ထမင်းစားပြီးရင် ဗိုက်အောင့်သလို ခံစားရတာ ဘာကြောင့်လဲ

26-2-2022-yyl10.jpg

ဗိုက်ဆာလွန်းရင် ဗိုက်အောင့်သလို၊ အစာအိမ်နာသလို ခံစားဖူးကြတယ်မလား။ အဲဒီလိုနာကျင်မှုက ပုံမှန်ဖြစ်ပြီး တစ်ခုခုစားလိုက်ရင် ပျောက်သွားပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ သူတို့ရဲ့ဗိုက်က ထမင်းစားပြီးရင် နာလာတတ်ကြပါတယ်။ ထမင်းစားပြီးတဲ့နောက် ဗိုက်အောင့်တာက တစ်ခါတလေဆိုရင်တော့ ပုံမှန်ပါပဲ။ နေ့တိုင်းဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုလာပါပြီ။ မကြာခဏဗိုက်အောင့်တာ၊ အစာအိမ်နာတာက ကျန်းမာရေးအခြေအနေရှိနေတယ်ဆိုတာ ညွှန်ပြနေပြီး ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ထမင်းစားပြီးနောက် ဗိုက်အောင့်တာ၊ အစာအိမ်နာတာဖြစ်ရခြင်းအကြောင်းအရင်းတွေကတော့

ထမင်းအစားလွန်ခြင်း

ဗိုက်အောင့်တာ၊ အစာအိမ်နာခြင်းအတွက် အကြောင်းအရင်းတွေထဲက တစ်ခုက ထမင်းအစားလွန်ခြင်းဖြစ်ပါတယ်။ အစားအစာကို အများကြီးစားလိုက်တဲ့အခါ သင့်အစာအိမ်က နာကျင်လာပါတယ်။ ကျွန်တော်တို့ရဲ့အစာအိမ်က အစားအစာ (၁ ခွက် (သို့) ၂ ခွက်) လောက်ပဲ လက်ခံထားနိုင်တဲ့အတွက်ကြောင့် အဲဒါထက်ပိုစားမိတဲ့အခါ ပိုနေတဲ့အစားအစာအတွက် နေရာရဖို့ ကျယ်လာအောင်လုပ်ရပါတယ်။ နောက်ဆုံးမှာတော့ ဗိုက်မအီမသာဖြစ်ပြီး အစာအိမ်နာလာပါတယ်။

အစာကို မြန်မြန်စားခြင်း

အစာအိမ်နာခြင်း၊ ဗိုက်အောင့်ခြင်းရဲ့နောက်ထပ်အကြောင်းအရင်းက အစာကို မြန်မြန်စားခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အစာကို မြန်မြန်မျိုချလိုက်တဲ့အခါ အစာနဲ့အတူ လေပိုတွေကို သင်က မျိုချမိပါတယ်။ အစာအိမ်ကို အစားအစာတွေရောက်သွားတဲ့အခါ လေထိုးလေအောင့်ခြင်းကို ဖြစ်စေပါတယ်။ သင့်ဝမ်းဗိုက်ကို ဖောင်းလာစေပြီး ဗိုက်မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေမစုပ်ယူနိုင်အောင်လည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

အစာမကြေခြင်း

ကော်ဖီ အများကြီးသောက်တာ၊ အရက်အများကြီးသောက်တာ၊ စပ်တဲ့ချဉ်တဲ့အစားအစာတွေကို အများကြီးစားတာကလည်း အစာမကြေခြင်းကို ဖြစ်စေပြီး ဗိုက်အောင့်စေနိုင်ပါတယ်။ ထမင်းစားပြီးနောက် ဗိုက်အောင့်တာ၊ အစာအိမ်နာတာက အဲဒီအစားအစာတွေစားတာကြောင့် အစာမကြေတာဖြစ်နိုင်ပါတယ်။ အဲဒီအစားအစာတွေက သင့်ခန္ဓာကိုယ်ကို အစားအစာခြေဖျက်ဖို့အတွက် ပိုပြီးခက်ခဲစေပြီး ဂလူးကို့စ်အဖြစ် ပြောင်းလဲသွားပါတယ်။ ရလဒ်အနေနဲ့ လေအောင့်သလို ပျို့အန်သလို ဖြစ်စေနိုင်ပါတယ်။

သည်းခြေကျောက်တည်ခြင်း

သည်းခြေကျောက်တွေက သည်းခြေအိတ် (သို့) ပြွန်အတွင်း သေးငယ်မာကျောတဲ့ ပုံဆောင်ခဲလို အနည်တွေကို ရည်ညွှန်းပါတယ်။ ပုံဆောင်ခဲတွေက သည်းခြေရည်မှာ ကိုလက်စထရောများလွန်းတာ၊ ပုံမှန်မဟုတ်တဲ့ သည်းခြေအိတ်လုပ်ဆောင်ချက်တွေကြောင့် (သို့) အခြားအကြောင်းအရင်းတွေကြောင့် အနည်ထိုင်လာရပါတယ်။ ဒီသည်းခြေကျောက်တွေက ထမင်းစားပြီးနောက် အထူးသဖြင့် သင် စားတဲ့အစားအစာက အဆီများလွန်းရင် နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ သည်းခြေအိတ်နာကျင်ခြင်းကလည်း ဗိုက်အောင့်ခြင်းကို ဖြစ်စေပြီး ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အစာမတည့်ခြင်း

အစာအိမ်နာတာ၊ ဗိုက်အောင့်တာ၊ မူးဝေတာ၊ အော့အန်တာကလည်း အစာမတည့်ခြင်းရဲ့လက္ခဏာရပ်တွေပါပဲ။ အစာမတည့်တာဟာ ခန္ဓာကိုယ်က စားလိုက်တဲ့အစားအစာရဲ့ပါဝင်ပစ္စည်းတွေကို မချေဖျက်နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။ အဲဒီလိုအစားအစာတွေနဲ့ ခန္ဓာကိုယ်က မတည့်တဲ့အခါ အစာအိမ်နဲ့ဆက်စပ်တဲ့ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါက ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေဖြစ်ပြီး ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Ref: 5 Reasons Your Stomach Hurt After Eating

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top