ဘီလျံနာ (၁၀) ဦးရဲ့ နာမည်ကျော် ခြိုးခြံချွေတာတတ်သောအလေ့အကျင့်များ

416x416.jpg

သင့်ကို ချမ်းသာစေမှာက သင့်ရဲ့လစာမဟုတ်ပါဘူး။ သင့်ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာပါပဲ။ ဒီစကားက အမှန်ပါပဲ။ ဒီစကားအတိုင်း ချိန်ကိုက်ကြည့်တဲ့အခါမှာ ကမ္ဘာပေါ်က အချမ်းသာဆုံးဘီလီယံနာတွေမှာလည်း ခြိုးခြံချွေတာတတ်တဲ့အမူအကျင့်လေးတွေ ရှိတာ ကိုတွေ့ရှိရပါတယ်။

ဒီလိုအမူအကျင့်လေးကို အတုယူမယ်ဆိုရင် သင့်ရဲ့ ငွေကြေးကြွယ်ဝမှုဟာလည်း ပြောင်းလဲလာနိုင်ပါတယ်။ ဒါ့ကြောင့် ရိုးရာလေးပရိတ်သတ်ကြီးအတွက် ဘီလီယံနာတွေ ငွေကြေး ဘယ်လိုသုံးစွဲတတ်ကြလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မာခ်ဇူကာဘာဂ်ျဟာ ဒေါ်လာ ၃၀၀၀၀ တန်ကားကိုသာစီးပါတယ်

ဇူကာဘာဂ်ျအနေနဲ့ Ferrari လိုကားမျိုးကို တစ်လ တစ်စီးဝယ်စီးနိုင်ပေမဲ့ Facebook Founder ဇူကာဘာဂ်ျဟာ Manual ကားအမျိုးအစားဖြစ်တဲ့ Volkswagon  GTI ကိုသာ မောင်းနှင်ပြီး ဒီကားရဲ့တန်ဖိုးဟာ ဒေါ်လာ ၃ သောင်း (မြန်မာငွေ သိန်း ၄၁၀ ခန့်) သာရှိပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူ Priscilla Chan နဲ့လက်ထပ်ပွဲကိုလည်း သူတို့ရဲ့ အိမ်နောက်ဘက်မှာသာ ကျင်းပခဲ့ပါတယ်။ ၂၀၁၂ နှစ် အီတလီဟန်းနီးမွန်းသွားစဉ်မှာလည်း ဇူကာဘာဂ်ျတို့ ဇနီးမောင်နှံဟာ McDonald မုန့်ကိုစားနေခဲ့ကြတာကို မြင်ခဲ့ရပါတယ်။ ဇူကာဘာဂ်ျတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာကောင်တီရှိ ပါလိုအာတိုမြို့မှာ ဒေါ်လာ ၇ သန်းတန်အိမ်ကို ဝယ်ယူခဲ့ပေမဲ့ လူအများစုကတော့ဒီအိမ်ဟာ ဇူကာဘာဂ်ျရဲ့ ကြွယ်ဝမှုနဲ့ ယှဉ်ရင် နည်းနေသေးတယ်လို့ ပြောဆိုကြပါတယ်။

၂။ ဝါရင်ဘတ်ဖတ်ဟာ ၁၉၅၈ ခုနှစ်က ဒေါ်လာ ၃၁၅၀၀ နဲ့ဝယ်ယူခဲ့တဲ့ အိမ်မှာပဲနေထိုင်ဆဲဖြစ်ပါတယ်။

Berkshire Hathaway လုပ်ငန်းစုရဲ့ CEO ဖြစ်သူ ဝါရင်ဘတ်ဖတ်ဟာ ၂၀၁၇ မတ်လစာရင်းအရ ပိုင်ဆိုင်မှု ဒေါ်လာ ၇၃.၃ ဘီလီယံ ကြွယ်ဝသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာစတုတ္ထမြောက်အချမ်းသာဆုံး ဘီလီယံနာ တစ်ယောက်ဖြစ်ပေမဲ့ နီဘာရာစကာပြည်နယ် (Nebraska) အိုမားဟားမြို့(Omaha)ရှိ ပေ ၆၀၀၀ ကျယ်ဝန်းတဲ့အိမ်မှာ နေထိုင်ဆဲဖြစ်ပါတယ်။ ဒီအိမ်ဝယ်ယူမှုကို ဘတ်ဖတ်ဟာ သူ့ဘဝရဲ့ တတိယ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုလို့ခေါ်ဆိုခဲ့ပြီး သူ့ရဲ့ အိမ်ပေါက်ဈေးဟာလက်ရှိအချိန်မှာ ဒေါ်လာ ၂.၅ သန်းသာရှိပါတယ်။

