မွေးကင်းစက ခြေထောက်မပါလို့ စွန့်ပစ်ခံခဲ့ရတဲ့ ၁၉ နှစ်ကောင်လေးက မသန်စွမ်းအိုလံပစ်မှာ အမေရိကန်အတွက် ရေခဲပြင်ဟော်ကီရွှေတံဆိပ်ဆုကို ယူဆောင်ပေးခဲ့

gold.jpg

( ပုံထဲမှာ ညာဘက်ဆုံးက ကေဒန် ဘီစလီ ပါ။ )

မွေးရာပါခြေထောက်အောက်ပိုင်းအရိုးမပါတဲ့ အသက် ၁၉ နှစ်အရွယ် ကေဒန် ဘီစလီဆိုတဲ့ ကောင်လေးရဲ့ဘဝဟာ တရုတ်မိဘမဲ့ဂေဟာတစ်ခုမှာ စတင်ခဲ့တာပါ။ ဒါပေမဲ့ သူ့အသက် ၃ နှစ်၊ ခရစ္စမတ်နေ့မှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က မြို့ငယ်လေးရှိ အန်သိုနီနဲ့ အမ်မီ ဘီစလီတို့က သူ့ကိုမွေးစားခဲ့ပြီးချစ်စရာမိသားစုမှာ လူလားမြောက်ခဲ့ပါတယ်။ အခုဆို အီတလီမှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

သူဟာ သူ့ရှေ့က အခက်အခဲအတားအဆီးတိုင်းကို ချိုးဖျက်ပြီး ၂၀၂၆ ခုနှစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ရေခဲပြင်ဟော်ကီရွှေတံဆိပ်ဆုကို အမေရိကန်နိုင်ငံဆီ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

သူ့အသက် ၁၃ နှစ်မှာ Carolina Hurricanes sled hockey clubအကြောင်း တစ်စုံတစ်ယောက်ဆီက စကြားခဲ့တာပါ။ (Sled Hockey ဆိုတာက ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသူတွေအတွက် USA Hockey က စီစဉ်ထားတဲ့ ရေခဲပြင်ဟော်ကီကစားနည်းတစ်မျိုးဖြစ်ပြီး၊ ကစားသမားတွေက စကိတ်ဘလိတ် (၂) ခုတပ်ဆင်ထားတဲ့ သေးငယ်သောစွတ်ဖား (Sled) ပေါ်မှာထိုင်ကာ အထူးပြုလုပ်ထားတဲ့တုတ်တံနှစ်ချောင်းနဲ့ကစားရတဲ့ အလွန်မြန်ဆန်ပြီး ကိုယ်ခန္ဓာအပေါ်ပိုင်းအားကိုသုံးရတဲ့ အားကစားနည်းပါ)

မကြာခင်မှာပဲ ရည်မှန်းချက်အသစ်နဲ့ စိတ်အားထက်သန်မှုက ကေဒန်ရဲ့ဘဝကို လွှမ်းမိုးသွားပြီး သူ့ကို ဟော်ကီကစားဖို့ တွန်းအားပေးခဲ့ပါတယ်။ သူဟာ Sled Hockey အတွက် Team USA development camp ကို ဖိတ်ကြားခံခဲ့ရပြီး နောက်ဆုံးမှာ အသင်းထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် 2025 World Para Ice Hockey Championship မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲ ၅ ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ကာ Team USA ကို ရွှေတံဆိပ်ဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုလထဲမှာ အီတလီရှိ Milano Cortina 2026 Winter Paralympics မှာ စကိတ်စီးခဲ့ပါသေးတယ်။

အသက် ၁၉ နှစ်အရွယ်မှာ ကေဒန်က အသင်းအတွက် တတိယအငယ်ဆုံးအဖွဲ့ဝင်ဖြစ်နေဆဲပါ။ ဒါပေမဲ့ သူက Team USA အတွက် ပွဲ ၅ ပွဲလုံးမှာ ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ကာ အမေရိကန်ကို နောက်ထပ်ရွှေတံဆိပ်ဆုရအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

Ref: 19-Year-old Abandoned at Birth Without Legs Leads USA to Sled Hockey Gold at Paralympics

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top