ကျေးဇူးသိသော လူ့အသိုက်အဝန်းနှင့် မျိုးဆက်တို့၏ တာဝန်

7.10.2019.jpg

(၁)
ကျွန်တော်တို့ ကျင်လည်ဖြတ်သန်းနေရာ မြန်မာလူ့အဖွဲ့အစည်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်၊ စည်းကမ်း၊ လုပ်ဆောင်သင့် လုပ်ဆောင်ဖွယ်ရာ တာဝန်၊ ဝတ္တရား …စတဲ့အရာတွေကို သူ့ကဏ္ဍနဲ့သူ သတ်မှတ်ပိုင်းခြား၊ လမ်းညွှန်ထားပြီးသားဖြစ်ပါတယ်။

ဥပမာအနေနဲ့ ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ သိင်္ဂါလောဝါဒသုတ်မှာ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ ရဟန်းနဲ့ဒကာ ..ဆိုသလို ဆိုင်ရာပုဂ္ဂိုလ်တွေ လိုက်နာဆောင်ရွက်သွားရမယ့် တာဝန်၊ ဝတ္တရားတွေနဲ့ပတ်သက်ပြီး မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်အစရှိသဖြင့် တိတိကျကျ ဆုံးမလမ်းညွှန်ထားပြီးသားပါ။ ကိုယ့်ထက် အသက်ဂုဏ် ဝါ၊ ဉာဏ်ပညာ ကြီးမြတ်သာလွန်သူတွေ အပေါ်မှာမဆိုထားနဲ့၊ သစ်ပင်တစ်ပင်ရဲ့အရိပ်အောက် ချွေးသိပ်နားခိုမိပြီဆိုရင်တောင် ‘အရိပ်နေနေ အခက်ချိုးချိုး’မလုပ်ရဘူးလို့ ဆုံးမထားတဲ့ ကျွန် တော်တို့ လူ့အဖွဲ့အစည်းဟာ ကျေးဇူးတရားကို တန်ဖိုးထားတဲ့ လူမှုဝန်းကျင်တစ်ခုဆိုတာ အထူးပြောစရာမလိုပါဘူး။

ကျေးဇူးသိတတ်၊ ကျေးဇူးဆပ်တတ်တဲ့ လူ့အဖွဲ့အစည်းထဲမှာ လူ့ဘဝထဲကိုရောက်ရှိလာကြတဲ့ လောကလူသားတွေအနေနဲ့ လုပ်ဆောင်သွားရမယ့် တာဝန်တွေကိုလည်း လမ်းညွှန်ထားပြီးသားဖြစ်ပါတယ်။ လူသားတစ်ယောက်၊ လူရယ်လို့ဖြစ်လာပြီးတဲ့နောက် ဒီဘဝထဲက ပြန်ထွက်ခွာမသွားခင်မှာ လုပ်ဆောင်သွားရမယ့် တာဝန်သုံးရပ်ရှိပါတယ်။

‘ကြွေးဟောင်းကိုလည်း ချေရမယ်၊ ကြွေးသစ်ကိုလည်း ချရမယ်၊ ရွှေအိုးကိုလည်း မြှုပ်ရမယ်’ဆိုတဲ့ တာဝန်သုံးရပ်ပါပဲ။