၃။ ဘီလ်ဂိတ်ဟာ ၁၀ ဒေါ်လာတန် နာရီကိုသာ ဝတ်ဆင်ပါတယ်။

Rolex နာရီတွေကို မေ့လိုက်ပါ။ ဘီလ်ဂိတ်ဟာ သူရဲ့ လက်ကောက်ဝတ်မှာ ၁၀ ဒေါ်လာတန် နာရီကိုသာ ဆင်ယင်ထားပါတယ်။ ဒါ့အပြင်ဘီလ်ဂိတ်ဟာ ရှေးဆန်သူတစ်ယောက်လို့ဆိုရမှာဖြစ်ပြီး သူ့ရဲ့မိသားစုစားတဲ့ ပန်းကန်တွေကို ဝင်ဆေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

၄။ Dish Network တည်ထောင်သူ ချာလီအာဂန် ဟာ အိမ်ကနေအမြဲတမ်း အညိုရောင် ထမင်းချိုင့်အိတ်လေးကို ထည့်သွားလေ့ရှိပါတယ်။

ချာလီအာဂန် (Charlie Ergen) ဟာ Dish Network ရဲ့တည်ထောင်သူတစ်ယောက်ဖြစ်ပြီး ဒေါ်လာ ၁၄.၅ ဘီလီယံ ကြွယ်ဝသူတစ်ယောက်ဖြစ်ပေမဲ့ နေ့လည်စာကို အပြင်ထွက်စားလေ့မရှိဘဲ အသားညှပ် ပေါင်မုန့်(ဆင်းဒဝှစ်) နဲ့ ဖျော်ရည်တစ်မျိုးထည့်ထားတဲ့ ထမင်းချိုင့်အိတ်ကိုသာ နေ့စဉ်ယူသွားပြီး သုံးဆောင်လေ့ရှိပါတယ်။ ချာလီအာဂန်ဟာ “ကျွန်တော်ကစီးပွားရေးကျပ်တည်းတဲ့ မိသားစုက ကြီးပြင်းလာသူတစ်ယောက်ပါ။ ကျွန်တော် မဟော်ဂနီစားပွဲမျိုးလည်း မသုံးပါဘူး ”  လို့ပြောခဲ့ဖူးပါတယ်။

၅။ ကားလိုစ် ဆလင်းဟူလူး ဟာ ဒရိုင်ဘာ ထားသူမဟုတ်ဘဲ အလုပ်နဲ့အိမ်ကို ကိုယ်တိုင်ကားမောင်းသွားလေ့ရှိပါတယ်။

မက်ဆီကို ဘီလီယံနာသူဌေးကြီးတစ်ယောက်ဖြစ်တဲ့ ကားလိုစ် ဆလင်းဟူးလူး (Carlos Slim Helú) ဟာ ယာဉ်မောင်း ထားသူတစ်ယောက်မဟုတ်ဘဲ Mercedes-Benz ကားကို ကိုယ်တိုင်တိုယ်ကျ မောင်းနှင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင်အဝတ်အစားကိုလည်း သူ့ရဲ့ စတိုးဆိုင်တွေမှ  ရယ်ဒီမိတ်တွေသာဝတ်ဆင်သူလည်းဖြစ်ပါတယ်။

၆။ Walmart ပိုင်ရှင်ဖြစ်တဲ့ ဂျင်ဝဲလ်တန်ဟာ ၁၅ နှစ်ကျော်သက်တမ်းရှိတဲ့ Dakota pickup ကားလေးကိုသာ မောင်းနှင်သူတစ်ယောက်ဖြစ်ပါတယ်။

