မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ အနုသုခုမအညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ချောက်ချားစရာ သရဲတို့ကမ္ဘာကို သွားကြရအောင်။
(ရုပ်ရှင်) အတွက်ကတော့ Shutter ဆိုတဲ့ ဇာတ်ကားအကြောင်း ပြောကြည့်ရအောင်ပါ။ ဒီဇာတ်ကားရဲ့ မူရင်းက ထိုင်းဇာတ်ကားပါ။ ဇာတ်ကားထွက်ပြီးတဲ့အချိန်မှာ အရမ်းကို အောင်မြင်သွားပြီး ဟောလိဝုဒ်ကရော ဘောလိဝုဒ်ကပါ ပြန်ဝယ်ပြီး ဒီနာမည် ဒီဇာတ်လမ်းနဲ့ပဲ ပြန်လည် ရိုက်ကူးထားပါတယ်။ ကျွန်တော့်အမြင်မှာတော့ ၃ကားလုံးက သူ့ဟာနဲ့သူ ကောင်းပါတယ်။ ရွေးပေးရမယ်ဆိုရင်တော့ သရဲက ဝူးဝဲဗြူးဗြဲ ခြောက်တာ ကြည့်ချင်ရင် ထိုင်းကားကို ကြည့်ပါ။ သရဲကားကို စိတ်ဝင်စားစရာကောင်းအောင် ကြည့်ချင်တယ်ဆိုရင်တော့ အင်္ဂလိပ်ကား (ဟောလိဝုဒ်ကား)ကို ကြည့်ပါ။ အရမ်းကြီး ကြောက်စရာကောင်းတာလည်း မကြည့်ရဲဘူး၊ ဒါပေမဲ့ သရဲကားဆိုလည်း ခြောက်နေဦးမှဆိုသူတွေကတော့ အိန္ဒိယကား (ဘောလိဝုဒ်)ကားကို ကြည့်ပါ။ ဇာတ်လမ်း ၃ ခုလုံးရဲ့ နာမည်က Shutter တွေချည်းပါပဲ။
ဇာတ်လမ်းကတော့ ဓာတ်ပုံဆရာကောင်လေးတစ်ယောက် ဓာတ်ပုံတွေရိုက်ရင်း ဓာတ်ပုံထဲမှာ ဖြူဖြူအရိပ်တွေ စပေါ်လာပါတယ်။ ဒါကို သူ့ရည်းစားနဲ့ သူငယ်ချင်းတွေကလည်း သိပါတယ်။ ဒီအကြောင်းကို စုံစမ်းနေရင်းမှာပဲ ကောင်လေးရဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သတ်သေသွားကြတဲ့အခါ… ဘာကြောင့် အကုန်လုံး ကိုယ့်ဟာကိုယ် သတ်သေသွားကြတာလဲ? ဖြူဖြူအရိပ်ကရော ဘာလဲ? အဓိက ဇာတ်ကောင် သမီးရည်းစား နှစ်ယောက်ကရော ဘယ်လို ဖြစ်သွားကြမှာလဲ? သရဲ နဲ့ သူတို့ကြားမှာရော ဘယ်လို ဇာတ်လမ်းတွေ ရှိနေတာလဲ? သိချင်ရင်တော့ ပိတ်ကားပေါ်မှာသာ ဆက်လက်စောင့်ကြည့်ပါ ပရိသတ်.. 😀
