ပြည်ပဥပဒေစိုးမိုးရေးအရာရှိတွေအဖြစ် ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုနှစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၆ သန်း လိမ်လည်ရယူမှု ဖြစ်ပွား

23.1.2025-yyl-၉.jpg

ပြည်ပဥပဒေစိုးမိုးရေး အရာရှိတွေအဖြစ် ဟန်ဆောင်ပြီး သက်ကြီးရွယ်အို နှစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး လိမ်ညာရယူမှု ဖြစ်ပွားခဲ့တယ်လို့ စင်ကာပူရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း လိမ်လည်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ဦးက ဒေါ်လာ ၁ သန်း၊ နောက်တစ်ဦးက ဒေါ်လာ ၄.၉ သန်း အလိမ်ခံခဲ့ရတာပါ။

လိမ်လည်မှု ၂ ခုလုံးမှာ လူလိမ်တွေဟာ Singtel နဲ့ Starhub အစရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေမှ အရာရှိတွေလို ဟန်ဆောင်ပြီး သူတို့ရဲ့ဖုန်းနံပါတ်တွေဟာ တိုင်းတပါးမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်မှုရှိနေကြောင်း ဖုန်းဆက်ခဲ့ကြတာပါ။ အဲဒီနောက်မှာ ပြည်ပမှ ဥပဒေစိုးမိုးရေးအရာရှိဆိုသူတွေထံ ဖုန်းလွှဲပေးကာ ဘဏ်အကောင့်ထဲမှ ငွေထုတ်ပေးဖို့ ခြိမ်းခြောက်ခြင်း ခံခဲ့ရတာပါ။

လိမ်လည်ခံရသူတွေက ဘဏ်အကောင့်ထဲကနေ ပိုက်ဆံ ထုတ်ဖို့ အခက်ကြုံနေချိန်မှာ လူလိမ်တွေက လူတစ်ဦးကို စေလွှတ်ပြီး ဘဏ်အကောင့်ထဲမှ ငွေထုတ်နိုင်အောင် လုပ်ခဲ့ကြပါတယ်။ လိမ်လည်မှုတစ်ခုမှာတော့ ရဲတပ်ဖွဲ့ သက်သေခံကတ်ပြားအတုကို အသုံးပြုခဲ့ပြီး သူတို့ရဲ့ လိမ်ညာမှု ပိရိအောင် အိမ်ကိုပါ မှတ်တမ်းမှတ်ရာအတုတွေ ပို့ခဲ့ကြပါသေးတယ်။

ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့ထံ အကြောင်းကြားချိန်မှာတော့ လူလိမ်တွေ ပျောက်ချင်းမလှ ပျောက်သွားကြချိန်မှသာ သူတို့အလိမ်ခံရမှန်း သိခဲ့ကြတာပါ။ အလားတူ ဖြစ်ရပ်မျိုးနဲ့ ထပ်အလိမ်မခံရအောင် သတိထားကြဖို့ စင်ကာပူရဲတပ်ဖွဲ့က နှိုးဆော်ထားပြီး ပြည်ပနိုင်ငံတွေမှ တရားဥပဒေစိုးမိုးရေးအရာရှိတွေဟာ စင်ကာပူနိုင်ငံ (သို့မဟုတ်) စင်ကာပူနိုင်ငံမှ နိုင်ငံသားတွေကို တိုက်ရိုက်စုံစမ်းစစ်ဆေးပိုင်ခွင့် မရှိဘူးလို့လည်း ဖြည့်စွက်ပြောကြားထားပါတယ်။

Ref: 2 elderly victims lose about $6m to fake ‘overseas police officer’
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top