အမြီးပိုင်းမှ လူနှစ်ဦးပဲ အသက်ရှင်လွတ်မြောက်ခဲ့ပြီး လူ ၁၇၉ ဦး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားလေယာဉ်ပျက်ကျမှု

30.12.2024-yyl-1.jpg

လူ ၁၇၉ ဦး သေဆုံးခဲ့တဲ့ တောင်ကိုရီးယား ခရီးသည်တင် လေယာဉ်ပျက်ကျမှုမှာ လေယာဉ်အမြီးပိုင်းမှာ ရှိနေတဲ့ အမှုထမ်းနှစ်ဦးပဲ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ခရီးသည် ၁၇၅ ဦး၊ အမှုထမ်း ၆ ဦး လိုက်ပါလာတဲ့ Jeju လေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် 2216 ဘိုးရင်း 737-800 လေယာဉ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း မူအမ်နိုင်ငံတကာလေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်ကာ ဝမ်းဗိုက်နဲ့ဆင်းသက်မိခဲ့ပြီး နံရံတစ်ခုကို ဝင်တိုက်ကာ မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်အမြီးပိုင်းကလွဲပြီး ကျန်တဲ့အပိုင်းတွေဟာ ရုပ်လုံးမပေါ်အောင် ပျက်စီးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ငှက်ကို တိုက်မိတာ၊ ရာသီဥတု ဆိုးရွားတာ စတဲ့အချက်တွေကြောင့်လား ဆိုတာကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ လေဆိပ်အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ငှက်ကို တိုက်မိပြီး လေယာဉ်ဘီးမထွက်တာကြောင့် ဝမ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရဖွယ် ရှိတယ်လို့ သိရပါတယ်။

အသက်ရှင် ကျန်ရစ်သူနှစ်ဦးကတော့ လေယာဉ်အမှုထမ်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံယူလျက်ရှိပါတယ်။ ဒီဖြစ်ရပ်ဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း (ဂူအမ်သစ်တောမှာ ကိုရီးယားလေကြောင်းလိုင်းရဲ့ ဘိုးရင်း ၇၄၇ လေယာဉ်ပျက်ကျခဲ့ပြီး လူ ၂၂၈ ဦး သေဆုံးမှု) တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှုပါ။ ခရီးသည်တွေထဲမှာ ထိုင်းနိုင်ငံသူ အမျိုးသမီးနှစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ တောင်ကိုရီးယားနိုင်ငံသားတွေ ဖြစ်မယ်လို့ တောင်ကိုရီးယားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၀၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Jeju လေကြောင်းလိုင်းဟာ စရိတ်နည်း လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတွေထံ နိုင်ငံတကာခရီးစဉ်တွေ ပြေးဆွဲနေသလို ပြည်တွင်းလေကြောင်းခရီးစဉ်တွေလည်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။

Ref: 179 dead in South Korea’s worst plane crash in decades
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top