၁၉၃၀ ပြည့်နှစ်ကတည်းက လက်တွဲလာခဲ့တဲ့ ကြည်နူးစရာ အဘိုးအဘွားစုံတွဲရဲ့ ဇာတ်လမ်းလေး

yyl-018-5.jpg

ဗီယက်နမ်နိုင်ငံမှာ ကြည်နူးစရာကောင်းတဲ့ အဘိုးအဘွားစုံတွဲတစ်တွဲရှိပါတယ်။ သူတို့စုံတွဲက အခြားစုံတွဲတွေနဲ့မတူဘဲ အခြားသူတွေ မြင်ရရင်ကိုးပဲ စိတ်အေးချမ်းဖို့ကောင်းပါတယ်။ သူတို့စုံတွဲကို ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Nguyen Vu Phuoc က သဘောကျပြီး သူတို့ရဲ့အပြုအမူလေးတွေကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အဘိုး လီ ဗန် ဆီ (၉၆နှစ်) နဲ့ သူ့ဇနီး အဘွား ငုရင် သီလွိုင် (၈၈နှစ်) တို့က ဗီယက်နမ်နိုင်ငံ၊ ရှေးဟောင်းမြို့လေးဖြစ်တဲ့ Hoi An မှာနေထိုင်ခဲ့ကြပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ သူတို့နှစ်ယောက်ဟာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး (၁၀)နှစ် အကြာမှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာပွဲပြီးလို့ မကြာခင်မှာ သူတို့နိုင်ငံမှာ စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဘိုး လီဗန်ဆီက စစ်ထဲဝင်ရောက်ခဲ့ပြီး စစ်အတွင်းမှာပဲ ရန်သူတွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

နာကျင်လွမ်းဆွတ်မှုတွေနဲ့ အဘွား ငုရင်က သူ့ရဲ့ခင်ပွန်းကို နေ့တိုင်း အိမ်မှာပဲ စောင့်ဆိုင်းလို့နေခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ အဘိုးက စစ်မြေပြင်ကနေ အိမ်ကိုပြန်ရောက်လာခဲ့ပြီး နှစ်အကြာကြီးကွဲကွာနေရာမှ သူတို့စုံတွဲ ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ အဲဒီကတည်းကနေ အခုအချိန်ထိ အတူတူ ဘဝကို ထူထောင်ခဲ့ကြတာပါ။အဘိုးနဲ့အဘွားစုံတွဲမှာ သားသမီး (၅) ဦးရှိပြီး သူတို့နဲ့အတူ ရွာငယ်လေးမှာ နေထိုင်နေပါတယ်။ အဲဒီရွာလေးက Hoi An နဲ့ အနီးနားပတ်ဝန်းကျင်နေရာတွေကို ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ထောက်ပံ့ပေးနေတဲ့ရွာအဖြစ် ကျော်ကြားပါတယ်။ အဘိုးနဲ့အဘွားစုံတွဲက အသက်အရွယ်အိုမင်းတဲ့အထိ အတူတူပျော်ရွှင်စွာနေထိုင်နေတဲ့စုံတွဲဖြစ်တဲ့အတွက် မြင်တွေ့ရခဲတဲ့စုံတွဲဖြစ်ပါတယ်။

သူတို့ရဲ့အချစ်စွမ်းအားက သူတို့ဘဝအခက်အခဲတွေနဲ့ အိမ်ထောင်ရေးအချိုးအကွေ့တွေအားလုံးကို ကျော်ဖြတ်နိုင်စေခဲ့တာပါ။ အချင်းချင်းလည်း အရမ်းဂရုစိုက်ကြသလို အတူတူ ပျော်ရွင်နေထိုင်ခဲ့ကြပါတယ်။
သူတို့စုံတွဲကို လွန်ခဲ့တဲ့ (၁၀) ကျော်လောက်က ဓာတ်ပုံဆရာ Nguyen Vu Phuoc က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အဘိုးက ကျန်းမာရေးကောင်းမွန်နေတုန်းပါပဲ။ ညနေတိုင်း အဘိုးက ရေပုံးတွေသယ်လာပြီး ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းပေးပြီး အဘွားကော့ ဟင်းသီးဟင်းရွက်တွေကို ဆွတ်ခူးပေးပါတယ်။

