အင်ဂျင်နီယာဘွဲ့ရခဲ့ပေမဲ့ ဖိနပ်တိုက်သမားအဖြစ် အသက်မွေးနေရတဲ့ လူငယ်တစ်ယောက်အကြောင်း

1-2.jpg

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ဓာတုအင်ဂျင်နီယာဘွဲဲ့ ရတော့ အီသီယိုးပီးယားနိုင်ငံသား မန်ဘီရူ တစ်ယောက် မျှော်လင့်ချက် တနင့်တပိုးနဲ့ပါ။ ဒီအချိန်ရောက်လာဖို့ ခက်ခဲဆင်းရဲတဲ့ နှစ်ကာလတွေ ဖြတ်သန်းခဲ့ရတာကို ပြန်စဉ်းစားကြည့်လိုက်တော့ ပီတိဖြစ်မိတာပေါ့။ မန်ဘီရူဟာ စားဝတ်နေရေးနဲ့ ကျောင်းစရိတ်ရဖို့ လမ်းပေါ်မှာ နှစ်နဲ့ချီပြီး ဖိနပ်တိုက် ခဲ့ရသူပါ။ သူ ငယ်ငယ်ကတည်းက ဖခင် ဆုံးပါးခဲ့လို့ သူ့အဘိုး၊ အဘွားတွေရှိရာ အမ်ဟာရာပြည်နယ် ဖိုဂီရာခရိုင်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။သူ့အမေ ကတော့ နောက်အိမ်ထောင်ပြုသွားတယ်လေ။ အဲဒါ ကြောင့် ငယ်ငယ်လေးကတည်းက လမ်းပေါ်မှာ အလုပ်လိုက်ရှာခဲ့ရတာပေါ့။ မန်ဘီရူက ကျောင်းအရမ်းနေချင်ပေမဲ့ သူ့အဘိုး အဘွားတွေက ကျောင်းစရိတ်နဲ့ တခြားစရိတ်တွေကို မတတ်နိုင်ရှာဘူး။ အဲဒီတော့ သူက သူ့ဦးလေးအိမ် သွားပြီး သိုးကျောင်းပေးရတယ်။ သူ့စိတ်ထဲမှာတော့ အဘိုး၊ အဘွားတွေ ငါ့ကို ကျောင်းထားပေးမှာပဲ ဆိုတဲ့ မျှော်လင့်ချက်သဲ့သဲ့လေးနဲ့ပေါ့။ နောက်ဆုံးတော့ သူ ပူဆာလွန်းလို့ သူ့အဘိုးက ကျောင်းထား ပေးဖို့ သဘောတူလိုက်ပြီး ဝါရီတာမြို့က မူလတန်း ကျောင်းမှာ ကျောင်းအပ်ပေးတယ်။ သူ ဒုတိယတန်း ရောက်ချိန်မှာတော့ သူ့အဘိုးက သူ့ကို ဆက်ပြီး မထောက်ပံ့ပေးနိုင်တော့ဘူး။ ”အဲဒီတော့ ကျွန်တော် အပြင်ထွက်ပြီး ကိုယ့်အားကိုယ်ကိုးဖို့ နည်းလမ်းရှာရတာပေါ့”လို့ မန်ဘီရူက ဆိုပါတယ်။ လမ်းပေါ်မှာ ဖိနပ်တိုက်တဲ့ သူငယ်ချင်းတစ်ယောက်က ကူညီပေး လို့ သူလည်း ဖိနပ်တိုက်တဲ့ အလုပ်လုပ်ခဲ့တယ်။ ကျောင်းဆင်းချိန်မှာ ဖိနပ်တိုက်ပြီး ပိုက်ဆံရှာတယ်။ တတိယတန်းကနေ တက္ကသိုလ်ရောက်ချိန်အထိ ဖိနပ်တိုက်လို့ရတဲ့ငွေနဲ့ ပညာသင်စရိတ်ရှာခဲ့တာပါ။

”ဖိနပ်တိုက်တာက ကျွန်တော့်ကို အထောက်အပံ့ ဖြစ်စေမယ့်အလုပ်လို့ တွေးခဲ့တယ်။ နေ့တစ်ဝက်က ဖိနပ်တိုက်တယ်။ ကျန်တဲ့နေ့တစ်ဝက်က စာသင်တယ်။ ဘဝက ကြမ်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်လို အခြေအနေမျိုးကနေ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်သွားသူတွေရဲ့ ဘဝဇာတ်ကြောင်းတွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးရတာပေါ့”လို့ မန်ဘီရူက ပြောတယ်။ စာမေးပွဲအောင်လို့ နောက်တစ်တန်း တက်ရချိန်ဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပျော်စရာဖြစ်ပေမဲ့ မန်ဘီရူအတွက်တော့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ ကျောင်းဝတ်စုံအသစ် ဝယ်ရတော့မယ့်အရေးကြောင့် နောက်တစ်တန်းတက်ရတိုင်း ဖိအားများလှပါတယ်။ ”ကျွန်တော့်အတွက်တော့ ပညာသင်ရတာ ကုန်ကျ စရိတ်များလွန်းတယ်။ တော်တော်ခက်ခဲတဲ့အချိန်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ ၈ တန်းနှစ်၊ ၁၀ တန်းနှစ်နဲ့ တက္ကသိုလ် တက်ရတဲ့နှစ်တွေမှာ ပညာတတ်ဖြစ်ဖို့ အရမ်း စိတ်အားထက်သန်နေတာကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”လို့ မန်ဘီရူက ပြောပါတယ်။သူ့ဘဝ မှာ အခက်အခဲတွေ ဒုနဲ့ဒေးကြုံခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာ တော့ အမ်ဟာရာပြည်နယ်မြို့တော် ဘာဟီဒါမြို့မှာ ရှိတဲ့ ဘာဟီဒါတက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိခဲ့ပါ တယ်။ ”အဲဒီအချိန်တုန်းက စက်ရုံလုပ်ငန်းတွေအတွက် ကျွန်တော်တို့နိုင်ငံမှာ အင်ဂျင်နီယာတွေ အရမ်းလိုအပ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ အင်ဂျင်နီယာဘာသာရပ်ကို လေ့လာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘွဲ့ရပြီးတာနဲ့ အလုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့”လို့ မန်ဘီရူက ဆိုပါတယ်။ မန်ဘီရူက ဘာဟီဒါတက္ကသိုလ်မှာ ဓာတုအင်ဂျင်နီယာဘာသာရပ်ယူခဲ့ပါတယ်။ တက္ကသိုလ် မှာ ပညာသင်ကြားခဲ့တဲ့ ၅ နှစ်တာကာလကတော့ အရင်လောက်မခက်ခဲခဲ့ပါဘူး။ သူ့ကို ထောက်ပံ့ပေး မယ့်သူ တစ်ယောက်မှမရှိဘူးဆိုတဲ့ မွေးရပ်မြေ အာဏာပိုင်တွေရဲ့ အတည်ပြုချက်ကြောင့်တက္ကသိုလ် က သူ့ကို တစ်လ ဘီရာ ၂၀၀ (အမေရိကန် ၁၀ ဒေါ်လာ)ထောက်ပံ့ပေးပါတယ်။ ”သူငယ်ချင်းတွေ၊ အခန်းဖော်တွေကလည်း ကူညီကြပါတယ်။ ဒါပေမဲ့ ဘွဲ့ယူရဖို့ နီးလာလေလေ ဘွဲ့ရပြီးရင် ငါဘာလုပ်ရမလဲဆိုတဲ့ အတွေးကြောင့် စိုးရိမ်လေလေဖြစ်လာပါ တယ်။ အလုပ်လက်မဲ့ဖြစ်မှာကို ကျွန်တော်စိတ်ပူပါ တယ်”လို့ မန်ဘီရူက ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ဓာတုအင်ဂျင်နီယာဘာသာ ရပ်နဲ့ BSc ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတာနဲ့ ချက်ချင်း အလုပ်ရှာခဲ့ပေမဲ့ အလုပ်မရခဲ့ပါဘူး။ ”အီသီယိုးပီးယား နိုင်ငံမြို့တော် အက်ဒစ်အဘာဘာမြို့မှာ ၃ လကြာ အလုပ်လိုက်ရှာခဲ့တယ်။ စက်မှုဇုန် တစ်ခုပြီးတစ်ခု လမ်းလျှောက်ပြီး အလုပ်လိုက်ရှာခဲ့ပေမဲ့ ကံမကောင်း ခဲ့ပါဘူး”လို့ မန်ဘီရူက ဆိုပါတယ်။ တစ်မြို့ပြီးတစ်မြို့ အလုပ်လိုက်ရှာခဲ့တဲ့ မန်ဘီရူဟာ အက်ဒစ်အဘာဘာ မြို့ကနေ မြောက်ဘက် ကီလိုမီတာ ၅၂၀ ကွာဝေးတဲ့ ဝိုဒီယာမြို့အထိ ရောက်ခဲ့ပါတယ်။ ”ဘွဲ့မလိုတဲ့အလုပ် တွေပါ လျှောက်ခဲ့တယ်။ ဒါပေမဲ့ အလုပ်ရှင်တွေက ကျွန်တော့်ကို ရာထူးတိုးခိုင်းမှာကြောက်ပြီး အလုပ် မခန့်ကြပါဘူး”လို့ မန်ဘီရူက ပြောပါတယ်။ သူဟာ စက်ရုံတစ်ခုမှာ တစ်နေ့ကို ၂၉ ဘီရာ(အမေရိကန် တစ်ဒေါ်လာ)နဲ့ အလုပ်လုပ်ခဲ့ပေမဲ့ စားဝတ်နေရေး အတွက် မလုံလောက်လို့ သိပ်မကြာခင် အလုပ်ကနေ ထွက်ခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ အလုပ် လက်မဲ့ဖြစ်နေတာ မန်ဘီရူတစ်ယောက်တည်းမဟုတ်ပါဘူး။ သိပ်မကြာသေးခင်က အီသီယိုးပီးယားနိုင်ငံမှာ စီးပွားရေးတိုးတက်လာခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်အတွင်း မြို့ပြဒေသတွေမှာ အသက် ၁၅ နှစ်ကနေ ၂၉နှစ်ကြား အရွယ်ရှိသူ လေးပုံ၊ တစ်ပုံ အလုပ်လက်မဲ့ဖြစ်နေတယ် လို့ အီသီယိုးပီးယားနိုင်ငံ ဗဟိုစာရင်းအင်းအေဂျင်စီ က ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်က အလုပ် လက်မဲ့ဖြစ်တဲ့ လူငယ်အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၂၂ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ မန်ဘီရူဟာ သူ့လို ဘွဲ့ရအလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေနဲ့ စုပေါင်းပြီး အစိုးရဆီကနေ အကူအညီတောင်းခဲ့ပါ တယ်။ ဒါပေမဲ့ ဓာတုအင်ဂျင်နီယာဘွဲ့ရတွေအတွက် ရန်ပုံငွေမရှိဘူးလို့ အစိုးရက အကြောင်းပြန်ခဲ့ပါတယ်။

လနဲ့ချီပြီး အလုပ်လိုက်ရှာခဲ့ပေမဲ့ သူရထားတဲ့ဘွဲ့ က အလုပ်ရဖို့ အသုံးမဝင်ခဲ့တဲ့ နောက်မှာတော့ မန်ဘီရူက ဘာဟီဒါမြို့ကို ပြန်လာခဲ့ပြီး ဘယ်တော့မှ ပြန်လုပ်ရမှာမဟုတ်ဘူးလို့ ထင်ထားခဲ့တဲ့ ဖိနပ်တိုက် တဲ့ အလုပ်ကိုပဲ ပြန်လုပ်ခဲ့ပါတယ်။ ”ကျွန်တော့် အတွက် ရွေးချယ်စရာမရှိတော့လို့ ဖိနပ်တိုက်တဲ့ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပညာသင်ဖို့ စရိတ်စက အရမ်းများခဲ့ပေမဲ့ အကျိုးအမြတ် ပြန်မရခဲ့ ပါဘူး။ ပညာရေးအတွက် ဒီလောက်မပေးဆပ်ခဲ့ရင် ကောင်းမယ်”လို့ မန်ဘီရူက ဆိုပါတယ်။ သူသာပညာ မသင်ခဲ့ရင် အခုလိုမျိုးဒေါသထွက်မိမှာ မဟုတ်ဘူး လို့ မန်ဘီရူက ပြောပါတယ်။ ”တက္ကသိုလ်မှာတုန်းက ကျွန်တော်နဲ့သိခဲ့တဲ့ ဆရာတွေက ကျွန်တော့်ကိုမြင် တော့ တုန်လှုပ်ပြီး လှည့်ထွက်သွားကြတယ်။ တချို့ တွေကတော့ ကျွန်တော့်ကို အားပေးတယ်။ ပိုက်ဆံ ပေးတယ်။ ကျွန်တော့်ကျောင်းနေဖက်သူငယ်ချင်း တွေကတော့ သူတို့ဖိနပ်တွေ ပြောင်လက်နေရင် တောင် ကျွန်တော့်ကို ပိုက်ဆံပေးချင်လို့ ကျွန်တော့်ဆီ လာပြီး ဖိနပ်တိုက်ကြတယ်”လို့ မန်ဘီရူက လက်ရှိ အခြေအနေကို ပြောပြပါတယ်။ အီသီယိုးပီးယား အစိုးရကိုလည်း မန်ဘီရူ မကျေနပ်ပါဘူး။ အစိုးရက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ထက် နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စတွေကိုပဲ အာရုံစိုက်နေတယ် လို့ မန်ဘီရူက မကျေမနပ်ရေရွတ်ပါတယ်။ အခုအချိန် မှာ အသက် ၂၇ နှစ်ရှိနေတဲ့ မန်ဘီရူကတော့ သူနဲ့ ကိုက်ညီမယ့်အလုပ်တစ်ခုရမယ်လို့ မျှော်လင့်ထား တုန်းပါပဲ။ ဒါကြောင့်လည်း အလုပ်ကြော်ငြာရေးထားတဲ့ ဆိုင်းဘုတ်တွေတွေ့ရင် မန်ဘီရူတစ်ယောက် သွားကြည့်စမြဲပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top