အမျိုးသမီးတစ်ဦး သားဦးကိုယ်ဝန်ဆောင်နေချိန်မှာ သူရဲ့ဗိုက်ပူပူလေးကို လူတွေတွေ့ကြတဲ့အခါ မပျက်မကွက်မေးလာမယ့် ပထမဦးဆုံးမေးခွန်းကတော့ “သားသားလေးလား၊ မီးမီးလေးလား” ဆိုတာပါပဲ။
ကျွန်တော်တို့အနေနဲ့ လူ့ဇီဝဗေဒသဘောကို အတော်အတန် ရင်းနှီးပြီးသားဖြစ်လို့ အလေးမမူမိတတ်ပေမဲ့ ဒီမေးခွန်းရဲ့ နောက်ကွယ်မှာ ယူဆချက်တချို့ ရှိနေပြန်ပါတယ်။ အဲဒါကတော့ ယောင်္ကျားလေး ဒါမှမဟုတ် မိန်းကလေး ဖြစ်ဖို့ ၅၀ – ၅၀ ရာနှုန်းစီလို့ အဖြေကို မျှော်လင့်ထားကြတာပါ။ ဒါပေမဲ့ ဘာကြောင့် အဲဒီလိုဖြစ်ရတာပါလဲ…။ ဒီအတွက်အဖြေကကော ဘာများဖြစ်နိုင်မလဲ…။
ကျွန်တော်တို့ သက်ရှိမျိုးစိတ်တွေအတွက်တော့ ဆင်းသက်လာခဲ့တဲ့ လိင်သတ်မှတ်စနစ်အပေါ် မူတည်ပါတယ်။ နို့တိုက်သတ္တဝါအများစုအတွက် ကလေးရဲ့ လိင်ကို မျိုးရိုးဗီဇအရ XY ခရိုမိုဇုန်းစနစ်နဲ့ သတ်မှတ်ပါတယ်။ နို့တိုက်သတ္တဝါတွေမှာ မိခင်နဲ့ ဖခင်ဆီက အမွေရတဲ့ လိင်ခရိုမိုဇုန်း တစ်စုံစီရှိပါတယ်။ XX ရရင် မိန်းကလေးဖြစ်ပြီး XY ရရင်တော့ ယောင်္ကျားလေး ဖြစ်လာပါတယ်။ အမတွေမှာ သူတို့ မျိုးဥကိုပေးဖို့အတွက် X ပဲရှိပြီး၊ အဖိုတွေကတော့ သူတို့ရဲ့ သုက်ဆဲလ်ကတစ်ဆင့် X သို့မဟုတ် Y ကို ပေးနိုင်တာကြောင့် လိင်အမျိုးအစားဟာ ဖခင်ဆီကနေသာ ဆင်းသက်ခြင်းဖြစ်ပါတယ်။
အမ သို့မဟုတ် အထီး ဖြစ်နိုင်ချေက ၅၀ – ၅၀ ရှိနေတဲ့ ဒီစနစ်က နို့တိုက်သတ္တဝါတွေအတွက် ကိုက်ညီပါတယ်။ ဒါပေမဲ့ သက်ရှိမျိုးစိတ်ကြီးတစ်ခုလုံးမှာရှိနေတဲ့ အခြားမျိုးစိတ်ကွဲတိရိစ္ဆာန်တွေအတွက်တော့ ကိုက်ညီတဲ့ တခြားစနစ်တွေရှိနေသေးတာကို တွေ့ရပါတယ်။ မျိုးရိုးဗီဇအရ လိင်ခွဲစနစ်ရှိတဲ့ အခြားသောတိရိစ္ဆာန်အုပ်စုတွေလည်းရှိကြပေမဲ့ အဲဒီစနစ်တွေဟာ ကျွန်တော်တို့နဲ့ အတော်လေးကွဲပြားသွားပါတယ်
