ရေထမ်းသူတစ်ဦးသည် ရေကန်မှရေကို အိုးကြီး ၂ လုံးဖြင့် စလွယ်သိုင်းကာ သူတို့နေထိုင်ရာ ရပ်ကွတ်ထဲတွင် လှည့်လည် ရောင်းချသည်။ ယင်းအိုး ၂ လုံးထဲမှ တစ်လုံးတွင် အတန်ငယ်ကြီးသော အက်ကြောင်း တစ်ခု ဖြစ်ပေါ်နေသဖြင့် ရေဖြည့်ပေးသောနေရာသို့ ရောက်သောအခါ ရေအပြည့် မပါဘဲ တစ်ဝက်သာ ပါလာလေသည်။
ဤသည်ကို အပြစ်ရှိသလို ခံစားလာရသော အက်ကွဲကြောင်းပါသော အိုးက –
“သခင်၊ သင့်မှာ ကြိုးစားပမ်းစား ရေကန်မှရေကို ခပ်ပြီး သယ်ယူ ရောင်းချ နေခဲ့သော်လည်း ကျွန်ုပ်၏ ချို့ယွင်းချက်ကြောင့် ရသင့်သလောက် အကျိုးအမြတ် မရခဲ့ပါ။ ထိုကြောင့် ကျွန်ုပ်မှာ အပြစ်ရှိသည်ဟု တောက်လျှောက် ခံစားနေရပါသည်။ ထိုကြောင့် သခင့်ကို တောင်းပန်ပါသည်။ ဖြစ်နိုင်လျင် ကျွန်ုပ်ထိုက်နှင့် ကျွန်ုပ်ကံ စွန့်ပြစ်စေလိုပါသည်။” ဟု အပြစ်ကို တောင်းပန်ရှာသည်။
ထိုအခါ ရေသည်က –
“အသင် ရေအိုး၊ သင့်တွင် ရှိနေသော ချို့ယွင်းချက်ကို ငါသတိပြုမိသည်မှာ ကြာခဲ့ပြီ၊ သို့သော် သင် သတိမထားမိသော အချက် ၂ ချက်ရှိသည်။ ပထမ အချက်မှာ သင့်ကို စလွယ်သိုင်းထားသော ငါ၏ ပုခုံးဖက်ခြမ်းသည် အနာ ဒဏ်ရာ ရခဲ့ဘူးသဖြင့် ရေအပြည့်ပါသော ရေအိုးထက် ရေ တဖြေးဖြေးချင်း လျော့နည်းလာသော သင်နှင့် အဆင်ပြေသည်။
နောက်တစ်ချက်မှာ သင့်ကို အမြဲ သယ်ဆောင်လေ့ရှိသော ညာဖက်ခြမ်းကို သတိပြု၍ ကြည့်ပါ။ ငါ စိုက်ပျိုးခဲ့သော စားပင်ငယ်များမှာ သင်ထံမှ ကြိမ်ဖန်များစွာ ရရှိသော အက်ကွဲကြားက ကျသည့် ရေများကြောင့် စိမ်းလန်း ရှင်သန်နေပြီး ခူးဆွတ် စားသောက်နိုင်သော အခြေအနေသို့ပင် ရောက်နေပြီ ဖြစ်သည်။” ဟု အက်နေသောအိုးကို ရှင်းပြကာ အပြစ်အနာအဆာ အတွက် အားငယ်မနေရန် အားပေးလိုက်သည်။
ဤလောကတွင် မည်သူမျှ အပြစ်မကင်းပါ။ အပြစ်အနာအဆာ ရှိစမြဲပါ။ မည်ကဲ့သိုသော အပြစ်အနာဆာကို မဆို ကိုယ်တိုင်က မျက်ကွယ်မပြုဘဲ အဖြစ်မှန်ကို လက်ခံပြီးအားနည်းချက်မှ အားသာချက်ဖြစ်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာသင့်သည်ဟု သတိထား ဆင်ခြင်လိုက်မိပေသည်။
Team (ရိုးရာလေး)