TIME မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် တီထွင်ပညာရှင်

7-11-2020-yyl-014.jpg

ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗားမြို့က အသက် (၁၅) နှစ်အရွယ် ဂီတန်ဂျာလီ ရိုအို (Gitanjali Rao) ဆိုတဲ့ သုတေသနပညာရှင်နဲ့ တီထွင်ပညာရှင်ကလေးမလေးဟာ TIME မဂ္ဂဇင်းရဲ့ “Kid of the Year” အဖြစ် ကြေညာခံခဲ့ရပြီး မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ်လည်း ဖော်ပြခံခဲ့ရပါတယ်။ ဒီဆယ်ကျော်သက်ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကမ္ဘာကြီးပေါ်ကို တီထွင်ဆန်းသစ်မှုမျိုးစုံယူဆောင်လာခဲ့ပေးတာပါ။ သူဟာ သောက်သုံးရေထဲက ခဲသတ္တုကို ရှာဖွေပေးတဲ့ ခဲသတ္တုရှာဖွေရေးစက်၊ AI ကို အသုံးပြုပြီး Cyberbullying လုပ်ခံရခြင်းကို ဖော်ထုတ်တဲ့ အက်ပလီကေးရှင်းတို့ကို တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဂီတန်ဂျာလီက အသက် (၈) နှစ် နဲ့ အသက် (၁၆) နှစ် ကြား အမေရိကန်လူမျိုး (၅၀၀၀) ထဲကမှ ရွေးချယ်ခံခဲ့ရတာပါ။ သူ့ကို လူသိများစေခဲ့တဲ့ဆုကတော့ ၂၀၁၇ခုနှစ်မှာ သူ့ရဲ့ခဲသတ္တုဖော်ထုတ်တဲ့ပစ္စည်းကြောင့် ရရှိခဲ့တဲ့ Young Scientist Challenge ဆုပဲဖြစ်ပါတယ်။ အဲဒီတုန်းက သူ့အသက်က (၁၁) နှစ်ပဲရှိပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က Forbesရဲ့ 30 under 30 စာရင်းမှာ ဂီတန်ဂျာလီ ပါဝင်ခဲ့ပြီး အခုနှစ်မှာတော့ TIME မဂ္ဂဇင်းရဲ့ “Kid of the Year” အဖြစ်ဖော်ပြခံခဲ့ရတာပါ။

TIME မဂ္ဂဇင်းအတွက် မင်းသမီး အင်ဂျလီနာ ဂျိုလီက ဂီတန်ဂျာလီကို အင်တာဗျူးမေးမြန်းပေးခဲ့ပါတယ်။ “သမီးက အန်တီမြင်ဖူးနေကျ သုတေသနပညာရှင်လိုမဟုတ်ပါဘူး။ သမီး တီဗီမှာ မြင်တွေ့တဲ့သူတွေက အသက်ပိုကြီးတဲ့၊ အသားဖြူတဲ့ အမျိုးသားသုတေသနပညာရှင်တွေပါ။ သမီးရဲ့ရည်မှန်းချက်က ကမ္ဘာကြီးရဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကိုယ်ပိုင်ပစ္စည်းတွေ တီထွင်ဖန်တီးရုံသာမက အခြားသူတွေကိုလည်း သမီးလိုပဲ လုပ်လာအောင် အားပေးအားမြောက်ဖြစ်စေဖို့ပါပဲ။ ဒါကြောင့် ဒီစကားတစ်ခွန်းပြောချင်ပါတယ်။ “သမီး ဒါကိုလုပ်နိုင်ရင် သင်လည်း ဒါကိုလုပ်နိုင်ပါတယ်။ ဘယ်သူမဆို လုပ်နိုင်ပါတယ်” လို့ ဂီတန်ဂျာလီက အင်ဂျလီနာဂျိုလီကို ပြောပါတယ်။

AI အသုံးပြုပြီး Cyberbullying ကို ဖော်ထုတ်ပေးတဲ့ နည်းပညာနဲ့ပတ်သက်ပြီး TIME မဂ္ဂဇင်းမှာ ဂီတန်ဂျာလီက ပြောထားတာကတော့ “သင်က စကားလုံးတစ်လုံး (သို့) စကားစုကိုရိုက်ထည့်လိုက်ရင် အနိုင်ကျင့်တဲ့စကားလုံးဆိုရင် အဲဒီနည်းပညာက အဲဒီစကားလုံးကို ယူပြီး တည်းဖြတ်ကာ သူတို့နည်းနဲ့သူတို့ ပို့ပေးတယ်”ဆိုတာပါပဲ။ “ရည်မှန်းချက်ဆိုတာ ပြစ်ဒဏ်ပေးဖို့မဟုတ်ပါဘူး။ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ တစ်ခါတလေ ဒေါသတကြီးပြုမူတတ်ကြတယ်ဆိုတာ သမီးသိပါတယ်။ သင်တို့ ပြောနေတဲ့အရာတွေကို ပြန်စဉ်းစားဖို့ အခွင့်အရေးပေးကြည့်ပါ။ ဒါမှ နောက်တစ်ခေါက်ကျရင် ဘာလို့ရမလဲဆိုတာ သင်သိမှာပါ” လို့လည်း ပြောပါတယ်။

TIME မဂ္ဂဇင်းက “Kid of the Year” အတွက် ဆယ်ကျော်သက်တီထွင်ပညာရှင်တွေကို ရှာဖွေရာမှာ Nickelodeon နဲ့ ပူးပေါင်းခဲ့တာပါ။ သူတို့က အမေရိကန်နိုင်ငံတစ်ဝှမ်းက ကျောင်းတွေ နဲ့ လူမှုကွန်ယက်တွေကနေ ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးရွေးချယ်ခံခဲ့ရတဲ့ (၅) ဦးက ငွေသားဆုကြီးကို ရရှိခဲ့ပြီး “Kid of the Year” အဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဂီတန်ဂျာလီက ရွေးချယ်ခံခဲ့ရတဲ့ (၅) ဦးထဲက တစ်ဦးဖြစ်ပါတယ်။

Ref: BoredPanda “15-Year-Old Inventor Takes The Title Of TIME’s First-Ever “Kid Of The Year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top