သဘာဝဘေးကပေးတဲ့ တွေးစရာများ

flood-1024x512.jpg

မွန်ပြည်နယ်မှာ အကြီးအကျယ်ရေကြီးမှုဖြစ်ခဲ့တာကတော့ သိရသူတိုင်းစိတ်မချမ်းမြေ့စရာကိစ္စတစ်ခုပါ။ ဒီရေကြီးမှုဟာ ရုတ်တရက်ဖြစ်ပွားလာတဲ့ သဘာဝဘေးတစ်ခုလည်း ဖြစ်ပါတယ်။ သဘာဝဘေးဆိုပေမဲ့ ဒီလိုဖြစ်လာစေတဲ့အကြောင်းရင်းခံကတော့ သဘာဝကြောင့်သတ်သတ်ချည်းမဟုတ်ဘဲ လူတွေရဲ့မဆင်မခြင် သယံဇာတထုတ်ယူမှု၊ လူဦးရေမြင့်တက်လာမှု၊ အစိုးရရဲ့လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲတာအားနည်းမှု စတာတွေကြောင့် မိုးများလာတဲ့အခါမျိုးမှာ အခုလို မမျှော်လင့်တဲ့အဖြစ်ကို ရောက်လာစေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်နဲ့ တိုင်းအစိုးရတွေအနေနဲ့ ဘူမိဗေဒပညာရှင်တွေနဲ့ သေချာကွင်းဆင်းလေ့လာပြီး ဒီလိုဖြစ်ရပ်တွေ နောက်ထပ်မပေါ်လာစေဖို့ ကြိုတင်ကာကွယ်ရေးတွေ ကြပ်ကြပ်မတ်မတ်လုပ်ထားသင့်ပါပြီ။

ဒီလိုဖြစ်ရပ်မျိုးဖြစ်လာပြီဆို မေးခွန်းထုတ်တတ်ကြတာတစ်ခုရှိပါတယ်။ အဲဒါကတော့ “တာဝန်ရှိတဲ့သူတွေက ဘာမှမလုပ်ပေးဘူးလား” ဆိုတဲ့အမေးပါ။ တကယ်တော့ အစိုးရက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီး ရေးနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုတာကို ဖွဲ့ထားပါတယ်။ အဖွဲ့ခါင်းဆောင်က ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဖြစ်ပြီး သူ့အောက်မှာ လူကယ်ပြန်ဝန်ကြီး ဦးဝင်းမြတ်အေး၊ ကာကွယ်ရေးဒုဝန်ကြီးတို့ပါပါတယ်။ သဘာဝဘေးကြုံရပြီ ဆိုတာနဲ့ အဲဒီအဖွဲ့က ချက်ချင်းအရေးပေါ်အလုပ်တွေလုပ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုအရေးပေါ် အခြေအနေတွေမှာ သက်ဆိုင်တဲ့အဖွဲ့ကပဲစတင်လှုပ်ရှားရပြီး ခေါင်းဆောင်တွေက အစီအစဉ်သာဆွဲပေးရတာပါ။ မြေပြင်အနေအထားအရ ကူညီကယ်ဆယ်ရေးလုပ်နေ သူတွေကို အချိန်နဲ့အမျှ ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်တာကမှ ခေါင်းဆောင်တွေရဲ့ တကယ့်တာဝန်ဖြစ်တာကို သိထားကြဖို့လိုပါတယ်။

ဒီဖြစ်ရပ်မှာ ရေဘေးသင့်ရသူတွေကို တစ်ပြည်လုံးကလူတွေ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီနေကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ အကူအညီပေးဖို့ထက် ထေ့တာတွေ ငေါ့တာတွေ၊ သတင်းအမှားနဲ့ ဂျင်းထည့်တာတွေ လုပ်နေကြတာကို စိတ်မကောင်းစရာတွေ့နေရပါသေးတယ်။ အခုခေတ်လို Google တစ်ချက်ခေါက်ရုံနဲ့ ဘာမဆိုလေ့လာလို့ရတဲ့ခေတ်မှာ အခြေ အမြစ်မရှိတဲ့ page တွေ၊ သတင်းတွေကို ယုံကြည်နေကြတာမျိုး ကလည်း မဖြစ်သင့်တော့ပါဘူး။ သတင်းတစ်ခုကိုမြင်ရင် ဟုတ်၏ မဟုတ်၏ မှန်၏ မမှန်၏ကို သေချာလေ့လာ သုံးသပ်ပြီးမှယုံသင့်ပါတယ်။ မကြာခင်မှာ တပြည်လုံးကအကူအညီတွေလေည်းရလာမှာဖြစ်သလို မိုးကလည်းလျော့သွားနိုင်လို့ ရေဘေးသင့် သူတွေအတွက်အဆင်ပြေလာကြမှာပါ။ အွန်လိုင်းပေါ်မှာ အငြင်းအခုံလုပ် အချိန်ဖြုန်းနေတာမျိုးထက် ငွေအား၊ လူအား တစ်တပ်တအားပါဝင်လိုက်တာက ပိုထိရောက်ပါတယ်။

