ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော် စတင်ကျင်းပ စာအုပ်ဈေးနှုန်းများကို ထက်ဝက်ကျော် လျှော့ချထား

yyl-054-1.jpg

စာအုပ်ပေါင်း တစ်သန်းကျော်ကို မူလဈေးနှုန်းရဲ့ ထက်ဝက် ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချထားတဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော် Big Bad Wolf Book Sale ကို သာကေတမြို့နယ်၊ Fortune Plaza မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

”စာအုပ်အားလုံးကို လူတိုင်းလက်လှမ်းမှီနိုင်တဲ့ဈေးနှုန်းနဲ့ စီစဉ်ထားတာပါ။ စာအုပ်ရောင်းရုံသက်သက် မဟုတ်ဘဲ စာဖတ်ချင်စိတ်ပိုများလာအောင် တစ်ဖက်တစ်လှမ်းကနေ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်”လို့ Big Bad Wolf Book Sale ရဲ့ ဒါရိုက်တာ ဦးမျိုးအောင်က ပြောပါတယ်။

အခုပွဲတော်ကို ဇန်နဝါရီ ၉ ရက်ကနေ ၂၀ ရက်အထိ နေ့စဉ် မနက် ၉ နာရီကနေ ည ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီးတော့ အင်္ဂလိပ်စာအုပ် တစ်သန်းကျော်အပြင် မြန်မာနိုင်ငံက စာအုပ်တိုက် ၁၃ တိုက်ရဲ့ စာအုပ်တွေကိုလည်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

”အင်္ဂလိပ်စာအုပ်တွေချည်းပဲမဟုတ်ဘူး၊ မြန်မာနိုင်ငံက စာအုပ်တိုက်တွေကိုလည်း လက်တွဲခေါ်ရမယ်၊ ဈေးကွက်ကို ထိုးဖောက်ရမယ်ဆိုတဲ့ အတွေးနဲ့ မြန်မာစာအုပ်တိုက် ၁၃ တိုက်ပါ ပါဝင်ရောင်းချနိုင်ဖို့ ထည့်သွင်း စီစဉ်ဖြစ်ခြင်းဖြစ်ပါတယ်”လို့ ဦးမျိုးအောင်က ပြောပါတယ်။

Big Bad Wolf Book Sale ပွဲတော်မှာ ဂန္ထဝင်စာအုပ်တွေ၊ သုတ၊ ရသစာအုပ်တွေ၊ ကလေးတွေအတွက် ပုံပြင်၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်၊ ရုပ်ပြစာအုပ်တွေအပြင် Megical Books လို့ခေါ်တဲ့ သုံးဘက်မြင် ရုပ်လုံးကြွ နည်းပညာနဲ့ ဖတ်ရှုရတဲ့ စာအုပ်တွေကိုလည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

အခုစာအုပ်ပွဲတော်မှာ လူမှုအကျိုးပြုအစီအစဉ်အနေနဲ့ Save the Library အဖွဲ့နဲ့ပူးပေါင်းပြီး စာအုပ် တွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလှူဒါန်းရာမှာ The Big Bad Wolf က စာအုပ်ပေါင်း ၅၀၀ ကို မတည် လှူဒါန်းသွားမှာဖြစ်ပြီး လာရောက်ဝယ်ယူတဲ့သူတွေလည်း ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

အရင်ကကျင်းပခဲ့တဲ့ ပွဲတော်တွေကနေ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရရှိခဲ့ပြီးတော့ အဲဒီစာအုပ်တွေကို အစိုးရကျောင်းစာကြည့်တိုက်တွေ၊ ပြည်သူ့စာကြည့်တိုက်တွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ပြန်လည်ဖြန့်ဝေလှူဒါန်းခဲ့တယ်လို့ Save the Library အဖွဲ့မှ ကိုဉာဏ်လင်းမောင်က ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော် Big Bad Wolf Book Sale ကို ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်နဲ့ မန္တလေးတို့မှာ တစ်ကြိမ်စီကျင်းပခဲ့ပြီးတော့ အဲဒီပွဲတော်တွေမှာ စာအုပ်ပေါင်း ၄ သိန်းကျော် ရောင်းချနိုင် ခဲ့တယ်လို့ ဦးမျိုးအောင်က ဆိုပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top