အထည်ချူပ်စက်ရုံမှ ကိုယ်ဝန်ဆောင်အမျိုးသမီး (၃၅၀) ကို အရေးပေါ်ရန်ပုံငွေထောက်ပံ့မယ်

24-10-2020-yyl-024.jpg

ရန်ကုန်၊ အောက်တိုဘာ (၂၆)

သြဂုတ်လ (၁) ရက်နေ့နောက်ပိုင်း Covid-19 နောက်ဆက်တွဲရိုက်ခတ်မှုကြောင့် အလုပ်အကိုင်ထိခိုက်သွားတဲ့ အထည်ချူပ်စက်ရုံမှ ကိုယ်ဝန်ဆောင်အမျိုးသမီး (၃၅၀) ဦး ကို အရေးပေါ် ရန်ပုံငွေပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ MICS အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှုးချူပ် ဦးသက်နှင်းအောင် က ပြောပါတယ်။

“အခုလိုကိုဗစ်ကာလမှာ အလုပ်သမားအားလုံးက အခက်အခဲဖြစ်နေတယ်ပေါ့။ ဒီအထဲမှာမှ အားအနည်းဆုံးဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အခုလိုထောက်ပံ့ပေးမယ်ဆိုတာကတော့ အင်မတန်ကောင်းတဲ့အစီအစဉ်တစ်ခုပါပဲ” လို့ သူကဆိုပါတယ်။

အရေးပေါ်ထောက်ပံ့မှုအစီအစဉ်ကို CARE International မှ ပြုလုပ်တာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလျှင် ငွေကျပ် ၇၀၀၀၀ (ခုနှစ်သောင်း) ထောက်ပံံ့သွားမှာဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှုးချူပ် ဦးသက်နှင်းအောင် က ရှင်းပြပါတယ်။

ကိုယ်ဝန်ဆောင်အရေးပေါ်ရန်ပုံငွေပံ့ပိုးခြင်းအစီအစဉ်ကို လျှောက်ထားလိုသူများအနေနဲ့ အမည်၊ မှတ်ပုံတင်အမှတ်(ရှိလျှင်)၊ ဆက်သွယ်ရန်ဖုန်းနံပါတ် (Wave Money) ဖြင့် ငွေလွှဲလက်ခံမည့် ဖုန်းနံပတ်ဖြစ်ရန် လိုပါသည်)၊ လူမှုဖူလုံရေး ကတ်ပြားအမှတ်(ရှိလျှင်)၊ အလုပ်ခန့်ထားခြင်းသဘောတူစာချူပ် (EC) (သို့မဟုတ်) အထောက်အထား (သို့မဟုတ်) လုပ်ငန်းခွင်မှ ရပ်ဆိုင်း/ ဆိုင်းငံ့ / လုပ်ခလစာလျော့ခံရတဲ့ အထောက်အထား၊ စက်ရုံအမည်နှင့်တည်နေရာ၊ ကိုယ်ဝန်ဆောင်အထောက်အထားတွေကို နိုဝင်ဘာ (၆) ရက်နေ့ နောက်ဆုံးထားကာ email- [email protected] ကို ပေးပို့လျှောက်ထားရမှာဖြစ်တယ်လို့ CARE International ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်ရုံ ပိတ်သိမ်းခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အလုပ်ထုတ်ပယ်ခံရခြင်း သို့မဟုတ် အလုပ်သမားလျော့ချခံရခြင်း အစီအစဉ်များတွင် ပါဝင်သွားသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ လုပ်ငန်းခွင် အလုပ် ယာယီဆိုင်းငံ့ထားခြင်းခံရသော ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ စက်ရုံများမှ ရပ်စဲထားခြင်းမရှိသော်လည်း ကိုဗစ်ကာလ ကျန်းမာရေးညွှန်ကြားချက်များအရ လုပ်ငန်းခွင်ဝင်ရောက်ခြင်းမှ ယာယီအနားယူထားရပြီး လုပ်ခလစာ မရရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ လျှောက်ထားနိုင်တယ်လို့ CARE International ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo- MICS အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top