အလုပ်အသစ်မှာ ပထမဆုံးလအတွင်း ဆောင်ရန် ရှောင်ရန်များ

41817411_1380490015416074_4371708667838332928_n.jpg

သတင်းကောင်းပဲဗျာ။ လပေါင်းများစွာ online ကအလုပ်လျောက်၊ အင်တာဗျူးတွေဖြေ လိုက်ရတာ နောက်ဆုံးတော့ အလုပ်ရပြီး အလုပ်အသစ်အတွက် စိတ်လှုပ်ရှားနေရပါပြီ။ နောက်တစ်ပတ်အတွင်း

လုပ်ဖော်ကိုင်ဘက် အသစ်တွေတွေ့ရမယ်။ Company အသစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရမယ်၊ Boss ကို စိတ်မပျက်စေရအောင် ကြိုးစားရမယ် စသဖြင့် ပူပန်နေရပြီပေါ့။ စိတ်မပူပါနဲ့ သင့်ရဲ့အလုပ်အသစ်အတွက် ပထမဆုံးလမှာ ဘာတွေလုပ်သင့်တယ်ဆိုတာကို ကျွန်တော်တို့လေ့လာပေးထားပါတယ်။ ကြည့်လိုက်ရအောင်ပါ။

Trust, Teamwork, Troubleshooting (ယုံကြည်မှု, အသင်းအဖွဲ့စိတ်ဓာတ်, ပြဿနာရှာဖွေဖြေရှင်းနိုင်ခြင်း) ဆိုတဲ့ ဒီ T သုံးလုံးကိုတော့ ဘယ်သောအခါမှ မမေ့ပါနဲ့။ ကျန်တဲ့အချက်တွေကို မေ့လျော့ခဲ့တာတောင် သင့်ရဲ့ Boss က ဒီသုံးခုကို သင့်မှာရှိနေစေချင်တယ်ဆိုတာ သဘောပေါက်ထားပါ။ အောက်ပါ အချက်တွေကိုပါ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

(၁) ချိတ်ဆက်လုပ်ကိုင်ပါ

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ရမယ်ဆိုတာ လူတိုင်းနီးပါးသိကြမှာပါ။ ဖြစ်နိုင်ရင် ကိုယ့်ဌာနတွင်းတင် မဟုတ်ပဲ အခြားဌာနတွေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ ချိတ်ဆက်ထားပါ။

(၂) စတင်နှုတ်ဆက်မိတ်ဖွဲ့ပါ

ကောင်းမွန်တဲ့ သဘောထားဆိုတာ ပြန့်ပွားလွယ်ပါတယ်။ တွေတဲ့လူတိုင်းကို လိုက်လံမိတ်ဆက်ပါ။ ပြုံးထားပြီး လက်ဆွဲနုတ်ဆက်ပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက သင့်ကိုမှတ်မိနေပါလိမ့်မယ်။

(၃) အသေးအဖွဲ ကလေးတွေကအစ လုပ်ပေးလိုက်ပါ

ကော်ဖီဖျော်စက်ကို ပြင်ဆင်ပေးထားတာမျိုး၊ အခန်းကို တံမျက်စည်းလှည်းပေးထားတာမျိုး၊ ရေအိုး ရေဖြည့်ပေးထားတာမျိုးလေးတွေဟာ သူများတွေကို အလေးထားရာ ရောက်ပြီး လုက်ဖော်ကိုင်ဖက်တွေက သင့်ကို သဘောကျစေမှာပါ။

(၄) မိမိရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုခံပါ

ဒီလို အသေးအဖွဲကလေးတွေ သင်လုပ်ပေးထားတာကို လူသိပါစေ။ သင့်အပေါ်မှာ ပိုမို ခင်မင်မှုတိုးပြီး ပူးပေါင်းလုပ်ဆောင်မှုအတွက် အများကြီး အကျိုးရှိစေမှာပါ။

