မန္တလေးမြို့သို့ ရောက်ခိုက် နံမည်ကြီးနေသာ ဒေါင်းလန်းကြီး ပွဲတော်စာကို ချမ်းအေးသာစံမြို့နယ်ရှိ စားသောက်ဆိုင်တွင် သွားရောက် စားသောက်ဖြစ်ရင်း ဒေါင်းလန်းကြီး ပွဲတော်စာ အကြောင်း တစေ့တစောင်း လေ့လာမိခဲ့ပါတယ်။
ဒေါင်းလန်းသည် မွန် ဝေါဟာရ ဖြစ်သော ဒုင်လေင် မှ ဆင်းသက်လာသည်ဟု ယူဆကြပါတယ်။ ဒုင် ဆိုသည်မှာ တင်ဆောင် သယ်ပိုးသည် ဟု အဓိပ္ပာယ် ရပြီး လေင် ဆိုသည်မှာ စားသောက်သည်ဟု အဓိပ္ပာယ် ရပါတယ်။ ထို့ကြောင့် ဒုင်လေင်ဆိုသော စကားမှာ အစားအသောက်များ သယ်ပိုးထားသော ပစ္စည်းဟု ဆိုနိုင်ပါတယ်။ ဒုင်လေင်မှ စကားပျက်လာပြီး နောင်တွင် ဒေါင်းလန်း ဟု သွင်လာပါတယ်။
အစားအသောက်များ ထည့်ရန် အတွက် သစ်သား၊ ဝါး စသည်တို့ကို အသုံးပြုပြီး ယွန်းဖြင့် သရိုး ကိုင်ကာ ခြေထောက် တပ်ထားသော ဘန်းပြားကြီးကို ဒေါင်းလန်းဟု ခေါ်ဆိုကြပါတယ်။ ထို ဒေါင်းလန်းကြီးထဲတွင် မိသားစုဝင် ငါးယောက် စားမည်ဆိုလျင် ထမင်း ငါးပုံ ပုံလိုက်ပါတယ်။ အလယ်တွင် အုန်းခွက် သို့မဟုတ် နှီးခွက် သို့မဟုတ် သစ်သားခွက်ဖြင့် ဟင်းများထည့်ကာ ထားရှိပါတယ်။ ထို့နောက် ကိုယ့်ထမင်းပုံပေါ်တွင် ဟင်းအရည် အဖတ်များ နယ်ဖတ်စမ်းကာ စားကြသဖြင့် တစ်ဦး၏ ဟင်း အရည်နှစ်များမှာ တခြား တစ်ဦး၏ ထမင်းပုံများသို့ စီးနေပါတော့တယ်။ ထို့ကြောင့်လည်း “လက်ရေးတပြင် စီးနေသူ” ဟူသော အသုံးအနှုန်း ပေါ်ပေါက်လာခဲ့ဟန် တူပါတယ်။ နောက်ပိုင်းတွင်မူ ထိုသို့ မစားကြတော့ဘဲ ဒေါင်းလန်းကြီးထဲတွင် ဟင်းခွက်များ ထည့်ထားပြီး ထမင်းကိုမူ တစ်ယောက်စား ဒေါင်းလန်းငယ်များဖြင့် ထည့်ကာ စားသောက်လာကြပါတယ်။
ဒေါင်းလန်းနှင့် ပတ်သတ်သော မှတ်တမ်း တစ်ခု အဖြစ် ညောင်ရမ်းခေတ် (သက္ကရာဇ် ၁၀၀၀ ကျော်ခန့်) ရှိ ဝန်ကြီး ပဒေသရာဇာ၏ “ထန်းတက်သမား” တျာချင်းတွင် တွေ့ရှိရပါတယ်။ အချို့ ပညာရှင်များကမူ ပုဂံခေတ်ကတည်းက ဒေါင်းလန်းဖြင့် စားသောက်သည့် ဓလေ့ ပေါ်ထွန်းခဲ့သည်ဟု ဆိုထားပါတယ်။ ဒေါင်းလန်းဖြင့် စားသောက်သည့် ဓလေ့ကို တချို့က အိန္ဒိယက ဆင်းသက်လာသည်ဟု ယူဆကြပြီး တချို့က ယိုးဒယားက ဆင်းသက်လာသည်ဟု ယူဆထားကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဒေါင်းလန်းဖြင့် စားသောက်သည့် ဓလေ့ကို ရှေးနှစ် အတော်ကြာကပင် မြန်မာတို့ အသုံးပြုလာသည်ကတော့ အသေအချာပင် ဖြစ်ပါတယ်။
Ref: မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၅၊ စာမျက်နှာ ၃၁၂
Photographer: Chan Myae Ei (Stacy Chan)
Stacy Chan (ရိုးရာလေး)
www.yoyarlay.com
#stacy_yyl
#knowledge_yyl, #food_yyl