တေဇောလက် (သို့) မီးလက် ( Fire Hand)

fire-1200-600.jpg

မီးလက်အမျိုးအစားဆိုတာ လက်ဖဝါးပြင်ရှည်တဲ့ အမျိုးအစားဖြစ်ပါတယ်။ စိတ်မြန်ကိုယ်မြန်ရှိတဲ့ လူများမှာ တွေ့ရတတ်တဲ့ လက်ပုံစံဖြစ်ပြီး လှုပ်ရှားပြောင်းလဲတတ်တဲ့၊ စိတ်အားထက်သန်တဲ့သူတို့ ပိုင်ဆိုင်တဲ့ လက်ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုများသူတွေမှာ တွေ့ရတတ်ပြီး လုပ်ငန်းများမှာလည်း ဟိုစပ်စပ် ဒီစပ်စပ် လုပ်ဆောင်တတ် သူများဖြစ်ပါတယ်။ မီးလက်ဝါးပိုင်ရှင်တွေဟာ သူတပါး လုပ်ကိုင်ဆောင်ရွက်တဲ့ ကိစ္စရပ်တွေကို သဘောမကျတတ်ကြဘဲ စိတ်ရှည်ခြင်းလည်း မရှိတဲ့ လူများဖြစ်ပါတယ်။

တေဇောလက် အမျိုးအစားရှိသူတွေဟာ မိမိကိုယ်မိမိ ထင်ပေါ်ကြော်ကြားချင်သူများ ဖြစ်သလို ထိုကဲ့သို့ အောင်မြင်ခြင်းကို ရရှိဖို့အတွက် အထူး ဝါယမစိုက်ထုတ်ပြီး မနားမနေ ကြိုးစား အားထုတ်တတ်ကြပါတယ်။ မီးလက်ဝါးပိုင်ရှင်တွေဟာ မိမိတို့နဲ့ ပတ်သက်တဲ့ နယ်ပယ်တစ်ခုခုမှာ ဦးဆောင်ရသူ ဖြစ်ဖို့အတွက် ကြိုးစား အားထုတ်တတ်တာမို့ အချိန် အတိုင်းအတာတစ်ခုအတွင်းမှာ ထိုနယ်ပယ်အတွက် ဦးဆောင်သူ ဖြစ်လာတတ်ပါတယ်။ ကိုယ်နုတ်အမူအရာကို ကြည့်ရင် ကြွတ်ဆတ်ဆတ် ရှိတတ်ကြသူတွေပါ။ အားကစားလုပ်ခြင်းကို စိတ်ဝင်စားသူများဖြစ်ပြီး ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားတတ်သူလည်း ဖြစ်ပါတယ်။

တေဇာလက်ဝါးကို ပိုင်ဆိုင်ထားသူတွေက မိမိကိုယ်မိမိ ယုံကြည်ချက် ပြင်းထန်သူတွေ ဖြစ်ပါတယ်။ လွတ်လပ်ခြင်းကို မြတ်နိုးသူများဖြစ်ကာ ပညာဉာဏ် ကြီးသူများ ဖြစ်ကြပြီး မိမိတို့ရဲ့ နောက်လိုက်တွေကို ကောင်းစွာ ဦးဆောင်နိုင်သူ တွေလို့ ဆိုနိုင်ပါတယ်။ တီထွင်ကြံဆခြင်း ဉာဏ်ကြီးသူတွေဟာ မီးလက်ပိုင်ရှင်တွေ ဖြစ်နေတတ်ပါတယ်။ ထင်ရှားတဲ့ ပန်းဆယ်မျိုး ပညာရှင်များဟာလည်း မီးလက်ပိုင်ရှင်များသာ အများဆုံးဖြစ်ပါတယ်။

စောင့်ရသောအလုပ်၊ နှေးကွေးတဲ့ ဆောင်ရွက်ခြင်းနဲ့ ချက်ခြင်းလုပ်လို့မရတဲ့ လုပ်ငန်းများအတွက် အလွန်စိတ်ပျက်တတ်ကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် မြေလက် (ပထဝီလက်) နဲ့ ဆန့်ကျင့်ဘက် ဖြစ်နေတဲ့ အချက်ပါပဲ။ မီးလက်သမားတွေဟာ အပြောင်းအလဲကို အလွန်ကြိုက်နှစ်သက်ကြပြီး အမြန်ဖြစ်တဲ့ ကိစ္စရပ်တွေကို သဘောကျတတ်သူတွေ ဖြစ်ပါတယ်။ သောကြာခါးပါတ်အများစုမှာ တွေ့ရတတ်ပြီး ခပ်အေးအေး၊ နှေးကွေးစွာ လုပ်ဆောင်တတ်တဲ့ အိမ်ထောင်ဘက်မျိုးနဲ့ အတော်လေး အံမဝင်တတ်ကြပါဘူး။ မီးလက်ပိုင်ရှင် အိမ်ရှင်မများကတော့ ငွေကြေးအများ ကုန်ကျခံပြီး ပကာသနကို ဦးစားပေးတတ်သူများ ဖြစ်တတ်ပါတယ်။ မီးလက်ပိုင်ရှင် အမျိုးသမီးတစ်ဦးဟာ မြေလက်ပိုင်ရှင် အမျိုးသားနဲ့ အိမ်ထောင်ပြုမိရင် ပြိုကွဲဖို့ ရာခိုင်နှုန်း အလွန်များနေပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မီးလက်သမားတွေကို များစွာတွေရတတ်ပါတယ်။ မီးလက်ဝါးလို့ဆိုရာမှာ အထက်က အချက်တွေအတိုင်း တိတိကျကျဖြစ်မယ်လို့ ဆိုခြင်းတော့ မဟုတ်ပါဘူး။ လက်ဖဝါးပေါ်က လမ်းကြောင်းများ၊ လက်ရေစာ၊ အပျော့အမာနဲ့ လက်ဗွေတွေကို စနစ်တကျ စစ်ဆေးပြီးမှ ဟောရပြောရခြင်း ဖြစ်ပါကြောင်း။

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top