လုပ်ချင်တဲ့အရာတွေထဲကတစ်ခုဖြစ်တဲ့ လေထီးခုန်တာကိုလုပ်နိုင်ခဲ့ပြီဖြစ်တဲ့ အဘွားအို

24-10-2020-yyl-019.jpg

ဒုတိယကမ္ဘာစစ်က စစ်မှူးထမ်းဟောင်း အသက် (၁၀၂) နှစ်အရွယ် အဘွားအို မီလီ ဘိုင်လေ (Millie Bailey) ဟာ ဆယ်စုနှစ်တွေ ဘယ်လောက်ကြာကြာ သူ လုပ်ချင်တာ၊ သူ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ဘယ်တော့မှ ရပ်တန့်မပစ်ခဲ့ပါဘူး။ အခုလည်း သူဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့အရာတွေထဲကတစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါပြီ။ သူ့ရဲ့အောင်မြင်မှုအတွက် ကြာသပတေးနေ့က ဂုဏ်ပြုခံခဲ့ရပါတယ်။ အဘွား မီလီက အမြဲတမ်း လေထီးခုန်ဖို့ သွားချင်ခဲ့တာပါ။ မကြာသေးခင်ကမှ သူလုပ်ချင်ခဲ့တဲ့ လေထီးခုန်ခြင်းကို အသက် (၁၀၂) နှစ်အရွယ်မှာ ဖြစ်မြောက်သွားခဲ့ပါပြီ။

အဘွား မီလီကို လေယာဉ်ပေါ်ကနေ ခုန်ချရတာ ဘယ်လိုခံစားရလဲ မေးတော့ “ဒါက မိုက်တာပဲ။ လေက အတော်လေးပြင်းထန်ပြီး ကျွန်မ တုန်ယင်နေတယ်။ လေထီးခုန်တဲ့သူက ဘယ်ကို ရောက်သွားမလဲဆိုတာ ကျွန်မ သိချင်ခဲ့တယ်”လို့ ဆိုပါတယ်။ အဘွားမီလီက ဒီအတွေ့အကြုံကို ရင်ဖိုစိတ်လှုပ်ရှားစရာတွေနဲ့ပြည့်ခဲ့တဲ့ ဘဝတစ်သက်တာလို့တောင် ခေါ်ခဲ့ပါတယ်။ သူ ပြောခဲ့တဲ့ အကြီးမားဆုံးအတွေ့အကြုံတွေထဲက တစ်ခုကတော့ သူ့ရဲ့စစ်တာဝန်ထမ်းဆောင်မှုအတွက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့တဲ့ သမ္မတဟောင်း ဘာရက် အိုဘားမား (Barack Obama) နဲ့ တွေ့ဆုံရတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ အဘွားမီလီက အမျိုးသမီးကြည်းတပ်အဖွဲ့ထဲ ဝင်ခဲ့ပြီး တပ်မှူးအထိ ဖြစ်ခဲ့ပါတယ်။ Adjutant General School မှာ တပ်ခွင့်ရတဲ့ အာဖရိကန်-အမေရိကန်အမျိုးသမီး (၂) ဦးထဲက တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄၅ နှစ်က စစ်တာဝန်ကနေ အငြိမ်းစားယူခဲ့ပါတယ်။ အဘွားမီလီကို အငြိမ်းစားယူခဲ့တဲ့အချိန်မှာ အေးဆေးနေခဲ့တာလားလို့ မေးတော့ “မနေခဲ့ဘူး” လို့ ဖြေပါတယ်။ အဘွားက အသက် (၁၀၂) အရွယ်ရောက်တဲ့အထိ ရအောင်ယူနေတုန်းပါပဲ။

အဘွားမီလီက ရင်ဖိုစိတ်လှုပ်ရှားစွာတွေနဲ့ ပျော်ရွှင်ခဲ့ရပါတယ်။ အခြားသူတွေအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ပေးခဲ့တာကြောင့် အဘွားကို ဂုဏ်ပြုတဲ့အနေနဲ့ မေရီလန်းပြည်နယ်က ပန်းခြံတစ်ခုကိုလည်း အဘွားရဲ့နာမည်ခေါ်တွင်ခဲ့ပါတယ်။ အခုဆိုရင် အဘွားက လေထီးခုန်ပြီးသွားပြီးတဲ့အတွက် နောက်ထပ်ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းတဲ့အရာကို ပြီးမြောက်အောင်လုပ်ဖို့ စီစဉ်နေပါတယ်။ “ကျွန်မ မီရှဲလ် အိုဘားမားနဲ့တွေ့ချင်နေတုန်းပဲ။ ဒါက ကျွန်မ ဖြစ်ချင်တဲ့၊လုပ်ချင်တဲ့အရာတွေထဲက နောက်ဆုံးအရာတစ်ခုဖြစ်ပါလိမ့်မယ်”လို့ အဘွားမီလီက ဆိုပါတယ်။

Ref: CBSNews “102-year-old World War II veteran checks skydiving off her bucket list”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top