ကင်ဆာရောဂါသည်ကလေးတွေအတွက် (၆) နှစ်ကျော်မညှပ်ခဲ့တဲ့ဆံပင်ကို လှူဒါန်းခဲ့တဲ့ ဆယ်ကျော်သက်

Kieran-2-ht-er-210601_1622593780001_hpEmbed_4x3_992.jpg

အသက် (၁၇) နှစ်အရွယ် ကောင်လေးတစ်ယောက်ကတော့ Memorial Day နေ့မှာ ကောင်းမှုကုသိုလ်လုပ်ရင်းနဲ့ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ အလာဘားမားပြည်နယ်က ကီအာရန် မော်စီ (Kieran Moise) ဆိုတဲ့ အဲဒီကောင်လေးဟာ အဲဒီနေ့မှာ သူ့ရဲ့ဆံပင်တွေကို ညှပ်ပစ်ပြီး ကင်ဆာရောဂါသည်ကလေးတွေအတွက် လှူဒါန်းပေးခဲ့လို့ပါပဲ။

ကီအာရန်က အခုနှစ်ထဲမှာပဲ Air Force Academy ကျောင်းကို တက်ရောက်ရတော့မှာပါ။ သူ အဲဒီကျောင်းကို တက်တာနဲ့ သူ့ရဲ့ဆံပင်တွေအားလုံးကို ရိတ်ပစ်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့ဆံပင်တွေကို အလဟာဿရိတ်ပစ်မယ့်အစား Children with Hair Loss လို့ခေါ်တဲ့ ပရဟိတအဖွဲ့အစည်းကို သူ့ရဲ့ဆံပင်တွေ လှူဒါန်းပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းက ကျန်းမာရေးအခြေအနေတွေကြောင့် ဆံပင်တွေ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသားလူငယ်တွေအတွက် ဆံပင်တွေအစားထိုးပေးတာပါ။

“ကျွန်တော့်ဆံပင်တွေက ဘယ်လိုပဲဖြစ်ဖြစ် ရိတ်ပစ်ရမှာကို သိတဲ့အချိန်မှာ ဒါနဲ့ ကောင်းတာတစ်ခုခုလုပ်ချင်ခဲ့တာပါ” လို့ ကီအာရန်က ဆိုပါတယ်။ ကီအာရန်က ဆံပင်မညှပ်ဘဲနေခဲ့တာ (၆) နှစ်ကျော်ပါပြီ။ မေလ ၂၉ ရက်နေ့ ဆံပင်ညှပ်တဲ့အချိန်မှာ ဆံပင်အရှည်က (၁၉) လက်မ ကျော်ရှိနေပါတယ်။ “ကျွန်တော် တက်နိုင်သလောက် ဆံပင်ရှည်ထားဖို့ ကြိုးစားခဲ့တာပါ” လို့ ကီအာရန်က ပြောပါတယ်။

၂၀၁၉ခုနှစ်က ကီအာရန်က St. Baldrick’s Foundation နဲ့ ချိတ်ဆက်ပြီး ကြီးမှူးကျင်းပတဲ့ ကင်ဆာရန်ပုံငွေပွဲကို တက်ရောက်ခဲ့ဖူးပါတယ်။ လူတော်တော်များများက ကတုံးဖြစ်သွားတဲ့အထိ ဆံပင်တွေကို ရိတ်ပြီး လှူဒါန်းခဲ့တာကို ကီအာရန်မြင်တွေ့ပြီး အဲဒီလို လှူဒါန်းချင်စိတ်ဖြစ်စေခဲ့တာပါ။

COVID-19 ကပ်ရောဂါကြောင့် အဲဒီလိုရန်ပုံငွေပွဲတွေ ကျင်းပဖို့ ရွှေ့ဆိုင်းခဲ့ရတာကြောင့် ကီအာရန်က သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ သူ့ရဲ့ဆံပင်တွေကို လှူဒါန်းဖို့ဖြစ်လာခဲ့ပါတယ်။

ကီအာရန်က သူ့ရဲ့ဆံပင်တွေကို လှူဒါန်းခဲ့တဲ့အပြင် Kieran’s Curls for Cancer လို့ ခေါ်တဲ့ St.Jude’s Hospital ကနေတဆင့် ရန်ပုံငွေရှာပေးခဲ့သေးပါတယ်။ သူက St.Jude’s အတွက် ဆံပင် (၁) လက်မကို ဒေါ်လာ ၁၀၀၀ လှူဒါန်းကြဖို့ ရန်ပုံငွေကောက်ခံပေးခဲ့တာပါ။ အခုလက်ရှိအချိန်မှာတော့ ကီအာရန်က ဒေါ်လာ ၂၅၈၆၅ ရန်ပုံငွေရရှိနေပါပြီ။

ှSt.Jude’s ဆေးရုံအတွက် ရန်ပုံငွေရှာပေးဖြစ်တာနဲ့ Children with Hair Loss ဆီ သူ့ရဲ့ဆံပင်တွေလှူဒါန်းဖြစ်တာတွေရဲ့နောက်ကွယ်က အကြောင်းအရင်းက ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ “(၈) တန်းကျောင်းတတ်တဲ့နှစ် ဒီဇင်ဘာမှာ ကျွန်တော့်သူငယ်ချင်း ဂျိုရှ် (Josh)ဟာ ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒါက ဆိုးရွားလွန်းပါတယ်” လို့ ကီအာရန်က ပြောပါတယ်။ သူ့ရဲ့ပြောစကားအရ St.Jude’s ဆေးရုံက ဂျိုရှ် ကင်ဆာရောဂါကို တွန်းလှန်နေတဲ့အချိန်မှာ သူ့ရဲ့မိသားစုကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ သူ့သူငယ်ချင်းကြောင့်ပဲ ဆေးရုံအတွက် ရန်ပုံငွေရှာပေးခဲ့တာပါ။ “ကျွန်တော် ကင်ဆာရောဂါသည်တွေအတွက် ရန်ပုံငွေရှာတဲ့အခါ အမြဲတမ်းထောက်ပံ့ပေးချင်ခဲ့တာပါ” လို့ ကီအာရန်က ပြောပါတယ်။

Ref: ABCNews “17-year-old headed to Air Force Academy donates hair to children with cancer”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top