အီသီယိုးပီးယားနိုင်ငံက ပထမဆုံးအကြိမ် ဂြိုဟ်တု လွှတ်တင်

yyl-007-15.jpg

ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံတွေက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို မြှင့်တင်ဖို့နဲ့ သိပ္ပံဆိုင်ရာ ဆန်းသစ်တီထွင်မှုကို အားပေးအားမြှောက်လုပ်ဖို့ အာကာသစီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေချိန်မှာ အီသီယိုးပီးယားနိုင်ငံကတော့ သူတို့နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးဂြိုဟ်တုကို လွှတ်တင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အာကာသစခန်းကနေ ဂြိုဟ်တုလွှတ်တင်မှုကို တိုက်ရိုက်ကြည့်ရှုဖို့အတွက် ပြီးခဲ့တဲ့သောကြာနေ့က အီသီယိုးပီးယားနိုင်ငံမြို့တော် အက်ဒစ်အဘာဘာမြို့မြောက်ဘက်မှာရှိတဲ့ အန်တိုတိုစောင့်ကြည့်ရေးနဲ့ သုတေသနစင်တာမှာ အရာရှိတွေ၊ ပြည်သူတွေ စုဝေးခဲ့ကြပါတယ်။

အဲဒီဂြိုဟ်တုကို တရုတ်နဲ့ အီသီယိုးပီးယားအင်ဂျင်နီယာတွေ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၇ သန်းကျော် ကုန်ကျတဲ့အနက် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၆ သန်းကျော် စိုက်ထုတ်ပေးခဲ့တယ်လို့ အီသီယိုးပီးယားနိုင်ငံ အာကာသသိပ္ပံနဲ့ နည်းပညာဌာန အထွေထွေညွှန်ကြားရေးမှူး ဆော်လမွန်ဘီလေးက ပြောပါတယ်။

”အာကာသက အစားအစာပါ။ အလုပ်အကိုင်ဖန်တီးပေးတဲ့အရာပါ။ နည်းပညာကနေ အချုပ်အခြာအာဏာအထိ သက်ဆိုင်တဲ့ ကိရိယာတစ်ခုပါ။ ဆင်းရဲမွဲတေမှု လျှော့ချပေးတဲ့အရာပါ။ အဓွန့်ရှည်တည်တံ့တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်နိုင်ဖို့ အီသီယိုးပီးယားနိုင်ငံသားတွေအတွက် လိုတရအရာတစ်ခုပါ”လို့ ဆော်လမွန်ဘီလေးက ဆိုပါတယ်။ တရုတ်နိုင်ငံ အာကာသစခန်းကနေ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုကို မိုးလေဝသခန့်မှန်းမှုနဲ့ ကောက်ပဲသီးနှံ စောင့်ကြည့်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ အီသီယိုးပီးယားအရာရှိတွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top