(၂)
ဒီတာဝန်သုံးရပ်နဲ့ပတ်သက်ပြီး ငယ်ရွယ်စဉ်ကတည်းက ကြားဖူးနားဝရှိခဲ့တဲ့ ဇာတက၊ ပုံပြင်တစ်ပုဒ်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဘုရားဟောဇာတ်တော်လာ ကေဒါရကျေးမင်းဇာတ်ပဲ ဖြစ်ပါတယ်။ တစ်ခါတုန်းက ရာဇဂြိုဟ်ပြည်ရဲ့ အရှေ့မြောက်ဘက်၊ ပုဏ္ဏား ရွာကြီးတစ်ရွာမှာ လယ်ပိုင်ရှင်ပုဏ္ဏားကြီးတစ်ယောက်ရှိပြီး အဲဒီ လယ်တောနဲ့ မနီးမဝေးက လက်ပံတောကြီးထဲမှာတော့ ဘုရားအလောင်းတော်ဖြစ်တဲ့ ကေဒါရကျေးမင်းနဲ့ ကျေးငှက်အပေါင်းအပါတွေ နေထိုင်ကြပါတယ်။ ကေဒါရကျေးမင်းနဲ့ ကျေးငှက်တွေဟာ ပုဏ္ဏားပိုင်တဲ့ စပါးခင်းကို ရောက်ရှိလာကြပြီး စပါးတွေကို စားသောက်တတ်ကြပါတယ်။ အဲဒီမှာ ထူးခြားတာတစ်ခုက တခြားကျေးသားတွေက စပါးခင်းထဲမှာ သူတို့တစ်ဝမ်းတစ်ခါးစာ ဗိုက်ဝအောင်စားပြီး ပြန်သွားလေ့ရှိပေမယ့် ကျေးမင်းကတော့ သူ့ဗိုက်ဝအောင် စားတဲ့အပြင် လက်ပံတောဆီ ပြန်တဲ့အချိန်မှာလည်း စပါးနှံတွေကို ကိုက်ချီယူဆောင်ပြီးမှ ပျံသန်းသွားလေ့ရှိပါတယ်။

ကေဒါရကျေးမင်းရဲ့ ထူးခြားတဲ့အပြုအမူကို သတိထားမိတဲ့လယ်စောင့်က လယ်ပိုင်ရှင်ကိုပြောတဲ့အချိန်မှာ ကျော့ကွင်းနဲ့ ထောင်ဖမ်းစေပြီး လယ်ပိုင်ရှင်ပုဏ္ဏားနဲ့ ကျေးမင်းကို မေးပါတော့တယ်။’တခြား ကျေးငှက်တွေကတော့ သလေးစပါးကို စားရုံသာ စားပြီး ပြန်သွားကြတယ်။ အမောင်ကျေးမင်းကတော့ စားလည်း စားတဲ့အပြင် စပါးနှံတွေကိုပါ ကိုက်ချီသယ်ဆောင် သွားတတ်သေးတယ်။ ဒါ ဘယ်လိုသဘောနဲ့လဲ’ဆိုပြီး လယ်ပိုင်ရှင်ပုဏ္ဏားက မေးမြန်းတာပါ။အဲဒီအခါမှာ ကျေးမင်းက သူ့အနေနဲ့ စပါးနှံတွေကို ကိုက်ချီ သယ်ဆောင်သွားရတယ်ဆိုတာ လက်ပံတောမှာကျန်ခဲ့တဲ့ မိအိုဖအိုတွေကို ကျွေးမွေးပြုစုဖို့၊ နောက်…ကျေးသားငယ်၊ ကျေးသမီးငယ်တွေကို ပြုစုကျွေးမွေးဖို့နဲ့ သူတို့ကိုယ်တိုင် အစာရှာမထွက်နိုင်တော့တဲ့ ကျေးအိုကြီးတွေ၊ ခိုကိုးရာမဲ့ ကျေးတွေကို ပြန်လည် စောင့်ရှောက်ထောက်ပံ့နိုင်ဖို့ ဖြစ်တဲ့အကြောင်း ရှင်းပြခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ ‘ကြွေးဟောင်းကို ချေ၊ ကြွေးသစ်ဝေ၊ မြှုပ်လေ မြတ်ရွှေအိုး’ဆိုတဲ့ ဆုံးမစကားအတိုင်း ဘုရားလောင်း ကျေးမင်းရဲ့ တာဝန်ကျေမှု၊ သိတတ်မှုကို အတုယူပြီး လောကလူသားတွေ အနေနဲ့လုပ်ဆောင်သွားရမယ့် တာဝန်သုံးရပ်ကို ဗုဒ္ဓဘုရားရှင်က ဟောဖော်ညွှန်ပြ၊ ဆိုဆုံးမထားခြင်းပါပဲ။

