အလုပ်ထွက်တဲ့အခါလက်မခံသင့်တဲ့ တန်ပြန်ကမ်းလှမ်းမှု

105176757-GettyImages-889570084.jpg

အလုပ်ထွက်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ရပ်တော့မဟုတ်ပါဘူး။ ထွက်သင့်၊ မထွက်သင့် လွန်ဆွဲ ဒွန်တွဲနေတတ်သလို အထက်လူကြီးက တန်ပြန်ကမ်းလှမ်းမှုတွေပေးလာခဲ့ရင် ဆက်နေရမလားဆိုတဲ့စိတ်နဲ့ ဒွိဟတွေဖြစ်ရပါတယ်။ ဒါပေမဲ့ လက်ရှိအလုပ်က တက်လမ်းမရှိဘဲ ထွက်မှသာအဆင်ပြေတဲ့အချိန်မှာ အထက်လူကြီးရဲ့ ဆွယ်စကားကြောင့် အလုပ်ဟောင်းထဲပြန်ဝင်မယ်ဆိုရင်တော့ ဒါကဆိုးရွားလှပါတယ်။

တကယ်လို့ မိတ်ဆွေကသာ အလုပ်ထဲမှာအားကိုးရတဲ့သူတစ်ယောက်ဆိုရင် အလုပ်ရှင်က သေချာပေါက် လက်လွှတ်ခံမှာမဟုတ်ပါဘူး။ ဒီလိုအချိန်မှာ စဉ်းစားသင့်တာတစ်ခုက အစတည်း ကိုယ့်ရဲ့ အရည်အချင်းကို သေချာပေါက်တန်ဖိုးထားခဲ့တယ်ဆိုရင် အလုပ်ထွက်မှ ပျာပျာသလဲလုပ်ပြီး ကိုယ်လိုချင်တာပြောကြည့်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးလာမှာမဟုတ်ပါဘူး။ ကိုယ့်နေရာမှာအစားထိုးဖို့ နောက်လူတစ်ယောက်မရသေးတဲ့အချိန်ထိ ဆွဲထားချင်လို့သာ တန်ပြန်ကမ်းလှမ်းမှုလုပ်တယ်လို့မှတ်လိုက်ပါ။

 

အလုပ်ထွက်တော့မယ်လို့တင်ပြလိုက်တဲ့အချိန်မှာ အလုပ်ရှင်က ကိုယ့်အပေါ် ယုံကြည်မှုလုံးဝမရှိတော့သလို ကိုယ့်နေရာမှာ အခြားတစ်ယောက်ကို ဘယ်လိုမြန်မြန်အစားထိုးရမယ်ဆိုတဲ့ အတွေးတွေလည်း သူတို့ခေါင်းထဲမှာ ပေသီးခေါက်နေပါပြီ။ နောက်လာမယ့်လူဆိုရင်တော့ ဘယ်လိုမျိုးခေါ်မှဖြစ်တော့မယ်ဆိုတဲ့ အိုင်ဒီယာလည်း ထုတ်ကောင်းထုတ်နေမှာပါ။

တကယ်လို့ မိတ်ဆွေက အခြားအလုပ်တစ်ခုကိုပြောင်းချင်လို့ အလုပ်ထွက်ဖို့ပြင်ဆင်နေပြီး မသေချာသေးဘူး ဖြစ်နေတယ်ဆိုရင်တော့ အလုပ်ထွက်ဖို့ဆွေးနွေးမှုကို မစတင်သင့်သေးပါဘူး။ လူတော်တော်များများ လုပ်တတ်တဲ့အမှားက စိတ်ထဲမှာ ကြိုတင်ပြင်ဆင်မှုမရှိသေးဘဲ အလုပ်ထွက်ဖို့ကိုအလွယ်လေး ဆုံးဖြတ်တတ်ကြတာပါ။

အလုပ်ထွက်မယ်လို့ သေချာစိတ်ပိုင်းဖြတ်ပြီးပြီဆိုမှ အလုပ်ထွက်စာကို သတ်မှတ်ထားတဲ့အချိန်မှာတင်ပြီး နောက်ပြန်လှည့်ကြည့်စရာမလိုအောင် ပြတ်သားတာအကောင်းဆုံးပါ။ ဒီလိုမှမဟုတ်ဘဲ ထွက်မယ်ဆိုတဲ့ အသံပေးပြီး လစာတိုး၊ ရာထူးတိုးချင်တာဆိုရင်တော့ ဝန်ထမ်းရေးရာက တကူးတကခေါ်တွေ့ပြီး တန်ပြန်ကမ်းလှမ်းမှုတွေနဲ့ ခဏဆွဲထားမှာဖြစ်ပါတယ်။

 

 

ဒါကြောင့် အလုပ်ထွက်မယ်ဆိုရင် နိုင်ငံခြားကားတွေမှာလို နှုတ်ထွက်စာဆိုပြီး စာအိတ်လေးထဲမှာ စာတစ်စောင်ရေးတင်ကာ HR ကိုတန်းပို့လိုက်တာအကောင်းဆုံးပါပဲ။ ထွက်ရတဲ့အကြောင်းရင်းကို ပေးတဲ့အခါမှာလည်း တိကျကျစ်လျစ်ပြီး မရေမရာ၊ မရှင်းမလင်းတွေမရှိအောင် ဂရုစိုက်ရပါမယ်။

 

ကုမ္ပဏီက ကိုယ့်အတွက်ဘယ်လိုမှအဆင်မပြေလို့ ထွက်တယ်ဆိုရင်တောင်မှ exit interview မှာ ကုမ္ပဏီရဲ့ လိုအပ်ချက်တွေကို အကြံပြု၊ ဝေဖန်ထောက်ပြခဲ့တာမျိုး ပြုလုပ်ခဲ့နိုင်ပါတယ်။

Ref: cnbc “when resigning, here’s why you should never accept that counteroffer”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top