(၂၄) နှစ်ကြာအောင် မိသားစုနဲ့ ခွဲခွာနေခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ရင်နင့်စရာဖြစ်ရပ်

20190723_vietnamfb.jpg

ဗီယက်နမ်နိုင်ငံက Nguyen Thi Lien မိသားစုရဲ့ တစ်ထပ်တိုက်အိမ်လေးက ခါတိုင်းနေ့တွေထက် လူတွေပိုပြီး ရှုပ်လို့နေပါတယ်။ အရေးကြီးတဲ့လူတစ်ယောက် ပြန်လည်ရောက်ရှိမှာဖြစ်တာကြောင့် ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေ စုရုန်းနေကြတာပါ။ ရာသီဥတုက အရမ်းပူပြင်းလှပေမယ့် အမှတ်တရဖြစ်မယ့် နေ့တစ်နေ့ဖြစ်တာကြောင့် ဘယ်သူမှ အဲ့ဒီနေရာကနေ လှည့်ထွက်မသွားကြပါဘူး။

အသက် (၆၉) နှစ်အရွယ် Lien ဟာ သူ့ရဲ့သမီး Le Thi Lan တရုတ်နိုင်ငံမှာ လူကုန်ကူးခံလိုက်ရကတည်းက မတွေ့ရတာ (၂၄) နှစ်ရှိပါပြီ။ အခုအခါမှာတော့ သူ့ရဲ့သမီးနဲ့ ပြန်ဆုံစည်းရတော့မှာပါ။ “သမီးကို ဘယ်တော့မှာ မတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တာပါ။ ကျွန်မ့သမီးလေး ပြန်လာတော့မယ်လို့ တွေးရင်းနဲ့တောင် အိပ်မပျော်နိုင်ခဲ့ပါဘူး။ ပြန်လည်ဆုံစည်းရအောင် ကျွန်မသမီးနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ပေးရင်း ကူညီပေးခဲ့တဲ့ မီဒီယာတွေကို ကျွန်မတို့မိသားစုတွေက စိတ်ရင်းနဲ့ကို ကျေးဇူးတင်ချင်ပါတယ်” လို့ ပီတီမျက်ရည်တွေနဲ့ ပြောပါတယ်။

Lienရဲ့ အိမ်နီးနားချင်းဖြစ်သူ Nguyen Thi Thu က သူနဲ့ အခြားအိမ်နီးနားချင်းတွေကလည်း Le Thi Han ကို သေပြီလို့ကို ထင်ထားခဲ့ကြောင်းကို “Lan အိမ်ကို ပြန်ရောက်လာမယ်လို့ ကျွန်မတို့ မယုံနိုင်ခဲ့ပါဘူး။ လူတိုင်း အရမ်းပျော်ရွှင်နေပြီး Lanရဲ့မိသားစုကို ဂုဏ်ပြုလို့နေတယ်” လို့ ဆိုပါတယ်။

Lanဟာ ဆင်းရဲတဲ့မိသားစုတစ်စုရဲ့ ကလေး(၆) ယောက်မှာ အကြီးဆုံးသမီးဖြစ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးဖို့အတွက် Nghia Dan ပြည်နယ်မှာ အငှားအလုပ်သမားအနေနဲ့ အလုပ်လုပ်ဖို့သွားခဲ့ပါတယ်။ အဲဒီချိန်တုန်းက သူက အသက်(၁၉) နှစ်သာ ရှိပါသေးတယ်။ သူဟာ Thanh Hoa ဒေသမှာ အလုပ်လုပ်ရမယ်ဆိုပြီး လိမ်လည်လှည့်ဖြားခံရရင်းနဲ့ တရုတ်နိုင်ငံရဲ့ Guangxi ပြည်နယ်ကို လူကုန်ကူးခံခဲ့ရပါတယ်။ အဲဒီနောက်မှာ သူဟာ အသက် (၆၅) နှစ်အရွယ် အမျိုးသားဆီကို အမေရိကန်ဒေါ်လာ (၄၁၀) နဲ့ ရောင်းစားခံခဲ့ရပါတယ်။

အဲဒီအမျိုးသားနဲ့ (၁၃) နှစ်ကြာနေထိုင်ရင်းနဲ့ Lanက သမီး (၃) ယောက်နဲ့ သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ အဲဒီကာလတွေမှာ Lanက သူ့ခင်ပွန်းရဲ့အရိုက်နှက်ခြင်းကို ခံနေရတာ ပုံမှန်လိုလိုဖြစ်နေခဲ့ပါတယ်။ သူက ထွက်ပြေးဖို့ အချိန်တိုင်းကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါတယ်။ အမှောင်အခန်းထဲမှာတောင် အပိတ်ခံထားခဲ့ရတာပါ။ မူးယစ်ဆေးတွေတိုက်ခံခဲ့ရတာကြောင့် နောက်ပိုင်းမှာ သူက မှတ်ဉာဏ်ချို့ယွင်းခဲ့ရပါတယ်။