(၃)
ပထမဆုံးအနေနဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကနေ လူလားမြောက်အောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကြွေးဟောင်းရှင် မိဘတွေရဲ့ ကျေးဇူးကို ပြန်ဆပ်ကြဖို့ ကေဒါရကျေး မင်းဇာတ်တော်က လမ်းညွှန်ထားတာ တွေ့ရပါတယ်။ကလလ ရေကြည် သန္ဓေတည်ကတည်းကနေ အချိန်တန် အရွယ်ရောက်လို့ အတောင်ပေါက် ပျံသန်းသွားတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ကျွေးမွေး၊ ပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတို့ရဲ့ကျေးဇူး ဘယ်လောက်ကြီးမားတယ်ဆိုတာ အထူးပြောမနေတော့ပါဘူး။ ကိုယ့်ကို လောကကြီးထဲ လာခွင့်ပေးတာတစ်ခုတည်းနဲ့တင် မိဘတွေရဲ့ ကျေးဇူးကြွေး ကိုယ့်အပေါ် ဘယ်လောင်တင်နေပြီလဲဆိုတာ တွေးဆကြည့်လို့ရနိုင်ပါပြီ။ ဒီအတွက် ကိုယ့်ရဲ့မိဘတွေ အရွယ်လွန် အားအင်ကုန်ခမ်း အိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာ တတ်နိုင်သမျှ ပြန်လည်ပြီး ပြုစုစောင့်ရှောက်ကြရမှာက သားသမီးတိုင်းရဲ့ တာဝန်တစ်ခုဖြစ်သလို လောကလူသားတိုင်းရဲ့ မျိုးဆက်တာဝန် တစ်ခုဆိုရင်လည်း မမှားပါဘူး။

ကျေးဇူးသိတတ်တဲ့ လူ့အသိုက်အဝန်းတစ်ခုမှာ ကိုယ့်အပေါ် ကျေးဇူးအထူးရှိခဲ့ဖူးတဲ့ မိဘတွေကို ပြန်လည်စောင့်ရှောက်ဖို့လို အပ်သလိုပဲ ကိုယ်လာခွင့်ပေးလို့ လောကကြီးထဲကိုရောက်လာတဲ့ သားသမီးတွေရဲ့ဘဝကိုလည်း ပြုစုစောင့်ရှောက်၊ မြေတောင်မြှောက်ပေးနိုင်ဖို့ လိုအပ်ပါသေးတယ်။သားသမီးတွေရဲ့ အနာဂတ်ဘဝ လှပတင့်တယ်အောင် ပြုစု ပျိုးထောင်၊ ဆုံးမလမ်းညွှန်ပေးခြင်းဟာ ‘မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ’အစရှိတဲ့ မိဘတွေရဲ့ ကျင့်ဝတ်ပဲဖြစ်ပါတယ်။ ‘ကြွေးသစ်ချခြင်း’လို့ဆိုရမယ့် သားသမီးတွေ လူလားမြောက်အောင် ပြုစုစောင့်ရှောက်တဲ့အလုပ်ဟာ လူသားတာဝန်အရ ကိုယ့်ရဲ့မျိုးဆက်တစ်ခုကို မြှင့်တင်ပေးရာရောက်ပါတယ်။ ကိုယ်မိဘနေရာရောက်နေအချိန်မှာ မိဘတာဝန်ဝန်ကျေပွန်ထားမှလည်း နောင်တစ်ချိန် အိုမင်းမစွမ်းဖြစ်လာတဲ့အခါ တာဝန်ကျေတဲ့ သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်မှုကို ပိုပြီးတော့ မျှော်လင့်နိုင် မယ့်သဘောပါပဲ။

လူရယ်လို့ဖြစ်လာပြီးတဲ့နောက် ဆောင်ရွက်သွားရမယ့် တာဝန်သုံးရပ်ထဲမှာ ‘နေ့စဉ်နေ့စဉ် ရွှေအိုးကြီးတွေ မြှုပ်နှံရမယ်’ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဆိုလိုချင်တာကတော့ လူတစ်ယောက်အနေနဲ့ ကိုယ်ရှာဖွေစုဆောင်း ရရှိထားသမျှထဲကနေ တစ်ပါးသူတွေကို ပြန်လည်မျှဝေလှူဒါန်းရင်းနဲ့ ရွှေအိုးနဲ့တူတဲ့ ကုသိုလ်အလုပ်တွေ လုပ်ဆောင်သွားဖို့ပါ။ လူဟာ လူမှုအသိုက်အဝန်းနဲ့ ရပ်တည်ရတဲ့ လူမှုရေးသတ္တဝါ ဖြစ်တဲ့အတိုင်း ကိုယ်တစ်ယောက်တည်း စားနေ၊ သောက်နေရရုံ၊ ပြည့်စုံနေရုံနဲ့ လုံလောက်မှုရှိပြီလို့ မဆိုနိုင်သေးပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ အခက်အခဲ ဒုက္ခရောက်နေသူတွေကိုလည်း ကိုယ်တတ်နိုင်သမျှ ဖေးမ၊ ကူညီမှုလုပ်ဆောင်သွားမှပဲ ပိုကောင်းတဲ့ကမ္ဘာကြီးတစ်ခု ဖြစ်တည်လာနိုင်မှာပါ။

