဲ့ လမ်းမရှိဘူးလို့လည်း ဆိုကြပါတယ်။ ဟုတ်မဟုတ်တော့ မြစ်ကြီးနားသားတွေသာ သိနိုင်မှာပါ။ )
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံသားတို့ရဲ့ သွေးစည်းညီညွတ်မှုကို ဖော်ပြပေးနိုင်ခဲ့တဲ့ ဒီပင်လုံစာချုပ်ဖြစ်တည်ခဲ့တာ ၇၁နှစ်ပြည့်မြောက်ခဲ့ပါပြီ။ လွပ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်များနဲ့တကွသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးကို ဦးညွတ်ရင်း ၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု တင်ဆက်လိုက်ရပါတယ်။
Team (ရိုးရာလေး)