ငှက်တွေနဲ့ တွားသွားသတ္တဝါတချို့ဟာ မျိုးရိုးဗီဇနည်းအရ လိင်သတ်မှတ်တာမှန်ပေမဲ့ လိင်ကွဲပြားစေသူက ဖခင်မဟုတ်ဘဲ မိခင်ကြောင့်ဖြစ်နေပါတယ်။ အဲဒီအုပ်စုတွေမှာ ZZ ဆိုတာ အထီးဖြစ်စေတဲ့ လိင်ခရိုမိုဇုန်း တစ်စုံဖြစ်ပါတယ်။ ဒီတော့ အထီးလေးတွေမှာ ပြန်ပေးစရာ Z ပဲရှိပါတယ်။ ဒါပေမဲ့ ဒီတိရစ္ဆာန်လေးတွေမှာ ZW ခရိုမိုဇုန်း စုံတွဲက အမ ဖြစ်စေပါတယ်။ ဒီစနစ်မှာလည်း အထီး သို့မဟုတ် အမ ဖြစ်နိုင်ချေဟာ ၅၀ -၅၀ ပါပဲ။ ကျွန်တော်တို့နဲ့ မတူတာက…မျိုးဥတွေထဲကို Z သို့မဟုတ် W ထည့်ပေးတဲ့ မိခင်အပေါ်မှာပဲ မူတည်နေတဲ့အချက်ပါ။
အချို့သက်ရှိအုပ်စုတွေမှာ မျိုးရိုးဗီဇအရ လိင်သတ်မှတ်တဲ့စနစ်ဟာ ရှေ့ကဆိုခဲ့တာတွေနဲ့ လုံးဝကွဲပြားနေပါတယ်။ ဥပမာ- ပုရွက်ဆိတ်တွေရဲ့ လိင်ဖြစ်ထွန်းမှုသတ်မှတ်တဲ့စနစ်ဟာ သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့စနစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ ပုရွက်ဆိတ်ဟာ အထီးဖြစ်ရင် ဖခင်မရှိလို့ပါပဲ။
ပုရွက်ဆိတ်အုံတစ်အုံမှာ အံ့ဩဖို့ကောင်းတဲ့ လုပ်အားဝေခွဲမှုတွေရှိပါတယ်။ ပုရွက်ဆိတ်အုံကို ကာကွယ်ဖို့ ပုရွက်ဆိတ်စစ်သည်တွေ၊ ရိက္ခာရှာစုတဲ့ ပုရွက်ဆိတ်လုပ်သားတွေ၊ အသိုက်သန့်ရှင်းရေးနဲ့ ကလေးထိန်းတဲ့ ပုရွက်ဆိတ်မာလီနဲ့ နာနီတွေ ပြီးတော့ ဘုရင်မတစ်ကောင်နဲ့ မျိုးပွားဖို့ အထီးအုပ်စုငယ်တွေရှိပါတယ်။ ဘုရင်မက မိတ်လိုက်ပြီး၊ အထီးတွေဆီက သုက်တွေကို သိုလှောင်ထားပြီဆိုရင်ဖြင့်…သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဖြစ်သွားပါပြီ။
သားဥမျိုးအောင်ဖို့ ဘုရင်မအနေနဲ့ သိုလှောင်ထားတဲ့ သုက်တွေကို သုံးမယ်ဆိုရင် သားဥဟာ အမလေးအဖြစ် ကြီးထွားလာပါမယ်။ အကယ်၍ ဥကို ဘုရင်မကမျိုးမဖောက်ခဲ့ရင်လည်း ပုရွက်ဆိတ်လေးတွေတော့ ပေါက်လာမှာဦးမှာပါ။ ဒါပေမဲ့ အမြဲတမ်း အထီးဘဝပဲ ရနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပုရွက်ဆိတ်ထီးတွေမှာ ဖခင်လုံးဝမရှိနိုင်ပါဘူး။ ပုရွက်ထီးတွေက မျိုးရိုးဗီဇတိုင်းရဲ့ မူပွားတစ်ခုအဖြစ်၊ လိင်ဆဲလ်တစ်ခုအဖြစ်နဲ့ပဲ ဘဝကို ရှင်သန်ရတာဖြစ်ပါတယ်။ ဒီစနစ်ကို Haplodiploid (မျိုးအောင်တဲ့ဥက အမပေါက်ပြီး မျိုးမအောင်တဲ့ဥက အထီးပေါက်)စနစ်လို့ ခေါ်ပါတယ်။ ဒီလိုမျိုးစနစ်က ပုရွက်ဆိတ်တွေမှာသာမက ပျားနဲ့ နကျယ်ကောင်တွေလို အုံကျင်းဖွဲ့နေတတ်တဲ့ ပိုးမွှားငယ်တွေမှာလည်း တွေ့ရတတ်ပါတယ်။