နောက်ထပ်မြင်ရတာကတော့ အရေးပေါ်ဖြစ်နေချိန်မှာ အမြတ်ထုတ်တတ်သူတွေပါ။ ဂျပန်မှာ ဆူနာမီဖြစ်စဉ်က နိုင်ငံသားအချင်းချင်းဆိုတဲ့စိတ်ဓာတ်နဲ့ စတိုးဆိုင်တွေက ကုန်ပစ္စည်းတွေ ကို အလကားယူဖို့ခွင့်ပြုခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာမီးတောင်ပေါက်တော့ နေအိမ်ပျက်စီးသွားတဲ့သူတွအတွက် ဆောက်လုပ်ရေးပစ္စည်းဆိုင်တွေဟာ တန်ဖိုးရဲ့ ၂၅% နဲ့ ဈေးလျော့ ရောင်းပေးကြတယ် ဟေတီနိုင်ငံမှာ ငလျင်ဘေးဖြစ်ခဲ့တုန်းကလည်း နိုင်ငံသားတွေ ဟာ ပြန်လည်ထူထောင်ရေးအတွက် ဝင်ငွေရဲ့ ၁၀% အောက်ပမာဏထည့်ဝင်ပြီး ပြန်လည်ထူထောင် ရေးမှာ ပါဝင်ကူညီပေးခဲ့ကြပါတယ်။ အခု မွန်၊ တနင်္သာရီ ရေကြီးတဲ့အချိန်မှာတော့ နိုင်ငံသားအချင်းချင်းမညှာမတာနဲ့ ဒေသတွင်းစားသောက်ကုန်တွေရဲ့ဈေးကို (၃) ဆ အထိတင်ရောင်း နေကြတာကို စိတ်မသက်သာစရာ ကြားရပါသေးတယ်။

၂၀၁၅ ခုနှစ်ကရေကြီးမှုမှာကူညီထူထောင်ရေးလုပ်တော့ နာဂစ်မုန်တိုင်းသင့်တုန်းကလိုမဟုတ်တော့ဘဲ ခြားနားခဲ့ပြီး နာဂစ်က အမှားတွေ၊ အားနည်းချက်တွေကိုသင်ခန်းစာယူပြီး ၂၀၁၅ ခုနှစ်မှာ ပိုကောင်းအောင်ကြိုးစားလုပ်ခဲ့ပေမဲ့ လိုအပ်ချက်တွေတော့ရှိခဲ့ပါတယ်။ အခု ၂၀၁၉ ဖြစ်စဉ်မှာလည်း ၂၀၁၅ အဖြစ်က အတွေ့အကြုံကနေသင်ခန်းစာယူပြိး ပိုကောင်းအောင် လုပ်ဖို့ပဲလိုတာပါ။ အရင်ကဘယ်လို ဆိုပြီး အပြစ်တင်နေရင်တော့ ရေဘေးသင့်နေသူတွေအတွက် ဘယ်လိုမှအထောက်အကူဖြစ်မှာမဟုတ်ပါဘူး။

မြန်မာနိုင်ငံအနေနဲ့က အသက်ပေါင်းများစွာရင်းနှီးခဲ့ရတဲ့ သဘာဝဘေးအတွေ့အကြုံတွေ များစွာရပြီးပါပြီ။ သဘာဝကြောင့်ဖြစ်လာတဲ့အခြေအနေကို တားဆီးလို့မရနိုင်ပေမဲ့လည်း ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုတော့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ဆိုးကျိုးသက်ရောက်မှုနည်းအောင်လုပ်ဆောင်နိုင်ပါတယ်။ ကြိုတင်ပြင်ဆင်ထားမှုတွေ ကသာ နိုင်ငံသားတွေအတွက် သဘာဝဘေးဒဏ်ကြောင့်အဆိုးဆုံးအခြေအနေမဖြစ်ရအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top