အသက် (၈) နှစ်နဲ့ စစ်တုရင်ချန်ပီယံဖြစ်လာခဲ့တဲ့ အိမ်ရာမဲ့ ရွေ့ပြောင်းကလေးငယ်

k1.jpg

တနီတိုလူဝယ် (Tanitoluwa) တို့ မိသားစုဟာ နိုင်ဂျီးရီးယားနိုင်ငံသားတွေဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဘိုကိုဟာရမ်ပြည်နယ် အကြမ်းဖက်သမားတွေကြောင့် (၂၀၁၇) မှာ မိသားစုလိုက် နယူးယောက်ကို ထွက်ပြေးရှောင်တိမ်းလာခဲ့ရသူတွေပါ။

ရွေ့ပြောင်းဒုက္ခသည်တွေအဖြစ် နယူးယောက်ကို ရောက်ရှိလို့ နိုင်ငံရေးခိုလှုံခွင့်ရရှိဖို့ လျှောက်ထားရင်း အိမ်ရာမဲ့စောင့်ရှောက်ဂေဟာမှာ မိသားစုလိုက် ရှင်သန်အသက်မွေးခဲ့ရပါတယ်။ အဖေက နယူးယောက်ခ်မှာ အူဘာတက္ကစီမောင်းသလို အိမ်ခြံမြေပွဲစားအဖြစ်လည်း လုပ်ကိုင်နေသူပါ။

သားငယ်လေး တနီကို ဒေသ မူလတန်းကျောင်းမှာ ကျောင်းအပ်ရတဲ့အချိန် တနီ မျက်စိအကျကြီးကျသွားတာက စစ်တုရင်ကလပ်ပါ။ စစ်တုရင်ကစားချင်လို့ သိပ်ပြီးဇောကြီးနေတာမြင်ရတဲ့ တနီကို စစ်တုရင်ကလပ်က ဝင်ကြေးပိုက်ဆံမယူတော့ဘဲ ငဲ့ကွက်ပေးခဲ့တယ်။ ဒီလိုနဲ့ တနီဟာ နယူးယောက်ကိုအရောက်မှာ စစ်တုရင်ကို စပြီးထိတွေ့ခွင့်ရလာတယ်။

တနီက ကျောင်းကလပ်မှာမပြတ်တမ်း ပုံမှန်စစ်တုရင်ထိုးရုံမက အိမ်နီးနားချင်း ဟာလမ်ရပ်ကွက်မှာ စနေနေ့တိုင်း သုံးနာရီကြာသင်ကြားပေးတဲ့ အခမဲ့ စစ်တုရင်သင်တန်းကိုလည်း အရောက်သွားတက်ပြီး သင်ယူလေ့လာခဲ့တယ်။ ဒါ့အပြင် ညဘက်ဆို အဖေ့ရဲ့လက်ပ်တော့ကို ယူပြီး တောက်လျှောက်ကို စစ်တုရင်လေ့ကျင့်တတ်လို့ လေ့ကျင့်သားရည်ပြည့်ဝလာတဲ့ တနီ…။ ဒီလိုနဲ့ တနီရဲ့စစ်တုရင်အရည်အချင်းနဲ့ တိုးတက်မှုက တစ်နှစ်အတွင်းမှာ အံ့မခန်းဖြစ်လာတယ်။

သူငယ်တန်း ကနေ တတိယတန်းကျောင်းသားတွေအတွက် ကျင်းပပေးတဲ့ နယူးယောက်ပြည်နယ် စစ်တုရင်ပြိုင်ပွဲမှာတော့ အသက် (၈) နှစ်သားလေး တနီဟာ ပြည်နယ်အဆင့် စစ်တုရင်ချန်ပီယံဆုကို ပူပူနွေးနွေးပဲ ဆွတ်ခူးရယူသွားနိုင်ခဲ့ပါပြီ။

အိမ်ခြေရာမဲ့စောင့်ရှောက်ရိပ်သာမှာ နေထိုင်ရှင်သန်ရရင်း၊ မိဘကျောထောက်နောက်ခံ ပံ့ပိုးမှု မယ်မယ်ရရမရှိဘဲ စစ်တုရင်ကိူရူးသွပ်ဝါသနာကြီးတဲ့ ပါရမီရှင် တနီလေးအတွက် သူ့ရဲ့ဆရာက GoFundMe ဆိုတဲ့ ကမ်ပိန်းလေးကိုထူထောင်ပေးထားပြီး တနီလေးအတွက် ရန်ပုံငွေထည့်ဝင်ပေးနိုင်ကြစေဖို့ ဖြစ်ပါတယ်။

ဆရာဖြစ်သူက “မိသားစု အခြေအနေကလည်း ချို့ချို့ငဲ့ငဲ့နဲ့ဗျာ။ ဒီလိုကလေးလေးမျိုးက စစ်တုရင်ကို စပြီး ကစားတတ်တဲ့ တစ်နှစ်အတွင်းမှာတင် ဒီလိုအဆင့်ကို ရောက်လာတာမျိုးက တနီနဲ့မှ ပထမဆုံးတွေ့ဖူးတာပါ။ ကျွန်တော် သိပ်အံ့အားသင့်ရခဲ့တယ်” လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

တနီလေးကတော့ သူဟာ နယူးယောက်ရဲ့ အသက်အငယ်ဆုံး စစ်တုရင် ဂရင်းမာစတာ ချန်ပီယံဖြစ်ချင်တယ် လို့ သူ့ရဲ့အိပ်မက်ကိုပြောပြသွားခဲ့ပြီး သူ့အတွက်ရန်ပုံငွေဟာလည်း ဒေါ်လာ (၁၂၀၀၀) အထိ ရရှိထားပြီးဖြစ်ပါတယ်။

Ref: Dailymail “Eight-year-old homeless refugee who fled violence in Nigeria is crowned the chess champion of New York”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top