ဘေဘီလေးတွေမှာ ကိုက်ချင်စရာ ကောင်းတဲ့ ပါးမို့မို့လေး ရှိတာ ဘာကြောင့်လဲ

39105868_1144421345709610_7479588853385265152_n.jpg

ပါးမို့မို့လေးနဲ့ ကလေးပိစိလေးတွေကို မြင်ရင် ပါးဆွဲချင်တာမျိုး ဖြစ်ဖူးတယ်မလား။ တချို့ဆို အသည်းယားလွန်းလို့ ကိုက်ပစ်ချင်လောက်အောင် ပါးဖောင်းတဲ့ ပိစိကွေးလေးတွေလည်း ရှိပါတယ်။ ဒါဆို ဘေဘီလေးတွေမှာ ပါးမို့မို့လေးတွေ ရှိနေတာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားဖူးလား။

မိခင်ဝမ်းက ကျွတ်ကျွတ်ချင်း အချိန်တုန်းက ကလေးမျက်နှာက နီတာရဲ ဖြစ်ပြီး ပိန်ပိန်လေးပါပဲ။ ဒါပေမဲ့ နှစ်လ သုံးလ အရွယ်လောက် ဆိုရင် ပါးမို့မို့လေး ဖြစ်လာပါပြီ။ ဒါဆိုမွေးစက ပိန်နေတဲ့ပါးက တဖြည်းဖြည်း ဖောင်းလာတာ ဘာကြောင့်ပါလိမ့်။ အဖြေကတော့ အာဟာရ ကြောင့်ပါ။

ဘေဘီလေးတွေက မွေးကတည်းက ဆာလောင်လို့ ငိုယိုပြီး ထွက်လာကြတာပါ။ အစာချေဖျက်နိုင်တဲ့ အစာလမ်းကြောင်း ကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အရွယ်မှာ မိခင်နို့ တစ်မျိုးတည်းကိုပဲ မှီခိုခဲ့ရပါတယ်။ ဒါပေမဲ့ မွေးပြီးပြီးချင်း သုံးရက်လောက်အထိ နို့ဦးရည်ကြည်ကိုသာ သောက်သုံးခဲ့ရပြီး ဒီ နို့ဦးရည်ကြည်က ကိုယ်ခံအားကောင်းစေသလို သကြားဓာတ် နဲ့ လူ့လောကထဲ စဝင်တဲ့အရွယ် ကလေးမှာ လိုအပ်နေတဲ့ အခြားဓာတ်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးပါတယ်။ ဒီလိုဓာတ်တွေက ကလေးအတွက် လိုအပ်သလို မိခင်နို့ရည် ပျစ်ပျစ် နောက်ဆက်တွဲ ထွက်စေဖို့လည်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ကလေးရဲ့ အစာအိမ်က စစချင်းမှာ နည်းနည်းချင်းစီပဲ လက်ခံနိုင်ပါတယ်။ အစမှာ မိခင်နို့ ၂ အောင်စ ဒါမှမဟုတ် ၆၀ စီစီ လောက်ပဲ သောက်သုံးနိုင်ပါတယ်။ ဒီလောက်ပမာဏ ဗိုက်ထဲဝင်သွားတဲ့အခါ အစာအိမ်က ငြိမ်သွားပြီး နောက်ထပ် ပိုဝင်ဆံ့တဲ့ အရွယ်အစား ရအောင် အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးက ပိုပိုပြီး မိခင်နို့ရည်ကို တောင့်တလာ တာဖြစ်ပါတယ်။

ကလေးရဲ့ပါးတွေမို့နေရတဲ့ အကြောင်းရင်းက ကြွက်သားတွေကြောင့်လည်း ပါပါတယ်။ ပါးမှာရှိတဲ့ ကြွက်သားတွေက မွေးပြီးပြီးချင်း နာရီပိုင်းလောက်မှာ စတင် ဖွံ့ဖြိုးလာပါတယ်။ မိခင်နို့ သောက်သုံးနေရသမျှ ပါးမို့ကြွက်သားတွေကလည်း ဆက်လက် ဖွံ့ဖြိုးလာတာပါ။

ခြောက်လကနေ ကိုးလကြား အစားစဝါးတဲ့ အရွယ်မှာ ပါးမို့ကြွက်သားတွေက ပုံစံပြောင်းလာပြီး ပါးဖောင်းတာ တဖြည်းဖြည်း လျော့ပြီး ပြေပြေလေး ဖြစ်သွားပါပြီ။ မျက်နှာ ဝိုင်းလာတာမျိုး ဒါမှမဟုတ် မျက်နှာရှည်တာမျိုး ပုံစံ ပြောင်းလာတာ ဖြစ်ပါတယ်။

ပါးဖောင်းတဲ့ ကလေးတွေမှာ ကြွက်သား အပြည့် ဆိုသလို အဆီ အနည်းငယ်လည်း ရှိပါတယ်။ ဒါကြောင့် ဒီကြွက်သားတွေဆီ ခွန်အားဖြစ်စေတဲ့ သွေးတွေ လည်ပတ်စီးဆင်းပြီး ကြွက်သားတွေ စတင်အလုပ်လုပ်တာဖြစ်ပါတယ်။

လူကြီးသူမတွေကတော့ ကလေးတွေကို ပါးညှစ်မယ် ကြံရင် “ဟဲ့. .သွားမလုပ်နဲ့ ကလေး သွားရည်ကျမယ် . . စကားပြော နောက်ကျတတ်တယ်” စသဖြင့် ဟန့်တားတတ်ကြပါတယ်။ ချစ်လို့စတာဆိုပေမဲ့ ကလေးရဲ့ ပါးမို့က နုနယ်တဲ့အတွက် ရောင်ရမ်းသွားပြီး သွားရည်ကျတာ ဖြစ်လို့ ဆေးပညာအရလည်း တားမြစ်ထားတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဘေဘီလေးတွေမှာ ပါးမို့မို့ ရှိရတဲ့ အကြောင်းရင်းကို သိသွားလောက်ပြီ ထင်ပါတယ်နော်။ နောက်လည်း ဘေဘီလေးတွေနဲ့ ပတ်သက်တာလေးတွေ ကြိုးစားပြီး ရှာဖွေ ဖော်ပြပေးသွားပါဦးမယ်။

Ref: Why babies have the chubby cheek

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top