အောင်မြင်မှုနဲ့ ပျော်ရွှင်မှု

2012BobDylanPA200112-e1477057651110.jpg

“အောင်မြင်တဲ့လူဆိုတာ မနက်အိပ်ရာထချိန်နဲ့ ညဘက်အိပ်ရာဝင်ချိန်ရဲ့ ကြားမှာ ကိုယ်လုပ်ချင်တာကို လုပ်နေရတဲ့သူပဲ“

– ဘော့ဘ်ဒိုင်လန်

အဆိုတော် ဘော့ဘ်ဒိုင်လန်ဟာ ၂၀၁၆ ခုနှစ်အတွက် စာပေနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသူပါ။ ချီးမြှင့်ခံရတဲ့အကြောင်းအရင်းကတော့ အမေရိကန်ဂီတအစဉ်အလာ လမ်းကြောင်းအတွင်းမှာမှ ကဗျာဆန်တဲ့ ဖော်ထုတ်တင်ပြချက်တွေပါဝင်တဲ့သီချင်းတွေကို ဖန်တီးနိုင်ခဲ့လို့ပါပဲ။ ထုံးစံအရ စာပေသမားတွေကိုပေးတဲ့ဆုကို ဂီတသမားကို ပေးတဲ့အတွက် မကျေနပ်သံ အနည်းအကျဉ်း ရှိခဲ့ပေမဲ့ ဘော့ဘ်ဒိုင်လန်ရဲ့ သီချင်းတွေ၊ ဂီတတွေဟာ တကယ်ပဲ အနုပညာလက်ရာမြောက်တဲ့ အတွက် ဒီရွေးချယ်မှုကို လူတော်တော်များများက အပြစ်မမြင်ခဲ့ကြပါဘုး။

ဒါပေမဲ့ ဆုနဲ့ပတ်သက်ပြီး သဘောကျပုံမရတဲ့သူက ဘော့ဘ်ဒိုင်လန်ကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်။ ဘော့ဘ်ဒိုင်လန်ဟာ ဒီဆုနဲ့ပတ်သက်ပြီး အထူးတလည် ကျေနပ်နေကြောင်းလည်း မပြသခဲ့ပါဘူး။ သူ့ရဲ့ Website က ကိုယ်ရေးရာဇဝင်မှာတောင် နိုဘယ်ဆု ရရှိထားကြောင်းကို ဖျက်ထားခဲ့တာပါ။ ဒိုင်လန်ဟာ ဆုတွေ၊ လူတွေရဲ့ အသိအမှတ်ပြုမှုတွေကို အပေါ်ယံပကာသနတွေလို သဘောထားတတ်တဲ့သူဖြစ်ကြောင်းကို မှတ်တမ်းတစ်ခုက အခုလိုဖော်ပြခဲ့ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက ဘော့ဘ်ဒိုင်လန်ကို စိန့်အင်ဒရူးတက္ကသိုလ်က ဂီတပညာရပ်အတွက် ဒေါက်တာဘွဲ့ပေးခဲ့တယ်။ မိနစ် ၉၀ ကြာတဲ့ ဆုပေးပွဲအခမ်းအနားကို ပွဲစပြီး မိနစ် ၅၀ အကြာမှ ဘော့ဘ်ဒိုင်လန် ဝင်လာခဲ့ပါတယ်။ သူ့ရဲ့ ဂီတအကြောင်း ချီးကျုးထောပနာပြုနေကြတဲ့ အခမ်းအနားမိန့်ခွန်းပြောသူကို သူက သမ်းဝေငိုက်မြည်းရင်း ကြည့်နေခဲ့တာပါ။ ပွဲပြီးတဲ့အချိန် သူ့ရဲ့ “Blowing in the wind “ သီချင်းကို တက္ကသိုလ်ဂီတအဖွဲ့က တီးမှုတ်ဂုဏ်ပြုနေတာကိုတောင်မှ အမှုမထား၊ ဘယ်သူ့ကိုမှ နှုတ်ဆက်ကျေးဇူးတင်စကားတစ်ခွန်းမပြောဘဲ ခန်းမထဲက ပြန်ထွက်သွားခဲ့ပါတယ်။

ဒီစာပိုဒ်အစမှာ ကိုးကားထားသလိုပဲ သူ့ရဲ့ လွတ်လပ်ပေါ့ပါးမှုကိုခုံမင်တဲ့စရိုက်အတိုင်း နေထိုင်နိုင်တဲ့အတွက် သူကိုယ်တိုင်ရဲ့အမြင်မှတော့ာ သူဟာ အောင်မြင်သူတစ်ယောက်ဖြစ်နေမှာကို သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေကကော အိပ်ရာဝင်နဲ့ အိပ်ရာထကြားမှာ လုပ်ချင်တာကို လုပ်နိုင်ပါသလား၊ ငွေကြေးတွေ၊ မိသားစုစားဝတ်နေရေးတွေ၊ ဂုဏ်သိက္ခာနဲ့လေးစားမှုတွေ၊ အများရဲ့အသိအမှတ်ပြုမှုတွေ နောက်ကို လိုက်နေရတဲ့အနေအထားမှာ ကျွန်တော်တို့ ပျော်ရွှင်ပါရဲ့လား။ ဘော့ဘ်ဒိုင်လန်ရဲ့ စံနှုန်းအတိုင်းဆိုရင် ကျွန်တော်တို့ အောင်မြင်ရဲ့လား လို့တောင် မေးခွန်းထုတ်စရာပါပဲ။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာက ကိုယ်တန်ဖိုးထားတဲ့ စံနှုန်းအတိုင်းပဲ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းလာအောင် တည်ဆောက်နေကြတာပါ။ ဘော့ဘ်ဒိုင်လန်က ဒီလိုပြောလို့ ကိုယ်လည်း ဒီအတိုင်းလိုက်ဖြစ်ရမယ်ဆိုရင်တော့ သဘာဝမကျပါဘူး။ သူ့ရဲ့ လွတ်လပ်တဲ့ စိတ်နေစိတ်ထားနဲ့ ရွေးချယ်မှုအမြင်ကတော့ မှတ်သားစရာ၊ အလေးအနက်စဉ်းစားမယ်ဆို စဉ်းစားစရာကောင်းတယ်လို့ ယူဆမိတာမို့ မျှဝေဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Ref: The Gurdian “Bob Dylan and a noble refusal of the Nobel prize for literature”Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top