(စာအုပ်) အတွကိဆိုရင်တော့ ကျွန်တော်က အမေရိကန် စာရေးဆရာ Joe Hill ရဲ့ “20th Century Ghosts” လို့အမည်ရတဲ့ စာအုပ်ကို ဖတ်စေချင်ပါတယ်။ မြန်မာလိုရင်တော့ ၂၀ ရာစုရဲ့ တစ္ဆေသရဲများ လို့ ဆိုရမလား …. စာအုပ်ဟာ ဝတ္ထုတိုစုစည်းမှု စာအုပ်ဖြစ်ပြီး စာရေးဆရာ Joe Hill အတွက် ဆုတွေအများကြီး ယူပေးနိုင်ခဲ့တဲ့ စာအုပ်ပါ။ ဒီဝတ္ထုတိုတွေထဲကမှ စာအုပ်ခေါင်းစဉ်အဖြစ် ယူထားတဲ့ “20th Century Ghosts” ဆိုတဲ့ ဝတ္ထုတိုလေးဆိုရင် ရိုးရိုးရှင်းရှင်းလေးပါပဲ။ ရုပ်ရှင်ရုံကို အလည်သွားတဲ့ ကောင်လေးတစ်ယောက်က သရဲတစ်ကောင်ကို မြင်လိုက်ပါတယ်။ ဒါကပဲ သူ့ဘဝအတွက် ပြောင်းလဲမှုအကြီးကြီး တစ်ခုကို ယူဆောင်လာတော့တာပါပဲ။ နောက် စာအုပ် စစချင်းမှာ ဖတ်ရမယ့် “Best New Horror Story” ဆိုတဲ့ ဝတ္ထုတိုလေးဆိုရင်လည်း အမျိုးအမည်မသိ မိစ္ဆာ(Beast) ကြီးတစ်ကောင်အကြောင်းပေါ့.. အဓိက ဇာတ်ကောင်ရဲ့ ပူပန်မှု၊ စိုးရိမ်သောကတွေက စာဖတ်တဲ့သူတွေကိုပါ ထပ်တူခံစားရအောင် လုပ်နိုင်ခဲ့ပါတယ်။
ဒီစာအုပ်ထဲမှာ ဒီဝတ္ထုတို နှစ်ပုဒ်အပြင် အခြားသော ဝတ္ထုတိုတွေလည်း ကျန်ရှိနေပါသေးတယ်။ မြန်မာလို ဘာသာပြန်ရှိမရှိတော့ ကျွန်တော်လည်း မသိဘူးရယ်။ (ရှိရင်လည်း လက်တို့ကြပါဦး) ဒီစာအုပ်ကို ဖတ်တဲ့အချိန်မှာ ခံစားမှုကတော့ဖြင့် ဖတ်ရင်း ဖတ်ရင်း လက်က မချချင်အောင် ဆွဲဆောင်နိုင်တယ်။ တစ်မျက်နှာပြီး တစ်မျက်နှာ ဘာဖြစ်မလဲ၊ ဘာဖြစ်မလဲနဲ့ တကယ်က ဆက်ဖတ်ရမှာလည်း ကျောထဲက စိမ့်၊ ဝတ္ထုတိုလေးတွေ ပြီးသွားမှာ စိုးရိမ်ပေမဲ့ နောက်ဆုံးစာမျက်နှာအရောက်မှာ ဟာ.. ငါဒီစာအုပ်ကို ဖတ်လို့ ပြီးသွားပြီဟ ဆိုပြီး လွတ်မြောက်သွားသလို ခံစားချက်မျိုးကို ခံစားလိုက်ရပါတယ်။
ကျွန်တော်က ရုပ်ရှင်နဲ့ ဝတ္ထုယှဉ်ရင် ဝတ္ထုဖတ်ရတာကို ပိုပြီးအားသန်သလို ဝတ္ထုထဲကို ပိုပြီး စီးမျောနိုင်ပါတယ်။ ဆိုလိုတာက ရုပ်ရှင်ကြည့်ရင် ရုပ်တည်ကြီးနဲ့ နေချင်နေမယ်.. ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ မူရင်း ဝတ္ထုကို ဖတ်မိတဲ့အခါ မျက်ရည်တွေ ကျနေတာမျိုး။ ရုပ်ရှင်ကြည့်ရင်း ပြုံးနေခဲ့ရင် သူ့မူရင်းဝတ္ထုကို ဖတ်ကြည့်တဲ့အခါ တခွီးခွီး ရယ်နေရတာမျိုး… ဆိုတော့ ကျွန်တော်က သရဲ၊တစ္ဆေတွေဆိုလည်း စာအုပ်ဖတ်ခဲတယ်။ ရုပ်ရှင်ကြည့်တာက ဘယ်လိုမှ မနေတော့ ရုပ်ရှင်ပဲ ကြည့်တာများတာပေါ့နော်.. စာအုပ်ဖတ်ရင် ကြောက်မိမှာစိုးလို့ ဆိုပေမဲ့ ဒီစာအုပ်ကျမှ ဘယ်လိုမှ မနေနိုင်၊ မထိုင်နိုင်ကို စွဲတော့တာပါပဲ။ ကျွန်တော်ပြောတာ မယုံရင် ဖတ်ကြည့်..