ပလတ်စတစ်အမှိုက်တွေကို ဖိနပ်အဖြစ် ပြောင်းလဲပေးနေတဲ့ အိန္ဒိယလူငယ်

8.3.2023-yyl-iamge-10.jpg

၂၀၁၇ ခုနှစ်က စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုဘွဲ့(BA ဘွဲ့)ယူဖို့ ကြိုးစားနေချိန်မှာ အရှေဘာဝီရဲ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာခဲ့တယ်။ ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ဖိနပ်အဖြစ် ပြောင်းလဲလို့ ရနိုင်မလားဆိုတဲ့ အတွေး။ အဲဒီတုန်းက သူ့အသက် ၁၈ နှစ်။

သူ့ဝက်ဘ်ဆိုက်မှာ ရေးထားတဲ့ စာသားက ” ဒီကြိုးပမ်းမှုရဲ့ ရည်ရွယ်ချက်က နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ ပလတ်စတစ်အိတ် ဘီလျံ ၁၀၀ ရှိနေတဲ့ ပြဿနာကို ဖြေရှင်းနည်းရှာဖွေဖို့ပါ။ အဲဒီအိတ်တွေထုတ်ဖို့ ရေနံစည် ၁၂ သန်း ကုန်တယ်။ ပလတ်စတစ်တွေကြောင့် နှစ်စဉ်နှစ်တိုင်း ရေနေသတ္တဝါ ၁၀၀၀၀၀ သေဆုံးနေတယ်”တဲ့။

သူ့အတွေးကို အကောင်အထည်ဖော်ဖို့ အရှေက ၂ နှစ်ကြာ သုတေသနလုပ်တယ်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကနေ သားရေသားပုံစံ ချည်မျှင်ဒီဇိုင်း ပုံဖော်တယ်။ နောက်တော့ မွမ်ဘိုင်းမြို့က ဖိနပ်ပြင်ဆိုင်ကိုသွားပြီး ပုံစံငယ်ဖန်တီးခိုင်းတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်တဲ့ ချည်မျှင်ကို ဖိနပ်ချုပ်လို့ ရနိုင်၊ မရနိုင်ဆိုတာ စမ်းသပ်ကြည့်တယ်။ စမ်းသပ်မှု အောင်မြင်သွားလို့ ၂၀၂၁ ခုနှစ်မှာ အရှေက ”Thaely” ဆိုတဲ့ အမှတ်တံဆိပ်ကို စတင်ခဲ့တာပါ။ ဟင်ဒီဘာသာစကားအရ Thaely ဆိုတာ ပလတ်စတစ်အိတ်လို့ အဓိပ္ပာယ်ရပါတယ်။

သူတို့ဟာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစက်ရုံကနေ ပလတ်စတစ်တွေ သွားယူပါတယ်။ ပြီးတော့ ရေဆေးသန့်စင်ပြီး ပလတ်စတစ်အရွက်တွေ ညှပ်တယ်။ အပူပေးစနစ်နဲ့ဖိပြီး ပလတ်စတစ်အချပ်တွေ လုပ်တယ်။ ဒါဟာ Thaely ဖိနပ်တွေရဲ့ ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှုပါပဲ။

ပလတ်စတစ်အိတ် ၁၀ လုံးနဲ့ ပလတ်စတစ်ဘူး ၁၅ လုံးကနေ ဖိနပ်တစ်ရံစာအတွက် ကုန်ကြမ်းရပါတယ်။ လက်ရှိအချိန်အထိ Thaely အမှတ်တံဆိပ်ဟာ ပလတ်စတစ်အိတ် ၅၀၀၀၀ နဲ့ ပလတ်စတစ်ဘူး ၄၈၀၀၀ ကို ကုန်ကြမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ Thaely အမှတ်တံဆိပ် ဖိနပ်တစ်ရံကိုတော့ ရူပီး ၈၀၀၀ ( မြန်မာငွေ ၂ သိန်း) ကျသင့်ပါတယ်။ စီးပြီးသားဖိနပ်တွေကိုလည်း အသစ်နဲ့ ပြန်လဲခွင့် ရှိပါတယ်။

အခုချိန်မှာတော့ အရှေက Thaely အမှတ်တံဆိပ်ဖိနပ်တွေကို အိန္ဒိယပြည်တွင်းမှာတင် မဟုတ်ဘဲ ဒူဘိုင်း၊ ဥရောပ၊ အမေရိကနဲ့ သြစတြေးလျ ဈေးကွက်တွေမှာပါ ရောင်းချနိုင်ဖို့ စီစဉ်နေပါပြီ။

ထုတ်လုပ်မှုဗီဒီယိုလင့်ခ်

Ref: 24-YO Makes Shoes From Plastic & Rubber Waste; Recycles 50000 Plastic Bags, 48000 Bottles

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top