(၅) တိုးတိုးတိုင်ပင်ဖော် တစ်ယောက်ရှာပါ

သင်မသိတာ တစ်ခုခုရှိလာတိုင်း တွေရာလူကို လိုက်မေးနေလို့ မဖြစ်ပါဘူး။ သင့်အပေါ် အထင်အမြင်သေးသွားစေနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ယောက်ကိုသာမေးမြန်းဆွေးနွေးပါ။

(၆) သံသယရှိရင် တစ်ခါတည်း ရှင်းအောင်လုပ်ပါ

မိမိတာဝန်ယူလုပ်ကိုင်ရမယ့်အရာတွေထဲမှာ မရှင်းလင်းတာမျိုးရှိလာရင် သေချာမေးမြန်းပါ။ ဘယ်အဆင့်အထိလုပ်ပေးရမှာလဲ။ဘယ်လို တာဝန်ယူ၊တာဝန်ခံရမှာလဲ။ မတော်လို့ မှားခဲ့ရင် ဘယ်လိုဖြေရှင်းလို့ရမလဲ စသဖြင့် ကိုယ်လုပ်ရမယ့် အပိုင်းကို သေချာရှင်းလင်းစွာ သိနေဖို့လိုပါတယ်။

(၇) ကိုယ်နဲ့ မဆိုင်လည်း သိနေပါစေ

ကိုယ့်ဌာနနဲ့ မသက်ဆိုင်ပေမယ့်လည်း ကိုယ့်ကုမ္ပဏီထဲက တခြားဌာနတွေအကြောင်း နည်းနည်းတော့ သိအောင်လုပ်ထားပါ။ အရေးကြုံလာတဲ့အခါ သွက်လက်စွာ ဖြေဆိုနိုင်တာကလည်း Boss တွေ ကြိုက်တဲ့ အရည်အချင်း တစ်ခုပါပဲ။

(၈) အလုပ်လုပ်ရာနေရာကို သေသပ်ရှင်းလင်းစွာထားပါ

ရှုပ်ထွေးလွန်းတဲ့ သင့်ရဲ့ အလုပ်စားပွဲကြောင့် အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ရှာရခက်နေလေ့ရှိတယ်ဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။ လူတွေရဲ့ အမြင်မှာလည်း ဖြစ်သလိုနေတတ်တဲ့လူဆိုပြီး မြင်သွားရင် အဆင်မပြေနိုင်တော့ဘူးပေါ့ဗျာ။

(၉) ကုမ္ပဏီရဲ့ လုပ်ပုံကိုင်ပုံ နည်းဥပဒေတွေကို လေ့လာလိုက်နာပါ

ကုမ္ပဏီတစ်ခုနဲ့ တစ်ခုကတော့ လုပ်ပုံကိုင်ပုံခြင်း တူမှာမဟုတ်ပါဘူး။ အရင်ကုမ္ပဏီရဲ့ ပုံစံက ပိုကောင်းနေတယ် ဆိုရင်တောင်မှပဲ သင်ဟာယခု ဒီကုမ္ပဏီမှာ အလုပ်လုပ်နေပြီ ဖြစ်လို့ (သူတို့ဟာသူတို့လည်း အသားကျ အဆင်ပြေနေပြီမို့လို့) သူတို့ရဲ့ နည်းဥပဒေ တွေကိုသာ လိုက်နာတာ အကောင်းဆုံးပါပဲ။

(၁၀) မိမိ အပြစ်တွေကို မိမိကိုယ်တိုင် နာနာရှာပါ

ကိုယ့်အပြစ်ကိုကိုယ် မညှာမတာ မြင်အောင်ကြည့်ပါ။ ပထမ တစ်လမှာတင် ရအောင် ပြင်ပါ။ သင်ဟာ တိုးတက်မှုအရှိဆုံး စာရင်းထဲ ဝင်သွားမှာပါ။ တိုးတက်မှုမြန်တဲ့ အလုပ်သမားကို အလုပ်ရှင်က သဘောကျမှာ လုံးဝသေချာနေပါတယ်။

Ref: Curiosity ”10 Things to do your first month at new job”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top