အဲဒီအချိန်ဆို အဘိုးနဲ့အဘွားက အတူတူ ရယ်မောပျော်ရွှင်ပြီး စကားတွေဖောင်ဖွဲ့ပြောဖြစ်ကြပါတယ်။ ဓာတ်ပုံရိုက်လိုက်တဲ့ပုံတွေကြောင့်ပဲ အဘိုးနဲ့အဘွားတို့အကြောင်းက နေရာတိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ Hoi An ရဲ့ ရှေးဟောင်းရွာလေးကို ခရီးသွားဧည့်သည်တွေက အလည်အပတ်လာရောက်ခဲ့ကြတဲ့အပြင် အဘိုးနဲ့အဘွားဆီကို အချိန်ရရင်ရသလို လာလည်ပြီး ဓာတ်ပုံတွေရိုက်ကြပါတယ်။

တစ်နေ့မှာ အဘွားငုရင်က ချော်လဲပြီး ခြေထောက်ကျိုးသွားခဲ့ပါတယ်။ လမ်းလျှောက်လို့မရတဲ့အတွက် နေရာတစ်နေရာတည်းမှာပဲ လဲလျောင်းနေခဲ့ရပါတယ်။ အဘိုးက သူ့ရဲ့ဇနီးနဲ့ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ခဲ့ရပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ အဘွားငုရင်က အသက်အရွယ်အိုမင်းတာနဲ့ ခြေထောက်ကျိုးတဲ့နာကျင်မှုဒဏ်တွေကြောင့် အသက် (၈၈) နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့
ပါတယ်။

ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ အဘိုးဟာ အရမ်းနာကျင်ဝမ်းနည်းခဲ့ရပြီး သူ့ရဲ့ကျန်းမာရေးလည်း ဆုတ်ယုတ်လာခဲ့တဲ့အတွက် လှုပ်လှုပ်ရှားရှားလုပ်ရတာလည်း ခက်ခဲလှခဲ့ပါတယ်။ ဒါပေမဲ့ နေ့တိုင်း သူ့ရဲ့ဇနီးသည်ကို သတိရနေခဲ့ပြီး သူ့ရဲ့ဇနီးရဲ့အုတ်ဂူရှေ့မှာ အမြဲတမ်းစကားပြောပေးခဲ့ပါတယ်။

ခရီးသွားဧည့်သည်တွေနဲ့ ဓာတ်ပုံဆရာတွေက သူ့ဇနီးသေဆုံးခဲ့တာကြောင့် လာရောက်လည်ပတ်တာ နည်းပါးသွားခဲ့ပါတယ်။ သူတို့စုံတွဲက လိုက်ဖက်လှတဲ့စုံတွဲဓာတ်ပုံတွေရိုက်ဖို့အတွက် အတူတူမရှိကြတော့ပါဘူး။ အဘိုးကတော့ သူ ခံစားခဲ့ရတဲ့ပျော်ရွှင်မှုတွေနဲ့ သူ့အတိတ်အကြောင်းတွေကို ရေရွတ်မိနေတုန်းဖြစ်တဲ့အတွက် ဝမ်းနည်းမှုတွေနဲ့ အမှတ်တရတွေက သူနဲ့အတူ ကျန်ရစ်နေခဲ့ပါတယ်။ အချစ်စစ်အချစ်မှန်ကို လူအနည်းငယ်ကသာ သူတို့ရဲ့ဘဝမှာ ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှင်နေတဲ့ကာလတွေမှာ စုံတွဲတိုင်းက နားလည်မှုအပြည့်နဲ့ ချစ်ချစ်ခင်ခင်နေထိုင်သွားနိုင်ဖို့ လိုပါတယ်။

Ref: Boredpanda “This Old Vietnamese Couple Has Been Together Since The 30s And I Photographed Their Love Story”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top