လစာထုတ်ရင် ဘာတွေလုပ်ကြမလဲ

Still-Broke1.jpg

မနေ့က Payday ဆိုတော့ ရိုးရာလေးရဲ့ ပရိသတ်တွေလည်း လစာရကြပြီပေါ့။

လစာရကြပြီဆိုတာနဲ့ အဝတ်အစားအသစ်တွေ ဝယ်ဖို့ ဒါမှမဟုတ် ဘားတွေ၊ စားသောက်ဆိုင်တွေကိုသွားဖို့ စဉ်းစားနေတဲ့သူတွေလည်းရှိကြမှာပါ။ ဒါပေမယ့် အဲဒါတွေမလုပ်ခင် ဒီအချက်လေးတွေတော့ ဖတ်ဖို့တော့လိုပါလိမ့်မယ်။

(၁) ပိုက်ဆံစုပါ။

ပုံမှန်လစာဝင်ငွေရှိတဲ့သူတစ်ယောက်အနေနဲ့ လုပ်သင့်ဆုံးကိစ္စကတော့ ပိုက်ဆံစုဖို့ပါပဲ။ လက်ထဲမှာ စုတာမျိုးဆို အလွယ်တကူ ယူသုံးနိုင်တာကြောင့် ဘဏ်စာအုပ်နဲ့ဖြစ်ဖြစ် စုတာက အကောင်းဆုံးပါပဲ။ အနည်းဆုံး လစာရဲ့ ဆယ်ရာခ်ိုင်နှုန်းကို စုဖြစ်အောင်စုပါ။

(၂) အကြွေးတွေဆပ်ပါ။

ပိုက်ဆံကို ဖြုန်းပြီး ထင်တိုင်းကြဲလိုက်မယ်ဆိုတာကို လူတိုင်းစဉ်းစားဖူးကြပါတယ်။ ဒါပေမယ့် ကိုယ့်မှာ ရှိနေတဲ့ အကြွေးတွေ အရင်တွက်ကြည့်ပါဦး။ အတိုးတွေ တစ်ရိပ်ရိပ်တက်နေတဲ့ အကြွေးတွေကို အရင်ဆပ်ဖို့ လုပ်ပါ။ အကြွေးတွေဆပ်လိုက်ရလို့ သားရေပင်ပဲ ကျန်ရင်တောင် တစ်လလုံးရေသောက်ဗိုက်မှောက်နေရပေမယ့် စိတ်ချမ်းချမ်းသာသာနဲ့ နေရမှာပါ။

(၃) ဘေလ်တွေကို တွက်ပါ။

လစဉ်တိုင်းပေးနေရတဲ့ အဆောင်ခ၊ အိမ်လခ၊ မီတာ၊ ဖုန်း၊ရေ ခ တွေ အပြင် မိဘတွေ၊ သားသမီးတွေကို ပေးရတဲ့ ထောက်ပံ့ငွေတွေကို တွက်ကြည့်ပါဦး။ လစာထဲကနေ ဒီပုံမှန်ပေးနေရတဲ့ အခွန်အခတွေကို ချန်ထားဖို့လည်း မမေ့ပါနဲ့ဦး။

(၄) တစ်လစာ အသုံးစရိတ်ကို အကြမ်းဖျဉ်းတွက်ပါ။

ဒီတစ်လမှာ ကိုယ်ရဲ့ စားသောက်စရိတ်၊ သွားလာစရိတ်တွေကို အကြမ်းဖျဉ်းချတွက်ထားပါ။ ဥပမာ- တစ်ရက်ကို ငါးထောင်နှုန်းသုံးမယ်ဆိုရင် တစ်လအတွက် တစ်သိန်းခွဲ ဖယ်ထားပါ။ ဒါမှ ပြတ်တုန်းလပ်တုန်း ၂၃ ဆိုတာမျိုးတွေ၊ လကုန်ခါနီးရင် တခြားသူတွေဆီက ပိုက်ဆံလိုက်ချေးရတဲ့အဖြစ်က လွတ်မှာဖြစ်ပါတယ်။

(၅) အပိုဝင်ငွေ

ဒါတွေအားလုံးတွက်ချက် ဖယ်ထားပြီးရင်တော့ အပိုဝင်ငွေရလာပါပြီ။ ဒီဝင်ငွေကိုတော့ သင်ဖြုန်းနိုင်ပါပြီ။ ဘားကောင်းကောင်းမှာ သွားသောက်တာမျိုး ဒါမှမဟုတ် နည်းနည်းလေး ဈေးကြီးတဲ့ အကျီဝယ်လိုက်တာမျိုးဖြစ်ဖြစ် တစ်လတာလုံး ပင်ပန်းခဲ့ရတဲ့ သင့်ကိုယ့်သင် ဆုချနိုင်ပါပြီ။

ဒီနည်းလမ်းတွေက ပုံမှန်လခစားတစ်ယောက်ရဲ့ လူနေမှုဘဝကို ပိုပြီးစနစ်တကျဖြစ်စေဖို့ ကူညီနိုင်မှာပါ။ အရေးကြီးတဲ့အချက်ကတော့ လစာရတဲ့ ဒီအချိန်တွေမှာ ခါးပိုက်နှိုက်တွေရန်ကိုတော့ အထူးသတိထားဖို့ လိုပါလိမ့်မယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top