Walmartပိုင်ရှင်ဖြစ်တဲ့ ဂျင်ဝဲလ်တန် (Jim Walton) ဟာ အမေရိကန်အချမ်းသာဆုံး မိသားစုဝင်တစ်ယောက်ဖြစ်ပေမဲ့ Walmart တည်ထောင်သူ သူ့ရဲ့ဖခင်ဖြစ်တဲ့ Sam Walton ရဲ့ပိုက်ဆံ ခြိုးခြံချွေတာတတ်တဲ့ အကျင့်ကိုအမွေဆက်ခံခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသားတင်ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၃၃.၆ ဘီလီယံ ကြွယ်ဝသူတစ်ယောက်ဖြစ်ပေမဲ့ ဂျင်ဝဲလ်တန်ဟာ ၁၅ သက်တမ်းရှိတဲ့ Dodge Dakota pickup လေးကိုသာ စီးနင်းသူတစ်ယောက်ဖြစ်ပါတယ်။

၇။ ဂျွန်ကလောလ်ဒီဝဲလ်ဟာ သူဆံပင်ကို ကိုယ်တိုင်ရိတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်ဖြစ်တဲ့ Phones 4u ကိုတည်ထောင်သူဖြစ်ပြီး ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၂.၄ ဘီလီယံရှိတဲ့ ဂျွန်ကလောလ်ဒီဝဲလ်ဟာ (John Caudwell)  ဟာ သူ့ရဲ့ဆံပင်ကို ကိုယ်တိုင်ရိတ်သူတစ်ယောက်ဖြစ်ပြီး စတိုးဆိုင်များမှ ရယ်ဒီမိတ်အဝတ်အစားများကို ဝတ်ဆင်သူတစ်ယောက်ဖြစ်ပါတယ်။ “ကျွန်တော်အနေနဲ့  Saville ဝတ်စုံတွေကို ဝတ်ဆင်ဖို့မလိုပါဘူး။ ကျွန်တော်ကို အထင်ကြီးလေးစားစေဖို့ ပိုက်ဆံအပိုတွေ သုံးစရာမလိုတော့ဘူး ” လို့ ဂျွန်ကလောလ်ဒီဝဲလ်က Forbes နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။

၈။ Zara တည်ထောင်သူ အာမန်စီရို အော်တီဂါဟာ နေ့လည်စာကို ဝန်ထမ်းများနဲ့အတူ Zara စားသောက်ဆိုင်မှာပဲ စားလေ့ရှိပါတယ်။

နာမည်ကျော် အဝတ်အစား ကုမ္ပဏီဖြစ်တဲ့ Zara တည်ထောင်သူ အာမန်စီရို အော်တီဂါ(Amancio Ortega)ဟာ လက်ရှိအချိန်မှာ ပိုင်ဆိုင်မှု ၈၂ ဘီလီယံနဲ့  ကမ္ဘာ့စတုတ္ထအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမဲ့ သူဟာနေ့လည်စာကို ကုမ္ပဏီဝန်ထမ်းများနဲ့အတူ Zara ဝန်ထမ်း  စားသောက်ဆိုင်မှာပဲစားသုံးလေ့ရှိပါတယ်။ ဒါ့အပြင် အော်တီဂါဟာ အပန်းဖြေခရီးများသွားခြင်းများထက် သူ့ရဲ့ အိမ်မှာ ကြက်များမွေးမြူခြင်းကို နှစ်သက်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်အစားကုမ္ပဏီဖြစ်တဲ့ Zara ကိုတည်ထောင်သူတစ်ယောက်ဖြစ်ပေမဲ့ အော်တီဂါဟာ အပြာရောင်  ကုတ်အင်္ကျီ၊ အဖြူရောင်ရှပ်အင်္ကျီ၊ မီးခိုးရောင် ဘောင်းဘီ စတဲ့ရိုးရိုး အဝတ်အစားများကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

၉။ စတန်းဖို့တ် တက္ကသိုလ်မှ ဘီလီယံနာ ကွန်ပျူတာ ပါမောက္ခ ဒေးဗစ်ချာရီတန်ဟာ လက်ဖက်ခြောက်အိတ်များကို ပြန်သုံးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

