မြောက်ကိုရီးယားဆီ လာရောက်လည်ပတ်ဖို့ ပုပ်ရဟန်းမင်းကြီးကို ကင်ဂျုံအန်း ဖိတ်ကြား

44496513_340847243338689_4295752304352559104_n.jpg

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Pope Francis) ဟာ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ မြောက်ကိုရီးယားကို အလည်အပတ်ခရီး လာရောက်ဖို့ ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ပြီး လက်ခံ စဉ်းစားသွားဖွယ် ရှိနေပါတယ်။

အဆိုပါဖိတ်ကြားမှုကိုတော့ ဗာတီကန် (Vatican) ကို ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်း (Moon Jae-In) ကနေတဆင့် ကင်ဂျုံအန်းက ပုပ်ရဟန်းမင်းကြီးထံ အမှာစကား သဝဏ်လွှာ ပါးလိုက်တာဖြစ်ပါတယ်။

ကင်ဂျုံအန်းဟာ မကြာမီလပိုင်းတွေမှာ တောင်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ပါ တွေ့ဆုံသွားဖို့ရှိပြီး နိုင်ငံတကာနဲ့ သံတမန်ရေးရာ အစီအစဉ်တွေအနေနဲ့ ထိပ်သီးအစည်းအဝေးပွဲတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီလိုအချိန်မှာ ပုပ်ရဟန်းမင်းကြီးကိုပါ ဖိတ်ကြားခဲ့တာဖြစ်ပြီး မြောက်ကိုးရီးယားရဲ့ ကမ်းလှမ်းမှုကို ဗာတီကန်အစိုးရဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းတော့ မရှိသေးပါဘူး။

အစဉ်အလာအရ မြောက်ကိုးရီးယားကို ယခင် ပုပ်ရဟန်းမင်းအဆက်ဆက် တစ်ဦးမှ လာရောက်ခဲ့ဖူးခြင်း မရှိသလို မြောက်ကိုးရီးယားဟာ ဘာသာရေးအရ အပြင်းအထန် ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အစဉ်အလာဆိုးတွေ ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ဘာသာရေး ယုံကြည်သက်ဝင်သူတွေကို ဖမ်းဆီး အကျဉ်းချပြီး နှိပ်စက်သတ်ဖြတ်မှုတွေအထိ ကျူးလွန်ခဲ့ဖူးပြီး Open Doors USA တရားရုံး ရှေ့နေအဖွဲ့ရဲ့အဆိုအရ လက်ရှိမှာ ခရစ်ယာန် ဘာသာဝင်ဦးရေ ၅သောင်းခန့်ဟာ မြောက်ကိုးရီးယားရဲ့ အကျဉ်းစခန်းနဲ့ အလုပ်ကြမ်းထောင်တွေမှာ ပြစ်ဒဏ်ပေးခြင်းခံထားရတယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံရဲ့ သင်းအုပ် ဆရာတစ်ဦးဟာလည်း ဘာသာရေးကိုအသုံးချပြီး မြောက်ကိုးရီးယားအစိုးရကို ပုန်ကန်ဖြုတ်ချဖို့ ကြိုးစားခဲ့တယ်လို့ အမှုဆင်ခံခဲ့ရပြီး မြောက်ကိုရီးယားမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။ မြောက်ကိုရီးယားမှာ အမေရိကန်-ကိုရီးယား ခရစ်ယာန်သာသနာပြုဖို့ စေလွှတ်ခံရတဲ့ Kenneth Bae ဟာလည်း ဘာသာရေးနဲ့ မြောက်ကိုးရီးယားရဲ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခဲ့တယ်လို့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရဖူးပါတယ်။

ဒါကြောင့် ပုပ်ရဟန်းမင်းကြီးဟာ အဆိုပါဖိတ်ကြားမှုကို လက်ခံပြီး မြောက်ကိုရီးယားကိုသာ ကိုယ်တိုင်သွားရောက်ခဲ့ရင် ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့်ကို ဖောက်ဖျက်ပြီး အကြီးမားဆုံး ရာဇဝတ်မှုနဲ့ ပြစ်မှုတွေကျူးလွန်ထားဖူးတဲ့ ရာဇဝတ်နိုင်ငံတစ်ခုကို ထောက်ခံအားပေးရာရောက်နေမှာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းမှာလည်း စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။

Ref: CNN “Pope receives Kim Jong Un’s invitation to visit North Korea”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top