COVID-19 ကာကွယ်ဆေးထိုးနှံပြီးသွားတဲ့ ဝါရင့်မင်းသားကြီး အာနိုးရှဝါဇနက်ဂါ

21-1-2021-yyl-10.jpg

ဟောလိဝုဒ်လောကရဲ့ဝါရင့်မင်းသားကြီး အာနိုးရှဝါဇနက်ဂါ (Arnold Schwarzenegger) က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေကို ဟန့်တားတဲ့အနေနဲ့ COVID-19 ကာကွယ်ဆေးကို မနေ့က ထိုးနှံခဲ့ပါတယ်။ ကယ်လီဖိုးနီးရီးယားပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ မင်းသားကြီး အာနိုးက ကာကွယ်ဆေးထိုးနှံနေတဲ့ ဗီဒီယိုကို တွစ်တာအကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုလေးထဲမှာတော့ လော့စ်အိန်ဂျယ်လိစ်မြို့က Doger အားကစားကွင်း မှာ အာနိုးက အနက်ရောင် SUV ကားအမျိုးအစားရဲ့ကားတံခါးပေါက်ကနေတဆင့် ကာကွယ်ဆေးအထိုးခံနေတာပါ။ အားကစားကွင်းရဲ့ကားရပ်နားရာနေရာကို ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့နေရာအဖြစ် ပြောင်းလဲထားတာဖြစ်ပါတယ်။

အာနိုးက “အဲဒီအပ်ကြီးကို ချထားလိုက်ပါ” လို့တောင် သူ့ကို ဆေးထိုးပေးနေတဲ့ သူနာပြုကို စနှောက်လိုက်ပါသေးတယ်။ ကျန်းမာရေးဝန်ထမ်းကို ကျေးဇူးတင်ပြီးတဲ့နောက်မှာတော့ “ကျွန်တော် ကာကွယ်ဆေးထိုးပြီးသွားပြီ” လို့ ပြောပါတယ်။ “ကျွန်တော် ဘယ်သူကိုမဆို၊ လူတိုင်းကိုပါ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ထောက်ခံချက်ပေးချင်ပါတယ်။ မင်းတို့ အသက်ရှင်ချင်ရင် ငါနဲ့လိုက်ခဲ့” ဆိုတဲ့ Terminator 2 ဇာတ်ကားထဲက စာသားကိုတောင် ဆိုခဲ့ပါတယ်။

တွစ်တာမှာ တင်ခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ အာနိုးရေးသားထားတာကတော့ “ဒီနေ့ ကောင်းသောနေ့လေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် အခုလိုတန်းစီစောင့်ရတာလောက် ပျော်ရွှင်ခဲ့ဖူးတာမရှိဘူး” ပါတဲ့။ အသက် ၇၃ နှစ်အရွယ်ဖြစ်တဲ့ အာနိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ချေများတဲ့ အသက်အပိုင်းမှာပါဝင်ပါတယ်။ လက်ရှိမှာတော့ လော့စ်အိန်ဂျယ်လိစ်မြို့က အသက် ၆၅ နှစ်၊ ၆၅ နှစ်နဲ့အထက်လူတွေပဲ ကာကွယ်ဆေးထိုးနှံခွင့်ရဦးမှာဖြစ်ပါတယ်။

Ref: ABCNews “‘Come with me if you want to live’: Arnold Schwarzenegger gets COVID-19 vaccine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top