စာအုပ်တစ်အုပ် ကောင်းတယ်၊ မကောင်းဘူးဆိုတာ သူ့အကြိုက် ကိုယ့်အကြိုက်နဲ့လည်း ဆိုင်သေးတာမို့.. ဖတ်ကြည့်ကြဖို့သာ တိုက်တွန်းချင်ပါတယ်။
သီချင်းအနေနဲ့က အတော်ရွေးရခက်သားလား.. သရဲသီချင်းဆိုတာကလည်း အရှားသားလေ 😀 ဆိုတော့ နာမည်ကြီးပြီးသား Halloween သီချင်းကိုပဲ ရွေးချယ်ထားပါတယ် (Halloween Theme လို့လည်း ခေါ်ကြပါတယ်)။ ၁၉၇၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Halloween” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးဖြစ်ပြီး ဂျွန်ကာပင်တာ (John Carpenter) က ရေးသားထားပါတယ်။ ဇာတ်ကားကလည်း သူရိုက်တာပါပဲ။ စွယ်စုံရကြီး.. သီချင်းကတော့ ၁၉၇၉ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ အယ်လ်ဘမ် ထွက်ရှိခဲ့ပြီးတဲ့နောက် ၁၉၈၃၊ အောက်တိုဘာလမှာ U.S Version အနေနဲ့ ထွက်ရှိခဲ့ပါတယ်။
နာမည်ကျော်၊ မကျော်ဆိုတာတော့ ဆယ်စုနှစ် (၄)ခုလောက်ထိ အရှိန်မသေသေးတာပဲ ကြည့်ပါတော့။ ကျွန်တော်ခုညွှန်းနေတဲ့သီချင်းမှာ စာသားမပါပါဘူး… ဟင် စာသားမပါဘဲ ငါတို့က ဘာနားထောင်ရမှာလဲဆိုရင် ရှင်းပါတယ်… သီချင်း သံစဉ်ကိုပဲ နားထောင်ကြည့်ပါ။ ကျောထဲကပါ စိမ့်လာပါလိမ့်မယ်…. သံစုံတူရိယာတွေနဲ့ တီးခတ်ထားတာလည်း မဟုတ်ပါဘူး။ စန္ဒယားသံလေး တစ်ခုတည်း ပါဝင်တာပါ။ သာယာနာပျော်စရာ စန္ဒယားသံလေးဟာ ဂီတမှော်ပူးကပ်သွားတဲ့အခါမှာ ဘယ်လောက်တောင် ကျောချမ်းစရာကောင်းလဲဆိုတာတော့ဖြင့် နားထောင်ကြည့်ရင် သိပါလိမ့်မယ်နော်… ပြောနေကြာပါတယ်။ ခုပဲ နားထောင်ကြည့်လိုက်ပါ… ၂၀၁၈ မှာ ဒီသီချင်းကိုပဲ အသစ်ပြန်ဖန်တီးထားတာလည်း ရှိပါသေးတယ်။ ယှဉ်ပြီး နားထောင်ကြည့်ကြနော်…။ နောက်တစ်ပတ်မှ ထပ်ဆုံကြပါစို့ရဲ့…
Angelic Demon (ရိုးရာလေး)