အသားတင်ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၃.၄ ဘီလီယံနာ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ၆၂၈ ယောက်မြောက်ဖြစ်တဲ့ စတန်းဖို့တ်တက္ကသိုလ်မှ ဘီလီယံနာ ကွန်ပျူတာပါမောက္ခ ဒေးဗစ်ချာရီတန် (David Cheriton) ဟာ “ဥစ္စာဖြို စားဖိုက” ဆိုတဲ့ စကားအတိုင်း အတိအကျ လိုက်နာသူတစ်ယောက်ဖြစ်ပါတယ်။ ချာရီတန်ဟာ ဈေးကြီးတဲ့စားသောက်ဆိုင်တစ်ဆိုင် မှာ သွားစားရင် နောက်တစ်နပ်စာအတွက် တစ်ဝက်ကို အမြဲဖယ်ထားလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင်  ဇိမ်ခံကားတွေ စီးနင်းလေ့ရှိသူတစ်ယောက်မဟုတ်ဘဲ ချာရီတန်ဟာ စက်ဘီးကိုသာ စီးလေ့ရှိပါတယ်။ ကားစီးပြီးသွားရမဲ့ ခရီးသွားပြီဆိုရင်လည်း ချာရီတန်ဟာ ၁၉၈၆ ခုနှစ်ထုတ် ဗောက်စ်ဝက်ဂွန် ဗင်ကားကို စီးပြီး လေယာဉ်ခရီးစဉ်တွေမှာလည်း ရိုးရိုးတန်းကိုသာ စီးနင်းပြီး ပိုက်ဆံချွေတာသူတစ်ယောက်ပါ။  နောက်ဆုံးအနေနဲ့ ချာရီတန်ဟာ လက်ဖက်ခြောက် အိတ်များကိုပါ ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုတတ်ပါသေးတယ်။

၁၀။ အိန္ဒိယ နည်းပညာသူဌေးဖြစ်တဲ့ အေဇင်း ပရီမစ်ဟာ သူ့ရဲ့အလုပ်သမားများသုံးတဲ့ အိမ်သာသုံးစက္ကူများကိုပါ စစ်ဆေးလေ့ရှိသူဖြစ်ပါတယ်။

အိန္ဒိယ ထိပ်သီးနည်းပညာ ကုမ္ပဏီဖြစ်တဲ့ Wipro Limited ရဲ့  ဥက္ကဋ္ဌဖြစ်သူ အေဇင်း ပရီမစ် (Azim Premji) အံ့ဩဖွယ်ကောင်းလောက်အောင် ခြိုးခြံချွေတာသူတစ်ယောက်ဖြစ်ပြီး အသုံးအစွဲစေ့စပ်လွန်းသူတစ်ယောက် အဖြစ်နာမည်ကြီးပါတယ်။ စီးပွားရေးခရီးတွေသွားအပြီး လေဆိပ်မှအပြန်ဆိုရင် သုံးဘီးဆိုင်ကယ်များကိုသာ ဌားစီးလေ့ရှိပြီး တိုရိုတာကိုရိုလာ ကားကိုသာ မောင်းနှင်ပါတယ်။ Wipro Limited မှာလည်း သူ့ရဲ့အလုပ်သမားများ  အိမ်သားသုံးစက္ကူဘယ်လောက်သုံးသလဲဆိုတာအထိ စစ်ဆေးလေ့ရှိသူတစ်ယောက်ဖြစ်ပြီး ရုံးကအပြန် မီးပိတ်သွားကြဖို့ အမြဲတမ်းပြောလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒုတိယအချမ်းသာဆုံးသူဖြစ်ပြီး ပိုင်ဆိုင်မှုပေါင်းဒေါ်လာ ၁၆.၁ ဘီလီယံရှိတဲ့ အေဇင်း ပရီမစ်ဟာ ခြိုးခြံချွေတာသူတစ်ယောက်ဖြစ်ပေမဲ့ ၂၀၁၃ ခုနှစ်က သူ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ခန့်ကို ခွဲဝေပေးမဲ့ The Giving Pledge မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ ပညာရေး တိုးတက်စေရန် ဆောင်ရွက်နေတဲ့ Azim Premji Foundation ကိုလည်း ဒေါ်လာ ၂.၂ ဘီလီယံ လျှုဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။

Ref : Time Money : 10 Billionaires With Surprisingly Frugal Money Habits

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top