ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

f.jpg

နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေအများအပြားကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊စမတ်ခ်ဖုန်းတွေ၊ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေကနေတဆင့်လည်းဖမ်းယူကြည့်နိုင်နေပြီဖြစ်ပါတယ်။

အားကစားပွဲတွေကိုကြည့်ရှုအားပေးတာက ကျွန်တော်တို့ကို နေ့စဉ်တွေ့ကြုံနေရတဲ့ဘဝအခြေအနေတွေထဲကနေ လွတ်မြောက်ခွင့်ရစေနိုင်တဲ့အခွင့်အလမ်းတစ်ရပ်ပါ။

ဘောလုံးပွဲတွေကြည့်ရှု့မှုကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ဘောလုံးပွဲကြည့်ရှု့တာက တက်ကြွစေတယ်

အားကစားသမားတွေက ရယ်ရင်းမောရင်းပြေးရင်းလွှားရင်းယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့အတွေးမျိုးရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကိုရရှိခံစားရမှာဖြစ်ပါတယ်။

အားကစားပွဲတွေအားပေးတာက လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေတယ်

လေ့လာမှုတစ်ရပ်အရ အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင်ကနေပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုးမဟုတ်ဘဲ ထရပ်လိုက်၊ခုန်ပေါက်လိုက်၊အော်ဟစ်အားပေးလိုက်၊လက်တွေဝှေ့ရမ်းပြီးအားပေးလိုက်လုပ်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။

အသက်ပိုရှည်စေတယ်

ဘောလုံးပွဲကို ကွင်းထဲသွားကြည့်ရတာမကြိုက်ဘဲ ဖန်သားပြင်ကနေပဲကြည့်ချင်တဲ့သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူချိန်းပြီးကြည့် တာက ခိုင်မာတဲ့ဆက်ဆံရေးတစ်ရပ်ကိုထိန်းသိမ်းနိုင်မှာဖြစ်သလို မိမိမိတ်ဆွေသူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာရောဂါ၊နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်စွမ်းရှိတယ်၊လို့ Brigham Young တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်မှာပါရှိပါတယ်။

စုံတွဲတွေကြားကဆက်ဆံရေးကိုကောင်းမွန်စေတယ်

သင့်ရဲ့ ချစ်သူကအားကစားဝါသနာပါသူတစ်ဦးဆိုရင် ကိုယ်ကအားကစားဝါသနာမပါရင်တောင်သူကြိုက်တဲ့အသင်းကို သူနဲ့အတူကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့အားကစားပွဲတွေအကြောင်းနားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကိုစိတ်ဝင်စားလာပါလိမ့်မယ်။ မိမိနှစ်သက်တဲ့အသင်းအနိုင်ရတဲ့အခါ တက်စတိုစတုန်းဟော်မုန်းထုတ်လုပ်မှုတွေဖြစ်ပေါ်လာပြီး စုံတွဲနှစ်ဦးကြားကဆက်ဆံရေးကိုကောင်းမွန်စေပါတယ်။ ဝါသနာတူတာက စုံတွဲတွေကိုလိုက်ဖက်ညီစေပြီး နှလုံးကျန်းမာရေးကောင်းစေဖို့ အပြန်အလှန်အထောက်အကူပြုစေနိုင်သလို အသက်လည်းပိုရှည်စေပါတယ်။

ဦးနှောက်အတွက် အကျိုးပြုတယ်

အားကစားပွဲတွေကြည့်ရှုတာက လူမှုဆက်ဆံမှုစွမ်းရည်ကိုတိုးတက်စေနိုင်သလို စနစ်တကျနေထိုင်တတ်အောင်လည်းအထောက်အကူပြုပါတယ်။ အားကစားပွဲဗတွကြည့်ရှု့တာက ဦးနှောက်အတွက်လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်၊ လို့ ၂၀၀၈ ခုနှစ်ကချီကာဂိုတက္ကသိုလ်က သုတေသီတွေပြုလုပ်တဲ့လေ့လာမှုတစ်ရပ်အရသိရပါတယ်။

ဘောလုံးပွဲကြည့်တာကြောင့် ဘာဆိုးကျိုးတွေဖြစ်နိုင်မလဲ

အချိန်ကြာမြင့်စွာထိုင်မိနိုင်တယ်

ဘောလုံးပွဲတွေကြည့်တဲ့အခါ အချိန်ကြာမြင့်စွာ အလှုပ်အရှားမရှိထိုင်ပြီးအားပေးမိမယ်ဆိုရင်တော့ မတ်တတ်ထရပ်လိုက်တဲ့အခါ မိုက်ခနဲဖြစ်သွားတာမျိုးနဲ့နောက်ကျောနာတာမျိုးတွေခံစားရနိုင်ပါတယ်။

စိတ်ဖိစီးတယ်

မိမိအားပေးတဲ့အသင်းအနိုင်ရစေလိုတဲ့စိတ်ကြောင့် စိတ်ဖိစီးတဲ့ဒဏ်ကိုခံစားရပြီး အဆိုပါစိတ်ဖိစီးမှုကြောင့် သွေးတိုးတာ၊ရုတ်တရက် နှလုံးရပ်သွားတာ၊လေဖြတ်တာနဲ့အခြားကျန်းမာရေးပြဿနာတွေကိုတွေ့ကြုံခံစားရနိုင်ပါတယ်။

