သိတတ်မှုနဲ့ တတ်သိမှု

Editorial.jpg

လူ့လောကမှာ မမှားသင့်တာတွေမမှားအောင်၊ မလုပ်သင့်တာတွေမလုပ်မိအောင် အကောင်းအဆိုးကို ခွဲခြားပေးနိုင်တာက ပညာပါ။ ပညာလို့ဆိုတဲ့နေရာမှာ အသိပညာနဲ့ အတတ်ပညာလို့ နှစ်မျိုးရှိနေပါတယ်။ သိသင့်သလောက်ကိုသိထားမှသာ အကောင်းအဆိုးကိုခွဲခြားနိုင်ပြီး အမှားတွေကို ရှောင်နိုင်လာပါတယ်။ ဒါက ဆင်ခြင်တုံတရား (ဒါမှမဟုတ်) တွေးခေါ်မြော်မြင်မှုတွေနဲ့သက်ဆိုင်တဲ့ အသိပညာပိုင်းပါ။ အတတ်ပညာကတော့ ဘဝရှင်သန်ရပ်တည်ရေးနဲ့ လောကဖွံ့ဖြိုးဖို့အတွက် အသုံးချရတဲ့နည်းပညာတွေကို ဆိုလိုတာဖြစ်ပါတယ်။

လောကမှာ”တတ်သိသူ” ကပေါများပြီး ”သိတတ်သူ”ကတော့ ရှားပါးလေ့ရှိပါတယ်။ လူများစုက တတ်လားဆိုရင် တတ်တယ်…သိလားဆိုတော့လည်း သိတယ်လို့ ဆိုကြမှာပါ။ ဒါပေမဲ့ သိနေတိုင်း တတ်နေတိုင်း အမှားတွေကိုပြင်နိုင်ပြီလားဆိုတော့ မပြင်နိုင်ပါဘူး။ ဒါတွေက”တတ်သိ”သူတွေကို ဆိုလိုပါတယ်။ အတန်းပညာနဲ့ ဘွဲ့ဒီဂရီတွေကလည်း တတ်သိပညာအုပ်စုထဲမှာပါပါတယ်။

သိတတ်သူတွေကတော့ အတန်းပညာ၊ ဘွဲ့ဒီဂရီတွေရှိမနေပေမဲ့ စာနာစိတ်၊ သိတတ်မူ၊ မျှမျှတတတွေးခေါ်နိုင်မှုစတဲ့ စိတ်ကောင်းစေတနာကောင်းတွေရှိတဲ့သူတွေပါ။ သိတတ်မှုဆိုတာကလည်း မေတ္တာတရား၊ ကိုယ်ချင်းစာစိတ်၊ နားလည်ခွင့်လွှတ်နိုင်မှု စတာတွေကနေ ဆင်းသက်လာတဲ့အရာမျိုးဖြစ်ပါတယ်။ ဒါကို ဘယ်ဆရာကမှ သင်ပေးလို့မရပါဘူး။ ကြုံရတဲ့အကြောင်းကိစ္စတွေမှာ ကိုယ့်ဘဝ၊ အဖြစ်၊ ခံစားမှုတွေနဲ့ယှဉ်ပြီး ဆင်ခြင်ဆုံးဖြတ်ပြီး တကယ်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ကိုယ်ကိုယ်တိုင်လက်ခံလာတာမျိုးပါ။

တတ်သိသူ ဆိုတာ အကောင်းအဆိုးကိုခွဲခြားတတ်ပြီး သာမန်လူတွေထက် ပိုသိ ပိုတတ်တယ်ဆိုပေမဲ့ သိတတ်သူ ဖြစ်လာဖို့ဆိုတာကတော့ သူကိုယ်တိုင်ကိုက သိသလောက်ကို လိုက်နာကျင့်သုံးနိုင်မှဖြစ်နိုင်တာပါ။ မကျင့်သုံးနိုင်ဘူးဆိုရင် ပညာရှိသူဖြစ်နေလည်း စိတ်ဓာတ်ရေးရာမှာ နိမ့်ပါးနေပါလိမ့်မယ်။

လောကမှာ ပညာရှိသူတွေအများကြီးကို လိုအပ်တာမှန်ပေမဲ့ ပညာတတ်ပြီး စိတ်ဓာတ်ရေးရာလည်းမြင့်မားနေပါမှ အသုံးဝင်တဲ့လူသားတွေဖြစ်လာမှာပါ။ လူတစ်ယောက်ရဲ့ စစ်မှန်တဲ့တန်ဖိုးအတွက် စိတ်ဓာတ်မြင့်မားဖြူစင်မှုကလည်း အရေးပါလှပါတယ်။ တတ်သိ တဲ့သူဖြစ်ရုံမက သိတတ် တဲ့သူဖြစ်မှ တန်ဖိုးရှိတဲ့လူသားတစ်ယောက် ဖြစ်လာနိုင်မှာပါ။ ဒါကြောင့် လူတိုင်းပဲ တတ်သိအောင်ကြိုးစားကသလို သိတတ်သူဖြစ်လာအောင်လည်း ကျင့်ကြံအားထုတ်သင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top