(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ “Belt and Road” အဓိကနိုင်ငံ အကြောင်း မိတ်ဆက်ပွဲကို ကွမ်ကျိုးမှာ ကျင်းပ

102420201026.jpg

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ “Belt and Road” အဓိကနိုင်ငံအကြောင်း မိတ်ဆက်ပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့က ကွမ်ကျိုးမှာ အောင်မြင်စွာ ကျင်းပခဲ့ပါပါတယ်။ အဲဒီမိတ်ဆက်ပွဲကို အထူးဖိတ်ကြားထားတဲ့ ပူးပေါင်းမိတ်ဖက်တွေဖြစ်တဲ့ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ သြစတြေးလျ၊ ဗီယက်နမ်၊ ဘယ်လ်ဂျီယံ၊ လာအို၊ မလေးရှား၊ ပိုလန်၊ စင်ကာပူ၊ ဘရာဇီး စတဲ့ နိုင်ငံ ၁၆ နိုင်ငံက ကွမ်ကျိုးအခြေစိုက် ကောင်စစ်ဝန်ချုပ် ၈ ဦးအပါအဝင် ကောင်စစ်ဝန်ချုပ်ရုံး ကိုယ်စားလှယ်တွေ၊ ဂျပန်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်း၊ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကော်မတီ၊ တရုတ်နိုင်ငံတောင်ပိုင်း အမေရိကန် ကုန်သည် များ အသင်း၊ ဂျပန်နိုင်ငံ Mitsubishi Corporation ၊ ဂျပန်နိုင်ငံ Marubeni (Guangzhou) Trading Co., Ltd. စတဲ့ ကွမ်ကျိုးအခြေစိုက် ကူးသန်းရောင်းဝယ် ရေးမြှင့်တင်မှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအသင်းအဖွဲ့တွေနဲ့ အရေးပါ လုပ်ငန်းရှင်ကိုယ်စားလှယ်တွေ၊ ပြည်တွင်းက အထင်ကရသတင်းမီဒီယာတွေ စုစုပေါင်း လူတစ်ရာနီးပါး တက်ရောက်ခဲ့ကြပါတယ်။

(၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ အထူးဖိတ်ကြားခြင်းခံရသော ပူးပေါင်းမိတ်ဖက်ဖြစ်တဲ့ ကွမ်ကျိုးအခြေစိုက် ပိုလန်ကောင်စစ်ဝန်ချုပ်ရုံး စီးပွားရေးဌာနတာဝန်ခံ Mr. Peng Jialuo ဟာ အမှာစကားပြောကြားရာမှာ တရုတ်-အာဆီယံကုန်စည်ပြပွဲက နိုင်ငံတကာ ပူးပေါင်းမိတ်ဖက်တွေဆီ တရုတ်နိုင်ငံတောင်ပိုင်းဒေသ၊ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာကွေ့ဧရိယာ (Guangdong-Hong Kong-Macau Greater Bay Area) နဲ့ အာဆီယံနိုင်ငံတွေရဲ့ အရေးပါမှုနဲ့ စီးပွားရေးအလားအလာတွေကို ပြသရန် အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး နိုင်ငံအသီးသီးနဲ့အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနည်းပညာနဲ့ ပညာရေးဆိုင်ရာ ကူးလူးဖလှယ်နိုင်ရေးအတွက် အခွင့်အလမ်းအများအပြား ဖန်တီးပေးကြောင်း၊ အရင်နှစ်က တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မိမိတို့က မိတ်သစ် ဆွေဟောင်း အများအပြားနှင့် တွေ့ဆုံခဲ့ရကြောင်း၊ ဒါဟာ ကြီးမားသောအရင်းအမြစ်ဖြစ်ပြီး မိမိတို့ကို အနာဂတ်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ရင်းရင်းနှီးနှီး ဖော်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ အထူးဖိတ်ကြားထားသော ပူးပေါင်းမိတ်ဖက်ဖြစ်တဲ့ ကွမ်ကျိုးအခြေစိုက် ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Mr. Diyar Khan က အမှာစကားပြောကြားရာမှာ အခုအကြိမ်ဟာ တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ အထူးဖိတ်ကြားသော ပူးပေါင်းမိတ်ဖက်အဖြစ် ပါကစ္စတန်က ပထမဆုံးအကြိမ် ဖိတ်ကြားခံရတာ ဖြစ်ကြောင်း၊ ပါကစ္စတန်ဟာ ကာလကြာကတည်းက တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိနေပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် (၁၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပစဉ်ကတည်းက ပါကစ္စတန်ဟာ အစိုးရအဖွဲ့အစည်း၊စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါကစ္စတန်ကုန်သည်တွေနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း စုစုပေါင်း ၂၇ ခုက ပြခန်း ၆၅ ခုအသုံးပြုပြီး ပါကစ္စတန်ရဲ့ စီးပွားကူးသန်းရောင်းဝယ်ရေးနဲ့ ယဉ်ကျေးမှုစီမံကိန်းတွေကို ခင်းကျင်းပြသခဲ့ကြောင်း၊ ပါကစ္စတန်နဲ့ အာဆီယံကြား တူညီတဲ့ ယုံကြည်မှုနဲ့ ယဉ်ကျေးမှုတွေ ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ထိန်းသိမ်းထားရှိပြီး အာဆီယံနိုင်ငံအသီးသီးနဲ့ အရေးပါ စီးပွားကုန်သွယ်မှုဆက်ဆံရေး ထားရှိကြောင်း၊ “တရုတ်၊ အာဆီယံနှင့် ပါကစ္စတန်အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအလားအလာ ကြီးမားနေတဲ့အတွက် ‘ရွှေတြိဂံ’ အဖြစ် ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ကြောင်း” ၊ အခုနှစ်ရဲ့အထူးဖိတ်ကြားခံရတဲ့ ပူးပေါင်းမိတ်ဖက်အနေနဲ့ ပါကစ္စတန်ဟာ အခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ ရလဒ်ကောင်းတွေ ပိုမိုရရှိနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးရဲ့ အတွင်းရေးမှူးချုပ် Mr. Wang Lei က တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေဆီ တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ ထူးခြားတဲ့ အောင်မြင်မှုရလဒ်တွေနဲ့ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ ထူးခြားချက်တွေကို မိတ်ဆက်ပြောကြားခဲ့ပြီး (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားခဲ့ပါတယ်။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲက ဒေသတွင်းမှာ နိုင်ငံ ၁၁ နိုင်ငံ ဗဟိုအစိုးရတို့ အတူတကွကျင်းပတဲ့ တစ်ခုတည်းသော နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် ပြပွဲဖြစ်ပြီး “Belt and Road” လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံ၊ အာဆီယံအကြား စီးပွားကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ချိတ်ဆက်ဆောင်ရွက်ဖို့၊ အပြန်အလှန်အကျိုးဖြစ်ထွန်းဖို့အတွက် အကောင်းဆုံးပလက်ဖောင်းအနေနဲ့ ထောက်ပံ့ပေးနေပြီး “Belt and Road” လမ်းကြောင်းတစ်လျှောက်က နိုင်ငံတွေနဲ့ တရုတ်နိုင်ငံ၊ အာဆီယံအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်တဲ့ ပလက်ဖောင်းအသစ်လည်း ဖြစ်လာပါတယ်။ လတ်တလောနှစ်တွေမှာ တရုတ်-အာဆီယံကုန်စည်ပြပွဲက စီးပွားကုန်သွယ်ရေးအစီအစဉ်လှုပ်ရှားမှုတွေကို စီစဉ် ဖော်ဆောင်နေပြီး ဒေသပြင်ပက အခြားနိုင်ငံတွေနဲ့ တရုတ်နိုင်ငံ၊ အာဆီယံအကြား စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ဝန်ဆောင်မှုတွေထောက်ပံ့ ပေးရင်း နိုင်ငံအသီးသီးကို ကဏ္ဍများစွာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်ဖို့နဲ့ နက်နက်ရှိုင်းရှိုင်းအကောင်အထည်ဖော်နိုင်ဖို့အတွက် အားဖြည့်ပေးနေပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ကနေ ၃၀ ရက်နေ့အထိ ကွမ်ရှီး နန်နင်းမှာ ကျင်းပမယ့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ “သစ်လွင်မှု” ၆ မျိုး ပေါ်လွင်စေပါမယ်။ (၁) ပုံစံသစ် – အွန်လိုင်းနဲ့ အော့ဖ်လိုင်း ပေါင်းစပ်ပြီး နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းရှင်တွေဆီ အတွေ့အကြုံခံစားမှု အသစ်တွေ ဆောင်ကြဉ်းပေးသွားမယ်။ “လက်တွေ့ပြပွဲ+အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ” ဆိုတဲ့ ပြပွဲကျင်းပတဲ့ပုံစံ ဆောင်ရွက်မယ်။ အသေးစိတ်မှာ – လက်တွေ့ပြပွဲကျင်းပတာနဲ့အတူ အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲကို တပြိုင်နက်ကျင်းပြီး အွန်လိုင်းနဲ့အော့ဖ်လိုင်းပေါင်းစပ်တာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှာ ကျင်းပပြီး နန်နင်းကွန်ဗင်းရှင်းစင်တာမှာ အဓိကပြပွဲ ထားရှိမှာပါ။ (၂) ထူးခြားချက်အသစ် – အရေးပါပွဲအစီအစဉ်များစွာ ကျင်းပပြီး နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းရှင်တွေဆီ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုရဲ့ အလားအလာသစ်တွေကို ပြသပေးမယ်။ တရုတ်နိုင်ငံ၊ အာဆီယံ ၁၀ နိုင်ငံနဲ့ အထူးဖိတ်ကြားထားသော ပူးပေါင်းမိတ်ဖက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံခေါင်းဆောင်တွေကို ဖွင့်ပွဲအခမ်းအနားမှာ Video ကနေတစ်ဆင့် မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ကြားမယ်။ တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် (၁၀) နှစ်ပြည့်အထိမ်းအမှတ်ဖိုရမ် ကျင်းပပြီး တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး (၄၅) နှစ်ပြည့်အထိမ်းအမှတ်၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်အထိမ်းအမှတ်၊ တရုတ်-ဖိလစ်ပိုင်သံတမန်ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် စတဲ့သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အခမ်းအနား ၃ ခု ကျင်းပမယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံအကြား COVID-19 ကပ်ရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေး “ပူးတွဲကြေညာချက်” ကို အကောင်အထည်ဖော်ဆောင်ပြီး တတိယအကြိမ် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နဲ့ ဖိုရမ်ခွဲ ကျင်းပမယ်။ (၃) စီးပွားရေးအခွင့်အလမ်းသစ် – လက်တွေ့ပြပွဲကနေတစ်ဆင့် နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကူးသန်းရောင်းဝယ်ရေးအခွင့်အလမ်းတွေ ပိုမိုဆောင်ကျဉ်းပေးမယ်။ အာဆီယံကုန်စည်ပြခန်းဇုန်၊ “Belt and Road” နိုင်ငံတကာပြခန်းဇုန်တွေကို ဆက်လက်ထားရှိမယ်။ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာကွေ့ဧရိယာ(Guangdong-Hong Kong-Macau Greater Bay Area) ပူးပေါင်းဆောင်ရွက်မှုပြခန်းဇုန် ပထမဆုံးအကြိမ် ထားရှိပြီး ကုန်းလမ်း၊ ရေကြောင်း လမ်းကြောင်းသစ်ပြခန်းဇုန် တိုးချဲ့မယ်။ ဘဏ္ဍာရေးတံခါးဖွင့်လှစ်မှုဆိုင်ရာ ဘဏ္ဍာရေးပြခန်း တည်ဆောက် အဆင့်မြှင့်တင်မယ်။ တရုတ် (ကွမ်ရှီး) လွတ်လပ်စွာကုန်သွယ်ရေးစမ်းသပ်ဇုန် အထူးမိတ်ဆက်ပွဲ ကျင်းပမယ်။ (၄) ပလက်ဖောင်းသစ် – ပထမအကြိမ် အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပမယ်။ အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲကို အာဆီယံနဲ့“Belt