အမြတ်တနိုးတန်ဖိုးထားကြရမည့် သဘာဝပတ်ဝန်းကျင်

envoriment-world.jpg

အခုရက်ပိုင်းတွေမှာ အပူချိန်ကအရမ်းပြင်းလွန်းနေတာရယ်၊ ဒီနေ့ ဧပြီ (၂၂) ရက်က မြေကမ္ဘာနေ့ဖြစ်နေတာရယ်ကြောင့် ဒီတစ်ပတ်အတွက်ရေးမယ့်စာကို သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့အကြောင်းရေးဖို့ အတွေးရမိပါတယ်။ ဒါကြောင့် လေ့လာမှတ်သားမိသမျှ ရေးသားဖော်ပြလိုက်ပါစေ။

ဒီရက်ပိုင်းအတွင်း လူတိုင်းနီးပါးညည်းတွားနေကြရတဲ့စကားကတော့ “ပူလိုက်တာ” ဆိုတဲ့စကားပဲဖြစ်မယ်လို့ထင်မိပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးပူပြင်းလာတဲ့ နွေရာသီတွေကို ကျွန်တော်တို့တတွေ တွေ့ကြုံခံစားလာကြရတာပါ။ မိုးလေဝသနဲ့ ဇလဗေဒဌာနကထုတ်ပြန်လိုက်တဲ့ ထူးခြားနေ့အပူချိန်တွေစာရင်းအရ ချောက်မြို့မှာ အပူချိန် (၄၆) ဒီဂရီစင်တီဂရိတ်ထိတောင် ရှိနေတာကိုတွေ့ရပါတယ်။ ဒီလိုမျိုး ရာသီဥတုပြင်းထန်ဖောက်ပြန်လာမှုဟာ နိုင်ငံရဲ့သဘာဝရေမြေတောတောင်တွေ တဖြည်းဖြည်းပြုန်းတီးပျောက်ကွယ်လာခြင်းကနေ အစပြုခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်လောက်က နိုင်ငံရဲ့အကျယ်အဝန်း (၇၀) ရာခိုင်နှုန်းထိကို သစ်တောဖုံးလွှမ်းမှုရှိနေခဲ့လို့ သစ်တောထူထပ်တဲ့နိုင်ငံလို့ သတ်မှတ်ခံခဲ့ရတဲ့အဖြစ်က အခုတော့ ရယ်စရာတစ်ခုပဲ ဖြစ်နေတော့မှာပါ။ ဂြိုဟ်တုဓာတ်ပုံတစ်ခုမှာဆိုရင် မြန်မာနိုင်ငံနဲ့ကပ်လျက်ရှိနေတဲ့ တရုတ်နိုင်ငံ (မြန်မာနိုင်ငံမှသစ်များကို တရားဝင်ကော တရားမဝင်ပါ အများဆုံးရယူနေသည့်နိုင်ငံ) ရဲ့ဘက်ခြမ်းမှာ သစ်တောတွေထူထပ်စွာနဲ့ စိမ်းစိုနေဆဲဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာကတော့ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့လောက်မှာပဲ သစ်တောဧရိယာ နည်းနည်းစီရှိနေတော့တာကိုတွေ့ရပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ နိုင်ငံရေးအဆောက်အအုံအားနည်းပြီး နိုင်ငံရေးချိန်ခွင်လျှာ ညီမျှမှုမရှိတဲ့နိုင်ငံတွေတိုင်းမှာ သယံဇာတအရင်းအမြစ်ကြောင့်ဖြစ်ပွားတဲ့ နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်လေ့ရှိတတ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း သယံဇာတအရင်းအမြစ်တွေ အလျှံအပယ်ကြွယ်ဝပြီး လှပတဲ့ ကျောက်မျက်ရတနာတွေ၊ အဖိုးတန်သတ္တုတွေကစလို့ ညှို့မှိုင်းနေတဲ့သစ်တောကြီးတွေ၊ နိုင်ငံသားတွေရဲ့အသက်သွေးကြောသဖွယ်ဖြစ်နေတဲ့ မြစ်ချောင်းတွေနဲ့ ကမ္ဘာ့ရှေးအကျဆုံး ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေတည်ရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီလိုကြွယ်ဝတဲ့အရင်းအမြစ်တွေဟာ အမြဲတမ်း ကြီးမားတဲ့တာဝန်ယူမှုတွေနဲ့ ဒွန်တွဲလျက်ရှိနေတာပါ။

ခိုင်မာတဲ့စီးပွားရေးကဏ္ဍမရှိနေတာကြောင့် သယံဇာတအပေါ်သာ လုံးလုံးလျားလျားအမှီပြုခဲ့ပေမဲ့ ရရှိလာတဲ့သယံဇာတအကျိုးအမြတ်တွေကတော့ နိုင်ငံနဲ့ပြည်သူအတွက်မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ခေတ်အဆက်ဆက်က ဝိသမလောဘသမားတွေရဲ့အမြတ်ထုတ်မှုတွေနဲ့ လွဲမှားတဲ့သယံဇာတစီမံခန့်ခွဲမှုတွေကြောင့် သယံဇာတတွေအပြင် သစ်တောဧရိယာများစွာကိုဆုံးရှုံးခဲ့ရပြီး လက်ရှိမှာ တောင်ကတုံးတွေ ချိုင့် ကျင်းတွေပေများတဲ့ လွင်တီးခေါင်ပြင်တစ်ခု ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်ပဲ အခုလိုပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုလိုမျိုး အကျိုးဆက်တွေကို ပြည်သူတွေ ခံစားနေကြရတာ ဖြစ်ပါတယ်။

သယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှုကထွက်ပေါ်လာတဲ့ သက်ရောက်ထိခိုက်မှုတွေအတွက် စီမံခန့်ခွဲမှုဟာ အလွန်ကိုအရေးကြီးတဲ့အချက်တစ်ခုပါ။ အဖိုးတန်အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ တာဝန်ယူမှုရှိရှိ စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံရဲ့ အဖိုးတန်သယံဇာတတွေကို မြတ်နိုးတန်ဖိုးထားတဲ့စိတ်လည်း ရှိသင့်ပါတယ်။ အရင်ကလွဲမှားခဲ့မှုတွေကို အချိန်မီပြင်ဆင်ပြီး နိုင်ငံရဲ့သဘာဝရေမြေတောတောင်တွေကို အားလုံးအတူတကွ ပြန်လည်ကုစားကြမယ်ဆိုရင် နောက်မကျနိုင်သေးပါဘူး။ ဆက်ပြီးလွဲမှားနေဦးမယ်ဆိုရင်တော့ နိုင်ငံနဲ့ပြည်သူတွေအနေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးပေါင်းစုံကို အမြဲတစေခံစားသွားရတော့မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေအတွက် သာယာလှပပြီး နေချင်စဖွယ်ဝန်းကျင်တစ်ခုကို ချန်ရစ်ပေးခဲ့သင့်တာမို့ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးတန်ဖိုးထားပါလို့ တိုက်တွန်းပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top