စိတ်ဓာတ်ကျတယ်

မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံးကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်းရောင်းချခံလိုက်ရတာ၊အသင်းပြောင်းသွားတာမျိုးတွေတွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကိုခံစားရနိုင်ပါတယ်။

အမှားအယွင်းတွေ နဲ့မတော်တဆဖြစ်ရပ်တွေဖြစ်ပေါ်စေနိုင်တယ်

မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံးကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်းရောင်းချခံလိုက်ရတာ၊အသင်းပြောင်းသွားတာမျိုးတွေတွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကိုခံစားရတဲ့အခါ ကားမောင်းနေစဉ် အခြားကားတွေကိုမရှောင်မိတာ၊ ကားတွေကိုမကြည့်ဘဲ သတိလက်လွတ်လမ်းဖြတ်ကူးမိတာ၊ ဆေးသောက်ဖို့မေ့သွားတာ၊ ကလေးကျောင်းကြိုဖို့မေ့သွားတာလိုမျိုး အရေးကြီးတဲ့အရာတွေကိုမေ့လျော့သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေစားသုံးမိနိုင်တယ်

ဘောလုံးပွဲကြည့်ရင်း ဆားတွေ၊သကြားတွေ၊ကယ်လိုရီတွေ၊တာရှည်ခံဆေးတွေနဲ့အရောင်ဆိုးဆေးတွေ အများအပြားပါဝင်နေတဲ့ အာလူးကြော်တွေ၊ဆီကြော်မုန့်တွေနဲ့ဘီယာတွေကို သတိမထားမိဘဲအများကြီးသောက်သုံးမိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဘောလုံးပွဲထဲအာရုံရောက်နေတာကြောင့် အစားအစာတွေဘယ်လောက်တောင်စားမိလဲဆိုတာကိုသတိမထားမိဘဲဖြစ်နိုင်ပါတယ်။

ဘောလုံးပွဲကြည့်တာကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

ဘေးပတ်ဝန်းကျင်ကိုအရေးစိုက်ပါ

ဘောလုံးပွဲကြည့်တာအခါ ဘောလုံးပွဲက ကစားပွဲတစ်ခုသာဖြစ်ပြီးမိမိဘဝအပေါ် အကျိုးသက်ရောက်မှုအနည်းအကျဉ်းပဲရှိတယ်ဆိုတာကို သတိပြုပါ။ မိမိရဲ့လက်တွေ့ဘဝမှာပါဝင်နေတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေ၊အရာတွေကိုအရေးစိုက်ပေးပါ။

ဘောလုံးပွဲကိုတစ်ယောက်တည်းမကြည့်ပါနဲ့

ဘောလုံးပွဲကြည့်တာအခါတစ်ယောက်တည်းကြည့်တာက စိတ်ဖိစီးမှုပိုများစေနိုင်တာကြောင့် မိသားစုဝင်တွေ၊သူငယ်ချင်းတွေနဲ့အတူကြည့်ပါ။ သူတို့ရဲ့ပြောဆိုအားပေးမှုမှာကိုယ်ပါစီးမျောရင်း စိတ်ဖိစီးမှုလျော့နည်းသွားပါတယ်။

ဘောလုံးပွဲမကြည့်ခင်ကျန်းမာအောင်လေ့ကျင့်ခန်းလုပ်ပါ၊ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ

ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကိုထိန်းသိမ်းတာက ဘောလုံးပွဲကြည့်နေတုန်းမှာ အစားတွေအများကြီးမစားမိအောင်ကာကွယ်ပေးပါလိမ့်မယ်။

အနားပေးပါ

ဘောလုံးပွဲကြည့်ရင်း မတ်တတ်ထရပ်ပါ။ လမ်းထလျှောက်ပါ၊ အပေါ့အပါးထသွားပေးပါ။

ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ပါ

ဘောလုံးပွဲကြည့်နေတာအခါ အေးပြီးစိုစွတ်တဲ့အနေအထားမျိုးဆိုရင် အပေါ်ထပ်အနွေးထည်လေးဝတ်တာမျိုး၊ နွေးထွေးအောင်နေတာမျိုးတွေကို ဂရုစိုက်လုပ်ဆောင်ပေးပါ။

အနီးဝန်းကျင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေပဲရှိပါစေ

ဘောလုံးပွဲကြည့်ရင်း အစားအသောက်တွေစားတတ်တယ်ဆိုရင် သစ်သီးတွေ၊ ဟင်းသီးးဟင်းရွက်တွေနဲ့ အရည်ဓာတ်များများပါတဲ့အရာတွေကိုပဲ မိမိအနီးဝန်းကျင်မှာထားရှိပေးပါ။

အထက်မှာဖော်ပြထားတဲ့အကြောင်းအရာလေးတွေကိုဖတ်ရှုပြီး အားကစားဝါသနာရှင်ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ အသင်းကို ကျန်းမာရေးနဲ့ညီညွတ်စွာအားပေးနိုင်ပါစေကြောင်း။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top