မေဒေး (သို့) ကမ္ဘာ့အလုပ်သမားနေ့

May-day.jpg

နှစ်စဉ် မေလ (၁) ရက်နေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြီး အစိုးရရုံး၊ အလုပ်ရုံ၊ ဈေးဆိုင်တွေကို ပိတ်ကာ အလုပ်သမားတွေရဲ့ အင်အားပြပွဲ၊ စီတန်းလမ်းလျှောက်ပွဲ စတဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။

မေဒေး ခေါ် အလုပ်သမားနေ့ဆိုတာဟာ အလုပ်သမားလူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့ နေ့ကြီးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမားပစ္စည်းမဲ့လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကိုတော်လှန်ပြီး အလုပ်သမားတွေရဲ့ ဘဝသစ်တည်ဆောက်ဖို့ အလုပ်သမားများသွေးစည်းတဲ့နေ့လို့ ခေါ်ဆိုကြပါတယ်။

မေဒေး ပေါ်ပေါက်လာမှုဟာ (၁၉) ရာစုဆန်းလောက်မှာ အမေရိကန်ပြည်ထောင်စုက အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခဖြစ်မှုကနေစတင်ခဲ့တာပါ

မေဒေး ပေါ်ပေါက်လာမှုဟာ (၁၉) ရာစုဆန်းလောက်မှာ အမေရိကန်ပြည်ထောင်စုက အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခဖြစ်မှုကနေစတင်ခဲ့တာပါ။ အဲဒီခေတ်ကအလုပ်သမားတွေဟာ နေထွက်က နေဝင်အထိ တစ်နေ့ကို (၁၆) နာရီကနေ နာရီ (၂၀) အထိ အလုပ်ရုံ၊ စက်ရုံတွေမှာ ပင်ပန်းကြီးစွာ အလုပ်ဆင်းကြရပါတယ်။ ပင်ပင်ပန်းပန်းလုပ်ကိုင်ပေးနေရပေမဲ့ သူတို့တွေရဲ့ဘဝဟာ တိုးတက်မှုရှိမလာဘဲ နေရေး၊ ထိုင်ရေးနဲ့ ကျန်းမာရေးတွေမှာ အလွန်အဆင့်အတန်းနိမ့်ကျစွာ နေခဲ့ရပါတယ်။ အဲဒီလိုဘဝဆိုးကိုရင်ဆိုင်ရတာကြောင့် အလုပ်သမားခေါင်းဆောင်တွေက အလုပ်သမားတွေသက်သာချောင်ချိစေဖို့ အလုပ်ရှင်တွေကို အရေးဆိုခဲ့ကြပါတယ်။

၁၈၂၀ ပြည့်နှစ်ကနေ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်တွေက တစ်နေ့တာ အလုပ်ချိန် (၁၀) နာရီသာကန့်သတ်ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေက အလွယ်တကူမလိုက်လျောခဲ့ကြပါဘူး။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်တဲ့ အလုပ်သမားတွေဟာ ဖမ်းဆီးနှိပ်ကွပ်ခံရပေမဲ့လည်း အလုပ်သမားအင်အားစုများက အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အလုပ်သမားတွေရဲ့တိုက်ပွဲဟာ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျအထိ ကူးစက်သွားခဲ့ပါတယ်။

၁၈၈၉ ခုနှစ် ပါရီမြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်ဒုတိယညီလာခံမှာ မေလ (၁) ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပေးလိုက်

၁၈၈၄ ခုနှစ် အမေရိကန်အလုပ်သမားများအဖွဲ့ချုပ်ညီလာခံမှာ ၁၈၈၆ ခု မေလ (၁) ရက်နေ့ကစပြီး တစ်နေ့ကို (၈) နာရီသာ အလုပ်လုပ်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အလုပ်သမားအဖွဲ့ခွဲတွေဆီကိုလည်း အဲဒီဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြဖို့ ညွှန်ကြားချက်တွေပေးပို့ခဲ့သလို အလုပ်သမားပေါင်းများစွာကလည်း ညွှန်ကြားချက်အတိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ တစ်ဘက်က အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် တချို့ဟာ အလုပ်ကထုတ်ပစ်ခံရ၊ တချို့က ထောင်ကျကာ အသက်ဆုံးခဲ့ရသူတွေလည်းရှိပြီး အလွန်ထိခိုက်နစ်နာခဲ့ကြရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အလုပ်သမားများရဲ့အရေးဟာ အောင်မြင်သွားခဲ့ပါတယ်။

၁၈၈၉ ခုနှစ် ပါရီမြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်ဒုတိယညီလာခံမှာ မေလ (၁) ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပေးလိုက်ပြီး အဲဒီဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ (၁) ရက်နေ့တိုင်းမှာ အလုပ်သမားခေါင်းဆောင်အသီးသီးက အလုပ်သမားအရေးတွေကို ဟောပြောတာ စတဲ့အထိမ်းအမှတ်ပွဲတွေကို ကျင်းပကြပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားအားလုံးဟာ လုပ်အားခပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။ အခုအခါမှာ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာမှာ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြပြီဖြစ်ပါတယ်။

နောင်လာနောင်သားတွေ၊ ကာယဉာဏအလုပ်သမားတွေအတွက် အခွင့်အရေးတွေရအောင် တိုက်ပွဲဝင်ပေးသွားခဲ့တဲ့ နိုင်ငံတကာနဲ့ မြန်မာပြည်ကအလုပ်သမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို မေဒေးလို နေ့ရက်မျိုးမှာ ကျွန်တော်တို့အနေနဲ့ ပြန်အောက်မေ့သတိရသင့်တာကအမှန်ပါပဲ။ တစ်ဆက်တည်းမှာ လူအချင်းချင်းဖိနှိပ်မှု၊ မတရားသဖြင့်အနိုင်ယူစိုးမိုးမှုတွေကင်းပပြီး ချစ်ခင်စာနာမှုတွေထွန်းကားတဲ့ကမ္ဘာကြီးဖြစ်လာပါစေလို့လည်း ဆန္ဒပြုလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top