(၄)
ဘုရားရှင်အနေနဲ့ အလောင်းတော်ဘဝတုန်းက ကေဒါရကျေးမင်းဇာတ်တော်ကို ဟောကြားခဲ့တာဟာ မိအိုဖအိုကို ဆွမ်းခံပြီးလုပ်ကျွေးခဲ့တဲ့ ရဟန်းတစ်ပါးကို အကြောင်းပြုပြီး ဟောကြားခဲ့တာဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်က သူဌေးသားလုလင်တစ်ယောက် ရဟန်းဝတ်သွားတဲ့အချိန်မှာ အိုမင်းမစွမ်းဖြစ်လာတဲ့ မိဘတွေဟာ အလုပ်မလုပ်နိုင်တော့ဘဲ ဆင်းရဲသွားရာကနေ နောက်ဆုံး တောင်းစားတဲ့ဘဝထိ ရောက်သွားခဲ့ရပါတယ်။ ဒါကို သားရဟန်းက သိသွားတဲ့အခါ မိဘနှစ်ပါးကို နေ့စဉ်နေ့တိုင်း ဆွမ်းခံပြီးတော့ ကျွေးရပါတယ်။

မိဘနှစ်ပါးကို ဆွမ်းခံပြီး ကျွေးနေရတဲ့ ရဟန်းရဲ့လုပ်ရပ်ကို သိသွားတဲ့နောက် ဒကာ၊ ဒကာမတွေ စေတနာနဲ့လှူတဲ့ ဆွမ်းကို မိဘတွေကို ကျွေးရမလားဆိုပြီး တခြားရဟန်းတွေက ကဲ့ရဲ့လာပါတော့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားရှင်ထံ လျှောက်ကြတဲ့အခါ မိအိုဖအိုတွေကို ဆွမ်းခံကျွေးတာကို ဘုရားရှင် သာဓုခေါ်ပြီး သူကိုယ်တိုင်လည်း အလောင်းတော်ဘဝမှာ မိဘကို လုပ်ကျွေးပြုစုခဲ့ရကြောင်း ကေဒါရကျေးမင်းဇာတ်ကို ဟောကြားခဲ့တာဖြစ်ပါတယ်။ ဘုန်းကြီးရဟန်းတွေတောင် မိဘကို လုပ်ကျွေးပြုစုကြရမယ်ဆိုရင် အိမ်ရာတည်ထောင် လူတို့ဘောင်က လောကလူသားတွေအဖို့ရာမှာတော့ မိဘကျေးဇူးဆပ်ဖို့ရာ အထူးဆိုဖွယ်ရာမရှိတော့ပါဘူး။

‘ကြွေးဟောင်းကို ချေ၊ ကြွေးသစ်ဝေ

မြှုပ်လေ မြတ်ရွှေအိုး။

ဘိုးဘွားမိဘ လုပ်ကျွေးကြ

ရှေးက ကြွေးဟောင်းကျေ။

သားသမီး မြေးမြစ် လုပ်ကျွေးလှစ်

ကြွေးသစ်တွေလည်း ဝေ။

ကောင်းမှုအမျိုးမျိုး နေ့စဉ်ကြိုး

ရွှေအိုး မြှုပ်ကြလေ။

တာဝန်သုံးထွေ ဝတ်ကြီးကျေ

မှတ်လေ သူမြတ်မျိုး။

တာဝန်သုံးထွေ ဝတ်မကျေ’

မှတ်လေ သူယုတ်မျိုး။’ဆိုတဲ့ ဆုံးမလင်္ကာအတိုင်း ကျေးဇူးသိတတ်တဲ့ လူ့အသိုက်အဝန်းတစ်ခုမှာ တာဝန်ကျေတဲ့ မျိုးဆက်တွေဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြဖို့ပါပဲ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top