ချစ်သူဘဝမှာ ခရီးအတူထွက်သင့်တာဘာကြောင့်လဲ

when-the-not-yet-married-meet-0wxrcfwx.jpg

သမရိုးကျနေ့စဉ်ဘဝမှာလည်ပတ်ရင်း  မတူညီတဲ့ဘဝနေထိုင်မှုတစ်ခုကို ခွဲထွက်ရှာဖွေလိုက်ကြရအောင်ပါ။ အဲ … ရှင်းရှင်းပြောရရင်တော့ ချစ်သူနဲ့ခရီးထွက်မယ်ပေါ့။ အပြောင်းအလဲတွေအပေါ်မှာ ကိုယ့်လက်တွဲဖော်လို့သတ်မှတ်မယ့်သူက ဘယ်လောက်ခံနိုင်ရည်ရှိလဲ။ ဘယ်လိုဖြေရှင်းတတ်လဲ။ ဘယ်လောက်အားကိုးရလဲ။ ယုံကြည်ရလဲ ဆိုတာတွေကို စမ်းသပ်ကြည့်ကြမယ်။ ဆိုတော့ အဲဒီလိုခရီးထွက်ရင်းနဲ့မှ ဘာတွေကိုလေ့လာနိုင်လဲ၊ အကဲခတ်နိုင်လာမလဲဆိုတာကို အရင်ဆုံးကြည့်လိုက်ရအောင်။

၁။ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးရင်းနှီးလာတယ်

ခရီးသွားရင်း သူ့အကြောင်းပိုသိလာရတာလောက် ကောင်းတဲ့နည်းလမ်းရှိပါဦးမလား။ တစ်နေ့လုံးသူနဲ့အတူ ရှိနေရတဲ့အခါမျိုးမှာ သင့်ရဲ့စိတ်က ဘယ်လိုခံစားနေရတယ်ဆိုတာကို သိရှိလာပါလိမ့်မယ်။ ‘ငါသူနဲ့ တစ်နေကုန်နေနိုင်ပါ့မလား။’ ‘တစ်နေ့လုံးဟန်ဆောင်မှု ကင်းကင်းနေနိုင်ပါ့မလား။’ ‘ငါသူ့ကို မရိုးသွားမှာသေချာရဲ့လား’ စတဲ့မေးခွန်းတွေကိုလည်း ထုတ်တတ်လာပါတယ်။ မေးခွန်းရဲ့အဖြေက ‘ဟုတ်တယ်။ ငါနေနိုင်တယ်’ ဆိုရင်တော့ အဆင်ပြေတာပေါ့။

သင့်အနေနဲ့ သူ့ကိုလက်တွဲဖော်အဖြစ် ရွေးချယ်ထားတယ်ဆို သူ့ရဲ့အလင်းဘက်ခြမ်းကိုတင်မကဘဲ အမှောင်ဘက်ခြမ်းကိုပါ လက်ခံနိုင်ဖို့လိုပါတယ်။ နှစ်ယောက်အတူခရီးထွက်တယ်ဆိုတာက အသေးစားလက်ထပ်ပွဲလေး အရင်လုပ်လိုက်တာနဲ့ အတူတူပါပဲ။ လက်ထပ်ပြီးကာမှ ငါသူနဲ့တစ်နေ့လုံးနေရတာ မပျော်ဘူးကွာဆို သေပြီပဲလေ။

၂။ ကောင်းကွက်တွေရော၊ ဆိုးကွက်တွေရောကို မြင်လာတယ်

အပေါ်မှာပြောခဲ့သလိုပဲ သူ့ကိုရင်နှီးလာပြီဆို သူ့ရဲ့ကောင်းကွက်တွေရော၊ ဆိုးကွက်တွေရောကို သင်ပိုမြင်လာပါတယ်။ အတူခရီးထွက်ကြတဲ့အခါ နေ့ရက်တိုင်းက မသာယာနေနိုင်ပါဘူး။ အဆင်မပြေတဲ့ရက်ဆိုတာလည်း ရှိမှာပါပဲ။ တစ်ယောက်ကို တစ်ယောက်အပြစ်တင်မယ်။ ငြင်းခုံကြမယ်။ စကားနိုင်လုကြမယ်။ သင်ရှူံးချင်လည်း ရှူံးမယ်။ အမျိုးမျိုးဖြစ်နိုင်တာပါပဲ။

အမှန်ပြောရရင် ခရီးထွက်ခြင်းက သင့်ကိုအကောင်းဆုံးတွေသယ်လာပေးသလို အဆိုးဆုံးတွေကိုလည်း တပါတည်းယူဆောင်ပေးလာနိုင်ပါတယ်။ ဒေါသအရမ်းထွက်နေတဲ့အချိန် သင်မထင်မှတ်ထားတာတွေက ရုတ်ချည်းဆိုသလိုဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမျိုးမှာ သင်တို့နှစ်ယောက်လုံးက ပြဿနာတစ်ခုကို ဘယ်လိုအတူတကွဖြေရှင်းနိုင်လဲဆိုတာ တဖြည်းဖြည်းသိရှိလာရပါမယ်။ သူ့ပြဿနာ၊ ငါ့ပြဿနာဆိုပြီးမဟုတ်ဘဲ နှစ်ယောက်လုံးဘယ်လောက်အတူတကွ ဖြေရှင်းနိုင်လဲဆိုတဲ့အပေါ်မူတည်ပါတယ်။