and Road” လမ်းကြောင်းတစ်လျှာက်မှာရှိတဲ့ နိုင်ငံအားလုံးက စီးပွားရေးလုပ်ငန်းရှင်တွေ အမည်စာရင်းပေးသွင်းကာ ပါဝင်နိုင်ပြီး နိုင်ငံနဲ့ ပြခန်းအရေအတွက် ကန့်သတ်ချက်မရှိပါ။ နိုင်ငံအသီးသီးက ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အွန်လိုင်း ပလက်ဖောင်း ကနေတဆင့် ခင်းကျင်းပြသခြင်းနဲ့ ဆွေးနွေးခြင်း၊ အွန်လိုင်းမှာ တိုက်ရိုက်ထုတ်လွှင့် ရောင်းချတာတွေ ဆောင်ရွက်နိုင်ပြီး တရုတ်၊ အာဆီယံ ၁၀ နိုင်ငံနဲ့ အခြားနိုင်ငံတွေက ကုန်ပစ္စည်းတွေကို တစ်နေရာတည်းအပြီးအစီး ဝယ်ယူနိုင်စေမယ်။ (၅) သတင်းအချက်အလက်သစ် – နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကဏ္ဍများစွာနဲ့ အရေးပါလုပ်ငန်းတွေရဲ့ တရားဝင် သတင်းအချက်အလက်တွေ ထောက်ပံ့ပေးမယ်။ ပြပွဲကာလအတွင်း အဆင့်မြင့်ဖိုရမ် ၈ ခုကျင်းပပြီး တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်၊ ကျန်းမာရေး၊ နိုင်ငံတကာကုန်ထုတ်စွမ်းရည်၊ နည်းပညာလွှဲပြောင်းခြင်း၊ သတင်းအချက်အလက်ဆိပ်ကမ်း၊ စာရင်းအင်း၊ အာမခံ၊ လျှပ်စစ်ဓာတ်အား စတဲ့ကဏ္ဍတွေအကြောင်း ပါဝင်မယ်။ နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဒီဖိုရမ်တွေကနေတဆင့် ကဏ္ဍများစွာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ တရားဝင်သတင်းအချက်အလက် တွေကို သိရှိနားလည်နိုင်မယ်။ အာဆီယံနိုင်ငံအသီးသီးအကြောင်း မိတ်ဆက်ပွဲ၊ အထူးဖိတ်ကြားတဲ့ ပူးပေါင်းမိတ်ဖက်နိုင်ငံအကြောင်း မိတ်ဆက်ပွဲ၊ တရုတ်နိုင်ငံ ပြည်နယ်အချို့အကြောင်း မိတ်ဆက်ပွဲ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်မှု စကားဝိုင်း၊ အာဆီယံ ကုန်ထုတ်ဥယျာဉ်ဇုန် ရင်းနှီးမြှုပ်နှံသူဖိတ်ခေါ်ပွဲ၊ အဓိကလုပ်ငန်းနယ်ပယ် အစည်းအဝေး စတာတွေ ကျင်းပပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီ နိုင်ငံအသီးသီးရဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်၊ မူဝါဒ၊ လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုအနေအထားဆိုင်ရာ ကနဦးသတင်းအချက်အလက်တွေ ထောက်ပံ့ပေးမယ်။ ပြပွဲကာလအတွင်း “တရုတ်နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ စီးပွားရေးအခွင့်အလမ်းများ” ခေါင်းစဉ်နဲ့ တရုတ်-အာဆီယံကုန်စည်ပြပွဲရဲ့ပထမဆုံး အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Blue Book ကို စီးပွားရေးလုပ်ငန်းရှင်တွေဆီ ဖြန့်ဝေသွားမယ်။ (၆) ဝန်ဆောင်မှုအသစ် – စီးပွားရေး လုပ်ငန်းရှင် တွေအတွက် လုံခြုံစိတ်ချပြီး လွယ်ကူအဆင်ပြေစေတဲ့ ခင်းကျင်းပြသ ဆွေးနွေးနိုင်မယ့် ပတ်ဝန်းကျင် ဖန်တီးပေးကာ ပြပွဲမှာ ဝန်ဆောင်မှုပေးခြင်းကို ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်မယ်။ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပြီး ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းနဲ့ အရေးပေါ်တုံ့ပြန်မှု ကြိုတင်အစီအမံတွေ ချမှတ်ပြီး ပူးပေါင်း ကာကွယ် ထိန်းချုပ်ရေးယန္တရားကို ပြီးပြည့်စုံစေမယ်။ နန်နင်းမြို့ရဲ့ မြို့ပြအထွေထွေထောက်ပံ့စွမ်းဆောင်ရည်ကို ထပ်ဆင့်မြှင့်တင်မယ် စတဲ့ “သစ်လွင်မှု” ၆ မျိုးတို့ပါပဲ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top