လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစနစ်အတွက် ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်

yyl-011-4.jpg

UHC – လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုသွားဖို့အတွက် ဥပဒေ တစ်ရပ်ပေါ်ပေါက်လာဖို့ မဖြစ်မနေလိုအပ်နေတယ် ဆိုတာကို တိုက်တွန်းတောင်းဆိုဖို့အတွက် UHC Day အထိမ်းအမှတ်ပွဲတွေကို မြန်မာနိုင်ငံရဲ့ မြို့ကြီး ၄ မြို့မှာ ပထမဆုံးကျင်းပသွားမှာ ဖြစ်ပါတယ်။”UHC ပန်းတိုင်ရောက်ရှိရေးကို အမျိုးသားအဆင့် ကျန်းမာရေးစီမံကိန်းဆိုပြီး အကောင်အထည်ဖော်နေတာ ရှိပါတယ်။ အဲဒီပန်းတိုင်ကို ရောက်ဖို့ဆိုရင် လက်ရှိစနစ်ကို ပြုပြင်ပြောင်းလဲရာမှာ အဓိကကျတဲ့ ဥပဒေတစ်ရပ်က မပေါ်ထွန်းလာသေးဘူး”လို့ ပြည်ကြီးခင်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပမယ့် UHC Day အထိမ်းအမှတ်ပွဲတွေကို ဒီဇင်ဘာ ၁၂ ရက်မှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ ဒီဇင်ဘာ ၁၄ ရက်မှာ ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံ၊ ဒီဇင်ဘာ ၁၅ ရက်မှာ မန္တလေးမြို့၊ မနော်ရမ္မံ ပြည်သူ့ရင်ပြင်၊ ဒီဇင်ဘာ ၁၇ ရက်မှာ ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။”တချို့ မကုနိုင်လို့ သေရတာတွေရှိတယ်။ တချို့က ကုတော့ ကုလိုက်နိုင်တယ်၊ ဒါပေမဲ့ ကျန်တဲ့မိသားစုက ဆင်းရဲတွင်းနက်သွားတဲ့ ကိစ္စတွေလည်း ရှိတယ်။ ဒါတွေကို ကာကွယ်ပေးနိုင်ဖို့ UHC စနစ်က အရေးကြီး ပါတယ်”လို့ အင်တာနေရှင်နယ်အဖွဲ့အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာဖြိုးသီဟက ပြောပါတယ်။

အခုလို အထိမ်းအမှတ်ပွဲတွေကို ပြုလုပ်ပေးခြင်းအားဖြင့် UHC ရဲ့ သဘောသဘာဝကို ပြည်သူတွေ ပိုပြီးး နားလည်လာမယ်၊ အစိုးရကို တောင်းဆိုမှုတွေရှိလာမယ်ဆိုရင် လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစနစ် ပေါ်ပေါက်လာဖို့အတွက် အများကြီး အထောက်အကူပြုသွားမှာ ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ မြို့ကြီး ၄ မြို့မှာ ကျင်းပမယ့် UHC Day အထိမ်းအမှတ်ပွဲတွေမှာ UHC အသိပညာပေး ပြခန်းတွေပါဝင်ပြီး UHC နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးသွားမယ့်အပြင် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့အတူ UHC သတင်းစကားတွေကိုလည်း တပါတည်း အသိပညာပေး ပြောကြားသွားမှာ ဖြစ်ပါတယ်။

UHC – လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဆိုတာ အကုန်လုံးကို အခမဲ့ပေးမယ့် စနစ်မျိုးမဟုတ်ဘဲ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့၊ အဖိုးနှုန်းသက်သာစွာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေကို ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကျင်းပမယ့် UHC Day အထိမ်းအမှတ်ပွဲတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၊ မြန်မာကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ပြည်ကြီးခင်၊ Community Partners International, Population Service International တို့က ပူးပေါင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

UHC Day အဖြစ် ဒီဇင်ဘာ ၁၂ ရက်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၇ မှာ သတ်မှတ် ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ UHC Day အခမ်းအနားတွေကို ကျင်းပခဲ့တာ သုံးနှစ်မြောက်ရှိနေပြီ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top