အဲဒီနောက်မှာ အခြားအမျိုးသားဆီ ရောင်းစားခံလိုက်ရပြန်ပါတယ်။ လက်ရှိအချိန်ထိ အဲဒီအမျိုးသားနဲ့ နေထိုင်ခဲ့တာ (၁၁) နှစ်ရှိသွားပါပြီ။ အသက် (၄၃) နှစ်အရွယ်အဲဒီအမျိုးသားက သူ့ကို ကောင်းကောင်းဆက်ဆံခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်မှာ ဗီယက်နမ်က သူ့ရဲ့မွေးရပ်မြေကို ပြန်ဖို့ ခွင့်ပြုပေးပါလို့ သူ့ရဲ့ခင်ပွန်းကို Lan က တောင်းဆိုခဲ့ပါတယ်။ သူ့ခင်ပွန်းက ခွင့်တောင်းတာကို လက်ခံခဲ့ပြီး ငွေအနည်းငယ်တောင် ပေးရှာပါတယ်။ ဒါပေမယ့်လို့ Lanဟာ လှည့်စားခံလိုက်ရပြီး အိမ်ကို မပြန်နိုင်ခဲ့ရှာပါဘူး။

အခုနှစ်ဇူလိုင်လအစောပိုင်းမှတေ့ာ ကံကောင်းထောက်မစွာနဲ့ Lanက တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးက Lanရဲ့မိသားစုတွေနဲ့ အဆက်အသွယ်ရလို့ရငြားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ Lanရဲ့ဗီဒီယိုလေးကို တင်ပေးခဲ့ရှာပါတယ်။ အဲဒီဗီဒီယိုလေးကို ကမ္ဘာ့တဝှမ်းက လူမှုကွန်ယက်အသုံးပြုသူတွေက share ခဲ့ကြပြီးအဲဒီကနေတဆင့် Lanရဲ့ယောက်မဖြစ်သူ Dang Thi Thao က မြင်တွေ့သွားခဲ့ပါတယ်။ Lanက ဗီဒီယိုထဲမှာ ဗီယက်နမ်စကားကို ကောင်းကောင်းမပြောနိုင်ပေမယ့်လို့ သူ့မိဘတွေရဲ့နာမည်တွေ၊ မွေးရပ်မြေတွေကိုသာမှတ်မိတဲ့အတွက် အဲဒါတွေကိုသာ ပြောကြားထားသလို သူ့မိသားစုဆီ ပြန်ချင်တဲ့အကြောင်းလည်း ရင်ဖွင့်ထားပါတယ်။

“ပထမတော့ သူ့ကို မှတ်မိခဲ့ပါဘူး။ ဒါပေမဲ့ အိမ်လိပ်စာ၊ မိဘ၊ ညီအစ်ကိုမောင်နှမနာမည်တွေကို ပြောထားတာကို ကြားပြီး ကျွန်မရဲ့ယောက်မဖြစ်တယ်ဆိုတာကို သိခဲ့ရတာပါ”လို့ Lanရဲ့ယောက်မက ပြောပါတယ်။ ဗီဒီယိုထဲက အမျိုးသမီးက Lanဟုတ်လား၊ မဟုတ်လား မိသားစုတွေနဲ့အတည်ပြုပြီးတဲ့နောက်မှာ မိသားစုဝင်တွေက ဗီယက်နမ်ကို Lan ပြန်လည်ရောက်ရှိလာအောင် ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ မိသားစုတွေရဲ့ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့တွေက Lanကို ရှာဖွေခဲ့ကြပါတယ်။ Lanက တစ်ကြိမ်ထက်ပိုပြီး ရောင်းစားခံရတာကြောင့် သူနဲ့ အဆက်အသွယ်ရဖို့ မလွယ်ကူခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဗီယက်နမ်ရဲတပ်ဖွဲ့တွေနဲ့ တရုတ်အာဏာပိုင်တွေ ပူပေါင်းဆောင်ရွက်မှုကြောင့် Lanဟာ မိဘတွေဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်။

Lanရဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်ရဲစခန်းတွေက အချက်အလက်တွေကို စုဆောင်းပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံကို လူကုန်ကူးခံနေရသူ (၉၀) ရာခိုင်နှုန်းခန့်ရှိနေတယ်လို့လည်း သိရပါတယ်။

Ref: AsiaOne “Separated mother and daughter in Vietnam reunite after 24 years thanks to Facebook”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top