ကျွန်တော်တို့တွေက မျိုးဗီဇအရသာ လိင်သတ်မှတ်ပြီး မျိုးဗီဇအရ လိင်သတ်မှတ်တဲ့ တိရိစ္ဆာန်တွေကိုလည်းသိထားတာကြောင့် တိရိစ္ဆာန်အားလုံးအတွက် သူတို့ကလေးတွေကို မျိုးရိုးဗီဇအရ လိင်သတ်မှတ်တယ်လို့ အလွယ်တကူ ယူဆမိနိုင်ပါတယ်။
ဒါပေမဲ့ အချို့တိရိစ္ဆာန်တွေအတွက်က အထီး ဖြစ်မလား၊ အမ ဖြစ်မလားဆိုတဲ့ကိစ္စဟာ မျိုးဗီဇနဲ့ လုံးဝမပတ်သက်တော့ဘဲ “ရာသီဥတု”လိုမျိုး အရာပေါ်မူတည်နိုင်ပါတယ်။ ဒီလိုမျိုး အကောင်တွေကတော့ မိကျောင်းခေါင်းတိုနဲ့ ပင်လယ်လိပ်လို သတ္တဝါတွေပါပဲ။ ဒီသတ္တဝါတွေမှာတော့ ဖွံ့ဖြိုးလာတဲ့ဥအတွင်းက သန္ဓေသားလောင်းရဲ့ လိင်အမျိုးအစားဟာ အပူချိန်ပေါ်လိုက်ပြီး ပြောင်းလဲသွားပါတယ်။
ဒီမျိုးစိတ်တွေမှာ ကလေးတွေရဲ့ လိင်ကို မသတ်မှတ်နိုင်သေးတာဟာ ဥ စဥချလိုက်တဲ့အချိန်ကစလို့ ဆက်ပြီး ဖွံ့ဖြိုးနေဆဲကာလရဲ့ အလယ် အရေးကြီးတဲ့အချိန်ကိုရောက်တဲ့အထိပါပဲ။ အဲဒီအချိန်ရဲ့အသိုက်အပူချိန်အပေါ်လိုက်ပြီး လိင်ကွဲပြားသွားပါတယ်။ ဥပမာ – ရောင်စုံပင်လယ်လိပ်ဥတွေဟာ အကဲဖြတ်အပူချိန်ထက် ပိုနွေးတဲ့အပူချိန်မှာ အမလေးတွေ ပေါက်ပြီး၊ အေးတဲ့အပူချိန်မှာတော့ အထီးလေးတွေပေါက်လာမှာဖြစ်ပါတယ်။ အောက်ကဉာဏ်ကူစကားတိုလေးကို ဘယ်သူအကြံပြုသလဲမသိရပေမဲ့ ရောင်စုံခြယ်ပင်လယ်လိပ်တွေနဲ့ ပတ်သက်လာရင်တော့ မှတ်မိလွယ်စေပါတယ်။ အဲဒါကတော့ Hot chicks နဲ့ Cool Dudes ပါ။
အချို့ အပူပိုင်းဒေသငါးတွေအတွက် အထီးလား၊ အမလား ဆိုတဲ့ကိစ္စက အရွယ်အတော်ရတဲ့အထိ အတည်မဖြစ်လာသေးပါဘူး။ Clownfish (ငါးရွှင်တော် လို့ခေါ်မလားပဲ) အကုန်လုံးက စပေါက်ချိန်မှာတော့ အထီးတွေပါ။ ဒါပေမဲ့ အရွယ်ရောက်ချိန်မှာ အမတွေ ဖြစ်သွားကြပါတယ်။ သူတို့က ခွန်အားအဆင့်နဲ့ နေရာယူတဲ့အုပ်စုငယ်တွေအလိုက်နေကြပြီး ခွန်အားအကြီးဆုံးအထီးနဲ့ အမတွေကသာ မျိုးပွားကြပါတယ်။ အံ့ဩစရာကောင်းတာက အုပ်စုထဲမှာ ခွန်အားကြီးတဲ့အမသေသွားတဲ့အခါ ဒုတိယအကြီးဆုံးနဲ့ ခွန်အားအရှိဆုံးအထီးက အမအဖြစ် လိင်ပြောင်းလဲသွားပြီး သေသွားတဲ့အမနေရာကို ဝင်ယူလိုက်ပါတယ်။ အုပ်စုထဲမှာ ကျန်နေတဲ့အထီးတွေက ခွန်အားအလိုက် အဆင့်တွေ တစ်ကောင်းချင်းစီ တစ်ဆင့်၊ တစ်ဆင့်
တက်သွားပါတယ်။
ဒါတွေနဲ့ လုံးဝကွဲပြားတဲ့ အခြားပင်လယ်သတ္တဝါ Green Spoonworm အတွက်တော့ အကောင်ပေါက်လေးတွေရဲ့ လိင်ကို ပတ်ဝန်းကျင်ရဲ့ လုံးလုံးကွဲပြားတဲ့အခြေအနေအရ သတ်မှတ်ပါတယ်။ ဒီမျိုးစိတ်အတွက် လိင်သတ်မှတ်မှုက ပိုးလောင်းလေးက ပင်လယ်ကြမ်းပြင်ပေါ်ကို ကျခြင်း၊ မကျခြင်းဆိုတဲ့ အခြေအနေအပေါ်မူတည်ပါတယ်။ ပင်လယ်ကြမ်းပြင်ပေါ်ကျရင် ပိုးကောင်ဟာ အမလေး ဖြစ်သွားပြီး၊ ပိုးကောင်မိခင်ပေါ်ကိုကျရင်တော့ အထီးလေး ဖြစ်သွားပါတယ်။ ဒါကြောင့် တချို့မျိုးစိတ်တွေအတွက် အထီးလား အမလား ဆိုတဲ့မေးခွန်းက မျိုးရိုးဗီဇပေါ် မူတည်ပြီး အချို့အတွက်တော့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်နေတာပါ။
အချို့ .. အချို့တွေကျပြန်တော့ ဒီမေးခွန်း မေးဖို့တောင်မလိုတော့ပါဘူး။ ဥပမာ – Whiptail Lizard လိုမျိုးပါ။ ဒီကန္တာရပုတ်သင်တွေအတွက် အဖြေကတော့ လွယ်လွန်းနေပါတယ်။ အမြဲတမ်း ‘မ’ ပါပဲ။ ဒီအကောင်မျိုးတွေက အားလုံးလို့ ဆိုရလောက်အောင် ‘မ’ ချည်းပဲရှိတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ ပြီးတော့ ဥတွေ ဥကြပေမဲ့ ဒီဥတွေက ပုံတူကိုယ်ပွား အမလေးတွေပဲပေါက်လာတာပါ။ ဒါကြောင့် အမလား၊ အဖိုလားဆိုတာ လူနဲ့ တိရစ္ဆာန်လောကတစ်ခုလုံးရဲ့ လိင်သတ်မှတ်မှုစနစ်အပေါ်မှာ တကယ်ပဲ မူတည်နေပါကြောင်း…။ မူရင်းဗီဒီယိုကို ဖော်ပြပါလင့်ခ်ကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/2f71yaJ
(Translator: Mie Cho (TED Translator) နှင့် Reviewer: Sann Tint (TED Language Coordinator) တို့၏ တင်ဆက်မှုကိုပြန်လည်မျှဝေပါသည်)
Team (ရိုးရာလေး)