အထွက်နှုန်း အထူးကောင်းမွန်ခြင်းကြောင့် နယူးဧရာ-၁၁ အထွက်တိုးမျိုး စပါးအပေါ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ တောင်သူများ စိတ်ဝင်စားမှု မြင့်တက်နေ

fam1.webp

မအူပင်၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ဖျာပုံမြို့နယ်များရှိ စပါးစိုက်တောင်သူများအကြား အထွက်နှုန်းကောင်းမွန်ပြီး တစ်ဧကဝင်ငွေ တိုးတက်စေရန် အထောက်အကူပြုနိုင်သည့် နယူးဧရာ-၁၁ မျိုးစပါးအပေါ် ပိုမိုစိတ်ဝင်စားမှုရှိလာကြောင်း သိရသည်။

အဆိုပါဒေသများတွင် နှစ်စဉ် နယူးဧရာ-၁၁ အထွက်တိုးမျိုးစပါးကို ဧက ၃၅,၀၀၀ နှင့် ၄၀,၀၀၀ ကြားစိုက်ပျိုးလေ့ရှိပြီး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် စိုက်ခင်းအတွင်း အပင်ဖြစ်ထွန်းမှု၊ အပင်သန်မာမှု၊ ရောဂါဒဏ်ခံနိုင်မှုနှင့် ရိတ်သိမ်းချိန်တွင် ရရှိသည့် အထွက်နှုန်းများနှင့် ဝင်ငွေတိုးခြင်းများ ရရှိနေသည်။

တောင်သူများ၏ ပြောကြားချက်များအရ ဒေသတွင်းအသုံးများသည့် စပါးမျိုးများနှင့် နှိုင်းယှဉ်ပါက နယူးဧရာ-၁၁ သည် အပင်သန်မာမှုနှင့် အထွက်နှုန်းပိုင်းတွင် ကွာခြားမှုများကို တွေ့ရှိရပြီး အများစုမှာ တစ်ဧကလျှင် တင်း ၁၈၀ မှ ၂၂၀ ကျော်အထိ အထွက်နှုန်းရရှိကြောင်း သိရသည်။

ထို့အပြင် နယူးဧရာ-၁၁ မှ ထွက်ရှိသည့် စပါး၏ ဆန်ရည်ဆန်သား အရည်အသွေးကောင်းမွန်မှု၊ စပါးအရည်အသွေးနှင့် ဆန်ထွက်ကောင်းမွန်မှုတို့ကြောင့် ဆန်စက်များ၏ လက်ခံ၊ ဝယ်ယူမှု ကောင်းမွန်ခြင်းကြောင့် တောင်သူများအနေဖြင့် စပါးရောင်းချမှုအပိုင်းမှာ အခက်အခဲမရှိသဖြင့် နယူးဧရာ-၁၁ မျိုးစပါးကို ပိုမိုစိတ်ဝင်စားကာ နှစ်စဉ်စိုက်ပျိုးလျက်သည်။

တောင်သူတစ်ဦး၏ အတွေ့အကြုံနှင့် စကားသံ

“ကျွန်တော်တို့အတွက် အထွက်နှုန်းက အဓိကပဲ။ တခြားမျိုးတွေနဲ့ ယှဉ်ရင် နယူးဧရာ-၁၁ က အထွက်နှုန်းပိုကောင်းတာ လက်တွေ့ တွေ့ရတယ်။ တစ်ဧက တင်း ၂၀၀ လောက်ရပြီး စပါးဈေးလည်း ကောင်းမယ်ဆိုရင် တောင်သူတွေအတွက် ရောင်းရငွေ ပိုကောင်းလာနိုင်ပါတယ်။ ဒါကြောင့် ဒီရာသီမှာလည်း ဒီမျိုးကိုပဲ ဆက်စိုက်ဖို့ စိတ်ဝင်စားတယ်”

လက်ရှိစပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ၂,၅၀၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်အတွင်း အဝယ်ရှိနေပြီး နယူးဧရာ-၁၁ စိုက်ပျိုးလျှင် တစ်ဧက တင်း ၂၀၀ ရရှိသည့်အခြေအနေကြောင့် စုစုပေါင်းရောင်းရငွေမှာ ကျပ် သိန်း၅၀ ဝန်းကျင်အထိ ဝင်ငွေ ဖြစ်ထွန်းနေသည်။ ယင်းကဲ့သို့ အကျိုးအမြတ် ဝင်ငွေများစွာ ဖြစ်ထွန်းသည့်အတွက် အခြားတောင်သူများလည်း အထွက်တိုးမျိုးစပါးကိုသာ စိုက်ပျိုးကြဖို့ တိုက်တွန်းလိုပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top