အများနဲ့တစ်ယောက်၊ တစ်ယောက်နဲ့အများ

One-Vs-More.jpg

စာသင်ခန်းထဲမှာ ဆရာက မေးခွန်းတစ်ခုခုမေးတဲ့အခါ တစ်တန်းလုံးက အဖြေတစ်ခုကို တညီတညွတ်တည်း ဖြေကြပေမဲ့ ကိုယ်သိတဲ့အဖြေက သီးခြားဖြစ်နေရင် ရဲရဲဝံ့ဝံ့ဖြေလိုက်ဖူးပါသလား။

အားလုံးက အဖြေတစ်ခုတည်း ဖြေကြတဲ့အခါ ကိုယ့်အဖြေက လွဲနေမလား၊ ဝိုင်းဟားခံရမလား တွေးပြီး မပြောဖြစ်ခဲ့ဘူးလို့ပဲ ထင်မိပါတယ်။ ကိုယ့်အဖြေမှန်နေရင်တောင်မှ မှားလည်းအကုန်လုံးနဲ့အတူတူ အမှားခံလိုက်တော့မယ် လို့ တွေးတဲ့အထိ ကျွန်တော်တို့ဖြစ်ဖူးခဲ့ကြပါတယ်။ ဒါဟာ ငယ်ဘဝတုန်းကအဖြစ်လောက်လေးရှိပါသေးတယ်။

ပတ်ဝန်းကျင်ရဲ့ဖိအား၊ လူမှုဖိအားကို ရင်ဆိုင်ရတာများလာရင် ကျွန်တော်တို့တွေဟာ အများရဲ့အမြင်ကနေကွဲလွဲပစ်ဖို့ ကြောက်လာကြပါတယ်။ အခင်အမင်ပျက်မှာကြောက်လို့၊ အငြိုငြင်ခံရမှာ ကြောက်လို့၊ အများနဲ့ရောနေရင်အန္တရာယ်ကင်းလို့ ဆိုတာမျိုးတွေးကြရင်း ကိုယ်မလုပ်ချင်တဲ့အရာတွေကိုလည်း အများနဲ့ရောယောင်လုပ်၊ ကိုယ်လုပ်ချင်တဲ့အရာတွေကိုတော့ အများကိုဆန့်ကျင်ပြီး မလုပ်ရဲကြတော့ပါဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်တော်တို့ဟာ အများထဲက ထူးမခြားနားတစ်ယောက်ပဲ ဖြစ်လာပါတော့တယ်။

တကယ်တော့ ဒါက တော်တော်လေးအန္တရာယ်ရှိတဲ့ကိစ္စပါ။ ရှေးကလူတွေသာ ကွဲပြားခြားနားမှုတွေကိုမဖန်တီးမပြသဘဲ အများနည်းတူနေခဲ့ရင် လက်ရှိအနေအထားအထိ ကျွန်တော်တို့တိုးတက်လာကြမှာမဟုတ်ပါဘူး။

သိဒ္ဒတ္ထမင်းသားဘဝမှာ မိသားစုနဲ့ ထီးနန်းစည်းစိမ်ကိုစွန့်ပယ်ပြီး တောမထွက်ခဲ့ဘူးဆိုရင် ဗုဒ္ဓရဲ့တရားဓမ္မတွေကို ကျွန်တော်တို့ သိရှိခွင့်ရနိုင်မှာမဟုတ်သလို လက်ရှိအယူအဆတွေမှာတင်းတိမ်ပြီး အသိပညာဆိုင်ရာစိန်ခေါ်မှုတွေ၊ တီထွင်ဆန်းသစ်မှုတွေကို သိပ္ပံပညာရှင်တွေ မပြုလုပ်ခဲ့ကြဘူးဆိုရင် ကမ္ဘာကြီးမှာ တိုးတက်ပြောင်းလဲမှုဆိုတာကို တွေ့ဖို့ခက်ခဲလွန်းပါလိမ့်မယ်။

အခု ပြောနေတာက အများနဲ့မတူတာကကောင်းတယ် ဆိုတဲ့သဘောမျိုးမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနီးပါးနဲ့ ဆန့်ကျင်ပြီး ဂျူးလူမျိုးခြောက်သန်းကိုသတ်ခဲ့တဲ့ ဟစ်တလာလို လူစားတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုကွဲလွဲမှုမျိုးကတော့ လူမဆန်တဲ့ကွဲလွဲမှုလို့ပဲ ဆိုရမှာပါပဲ။

ကျွန်တော်တို့အနေနဲ့ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ အမြင်တွေ၊ စံနှုန်းတွေက မှန်၏၊ မမှန်၏ ဆိုတာ အမြဲမေးခွန်းထုတ်နေဖို့လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အဆက်မပြတ် ဝေဖန်ဆန်းစစ်နေဖို့ လိုအပ်လှပါတယ်။ ဒါမှပဲ ဒီထက်ပိုကောင်းတဲ့၊ ပိုပြီးနေပျော်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထိန်းကျောင်းဖန်တီးနိုင်ကြမှာ ဖြစ်ပါကြောင်း…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top