 

၃။ သင့်ကို သူဘယ်လောက်ဂရုစိုက်လဲသိလာမယ်

ဖူးဖူးမှုတ်ထား၊ လူကြားထဲအကဲပိုနေတာမျိုးကိုပြောတာ မဟုတ်ဘူးနော်။ အစားအသောက်အဆင်ပြေရဲ့လား။ သွားရလာရအဆင်ပြေလား။ ခရီးပန်းနေလား။ လိုအပ်တာတွေကို အရိပ်တကြည့်ကြည့်နဲ့ စိတ်ထဲထည့်ထားပြီး ဂရုစိုက်ပေးနေတာမျိုးကိုဆိုလိုတာပါ။

အဲဒီလိုမှမဟုတ်ဘဲ နင့်ဘာသာဖြစ်ချင်ရာဖြစ်၊ ငါကတော့ပျော်စရာရှိတာပျော်ရမှာပဲဆိုရင်တော့ ဝေးဝေးသာသွားခိုင်းလိုက်ပါတော့။ လက်ထပ်ပြီးလည်း အားကိုးရမယ့်သူမျိုးမဟုတ်ပါဘူး။

၄။ ဘယ်လောက် လူကြီးလူကောင်းပီသလဲသိလာမယ်

ရှေးရိုးစွဲတယ်ပဲပြောပြော ကိုယ်ကတော့ မိန်းကလေးတွေကို ကြင်ကြင်နာနာဆက်ဆံတတ်တဲ့ယောက်ျားမျိုးကိုပဲ သဘောကျပါတယ်။ မိန်းကလေး တိုင်းလည်း အဲဒီလိုပဲဖြစ်လောက်မှာပါ။ ဘယ်မိန်းကလေးက ကိုယ့်ချစ်သူပလစ်ထားတာကို ခံချင်မှာလဲနော်။ ဒီအရာတွေကို ခရီးသွားခြင်းကနေ အဖြေရှာလို့ရပါတယ်။ အိတ်ကူသယ်ပေးတာမျိုး၊ အတက်အဆင်းတွေမှာ လက်ကမ်းပေးတာမျိုး၊ မမီမကမ်းတွေဖြစ်နေရင် ကူညီပေးတာမျိုး၊ လူကြားထဲ ဖေးမပေးတာမျိုး ဒါတွေကစတာပါပဲ။

ဒီအချက်တွေအကုန်လုံးက အရေးပါချင်မှလည်းပါမှာပေါ့။ ဆိုပေမဲ့ တစ်ခုမှမလုပ်ပေးဘဲ ဘာသိဘာသာနေတတ်နေတဲ့သူမျိုးဆိုရင်တော့ ပြန်စဉ်းစားရပါလိမ့်မယ်။

 

၅။ ဘယ်လောက်စီမံခန့်ခွဲနိုင်လဲ

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် လက်ထပ်ပြီးသွားတဲ့အခါ အိမ်ထောင်ရှင်၊ အိမ်ထောင်ရှင်မတွေဖြစ်လာမှာ ဖြစ်တဲ့အတွက် စီမံခန့်ခွဲနိုင်စွမ်းက အရမ်းအရေးကြီးပါတယ်။ ခရီးထွက်တဲ့အခါ ဒါတွေကအရမ်းသိသာပါတယ်။ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲရမယ်မှန်းမသိရင် ပါသမျှပိုက်ဆံတွေက ခဏလေးနဲ့ကုန်သွားတတ်ပြီး အစီအစဉ်မချတတ်ဘူးဆိုရင်တော့ သင်တို့ခရီးစဉ်က ဘယ်လိုမှဖြောင့်ဖြူးမှာ မဟုတ်ပါဘူး။ နှစ်ယောက်လုံးက အစီအစဉ်လည်းမချတတ်ဘူး၊ ငွေကိုဘယ်လိုအသုံးပြုရမယ်မှန်းလည်း မသိဘူးဆိုရင်တော့ လက်ထပ်ဖို့ကိုပြန်စဉ်းစားကြရပါမယ်။ ရေရှည်လက်တွဲကြရမှာလေ။ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ အဆင်ပြေမယ်လို့ထင်ပါသလား။

ဟုတ်ပါတယ်။ ခုခေတ်စုံတွဲတွေကတော့ ကိုယ်ရှာ၊ ကိုယ်သုံးဆိုပြီး အကန့်ခွဲထားတတ်ကြပါတယ်။ ဆိုပေမဲ့ မိသားစုရယ်လို့ဖြစ်လာရင် ကိုယ်တွေနှစ်ယောက်တည်းကမ္ဘာနဲ့ ရေရှည်သာယာနေလို့မရဘူးဆိုတာသိထားပါ။ နှစ်ဘက်အသိုင်းအဝိုင်းဆိုတာ ရှိပါသေးတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ လက်မထပ်ခင် ခရီးသွားပေးခြင်းက သင်တို့နှစ်ယောက်လုံးအတွက် ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးပေးနိုင်ပါတယ်။ သေချာလေ့လာပါ။ ဆုံးဖြတ်ပါ။ ခရီးထွက်ခြင်းက ဒီလိုအရာတွေအထိကို အထောက်အပံ့ပေးနိုင်ပါတယ်။

Ref: Pinterest “How traveling can tell you if he’s/she’s the one”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top