ရှောက်ဘီလူးရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

9-4-2020-yyl-033.jpg

ထိုင်းဟင်းလျာတော်တော်များများမှာ အနံ့အရသာပြည့်စုံအောင်ဆိုပြီး ထည့်ချက်ပြုတ်တတ်ကြတဲ့ ရှောက်ဘီလူးရွက်က ဟင်းကိုတင် အနံ့အရသာပြည့်စုံစေတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတော်တော်များများပေး နိုင်ပါသေးတယ်။

ရှောက်ဘီလူးရွက်

အာရှနိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့မှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ အနံ့အရသာပြင်းသလို ဆေးဖက်လည်းဝင်ပါတယ်။ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အော်ဂင်းနစ်ဒြပ်ပေါင်းများစွာပါဝင် နေပါတယ်။ ရှောက်ရွက်နဲ့ ခပ်ဆင်ဆင်တူပေမယ့် အနံ့အရသာပိုပြင်းပါတယ်။

ရှောက်ဘီလူးရွက်ကပေးတဲ့ ကျန်းမာရေးအာနိသင်တွေက ဘာတွေဖြစ်မလဲ……….

ရှောက်ဘီလူးရွက်က ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်ပါတယ်။

ခံတွင်းကျန်းမာစေနိုင်တယ်

ခံတွင်းကျန်းမာစေနိုင်တဲ့အာနိသင်ရှိပြီး ခံတွင်းအနာနဲ့ သွားဖုံးတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာဖြစ်တဲ့အနာတွေ သွားဖုံးမှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက် ရေစင်အောင်ဆေးထားတဲ့ ရှောက်ဘီလူးရွက် နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။ အရည်ညှစ်ပြီး စွတ်ပေးလို့လည်းရသလို ရေနွေးနဲ့စိမ်ပြီး ပလုတ်ကျင်းပေးရင်လည်း အဆင်ပြေပါတယ်။

သွေးသန့်စေတယ်

သွေးနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေဖို့အတွက် ရှောက်ဘီလူးရွက်ကို သုံးပေးလို့ရပါတယ်။ နာတာရှည်သွေးနဲ့ပတ်သက် တဲ့ရောဂါတွေသက်သာစေဖို့ စားသုံးပေးလို့ရပါတယ်။ သွေးထဲက ထိခိုက်စေနိုင်တဲ့အရာတွေကို သန့်စင်ပေးနိုင်တာကြောင့် အသည်းကို သန့်စင်စေပါတယ်။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။

အစာခြေစနစ်ကျန်းမာစေနိုင်တယ်

ရှောက်ဘီလူးရွက်မှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြိး အစာခြေစနစ်ကို အကောင်းဆုံးလှုံ့ဆော်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ အစာမကြေတာ၊ ဝမ်းချုပ်တာတွေကို သက်သာစေနိုင်ပြီး အူမကြီးကင်ဆာ၊ လိပ်ခေါင်း နဲ့ အစာအိမ်မှာ အနာဖြစ်တာတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။

ပိုးမွှားတွေရန်ကနေ ကာကွယ်ပေးတယ်

အင်းဆက်တွေကြောင့်ဖြစ်တဲ့ ရောဂါကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးနေရပါတယ်။ အင်းဆက်တွေ ကိုက်ခံရတာကို ကာကွယ်ပေးနိုင်သလို အင်းဆက်ကိုက်တာကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အင်းဆက်ကိုက်ခံရတဲ့အခါ ရှောက်ဘီလူးရွက်ကို ရေသန့်အောင်ဆေးပြီး အရည်စွတ်ပေးပါ။

အရေပြားကျန်းမာစေနိုင်တယ်

အသားအရေလှပကျန်းမာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ရှောက်ဘီလူးရွက်မှာပါတဲ့ အက်ဆစ်အချို့က အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်သလိုအသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊ အမာရွတ်တွေ၊ ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ကျန်းမာပြီးလန်းဆန်းတဲ့အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရှောက်ဘီလူးရွက်ကိုကြိတ်ပြီး အရေပြားပေါ်မှလူးပေးပါ။

စိတ်ဖိစီးမှုလျော့ပါးစေနိုင်တယ်

စိုးရိမ်ပူပန်မှုတွေများတာ၊ စိတ်ဖိစီးတာတွေကို ခံစားရတဲ့အခါ ရှောက်ဘီလူးရွက်ကို ခြေပြီးရှုပေးပါ။ ဒါမှမဟုတ် ရှောက်ဘီလူးရွက်အဆီကို အစိုဓာတ်ထိန်းစက်လေးထဲမှာ ထည့်ပြီးရေငွေ့ရှုပေးတာမျိုးလုပ်ပေးပါ။ စိတ်ကြည်လင် လန်းဆန်းစေမှာပါ။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုမရှိအောင် အကောင်းဆုံးကာကွယ်ပေးပါတယ်။ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ကပ်ငြိနေတာမျိုး မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းအောင်လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဆံသားကျန်းမာစေနိုင်တယ်

ဦးရေပြားနဲ့ဆံသားက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ဆံသားကိုကျန်းမာသန်စွမ်းစေပါတယ်။ ဆံပင်ပေါက်စေနိုင်သလို ဆံသားကို တောက်ပြောင်ချောမွေ့စေပါတယ်။ ဦးရေပြားကိုကျန်းမာစေပြီး ဗောက်ကင်းစေနိုင်ပါ တယ်။

ရှောက်ဘီလူးရွက်က ဟင်းကိုတင်အရသာတိုးစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက်လည်း အခုလိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါသေးတယ်။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top