လေးလောင်းပြိုင်လူသတ်မှုအတွက် တရုတ်အမျိုးသားကို ဂျပန်နိုင်ငံမှာ ကြိုးပေးကွပ်မျက်

yyl-006-13.jpg

မိသားစု လေးယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်အတွက် ဂျပန်နိုင်ငံက တရုတ်အမျိုးသားကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ ဒါဟာ ၁၀ နှစ်အတွင်း ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတစ်ယောက်ကို ပထမဆုံးအကြိမ် ကြိုးပေးကွပ်မျက်မှု ဖြစ်ပါတယ်။ ဝေဝေလို့ အမည်ရတဲ့ တရုတ်အမျိုးသားဟာ ၂၀၀၃ ခုနှစ်က ကြံရာပါ နှစ်ယောက်နဲ့အတူ ဖူကူအိုကာမြို့မှာ နေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် မတ်ဆုမိုတိုရဲ့နေအိမ်ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ မတ်ဆုမိုတိုက လည်ပင်းညှစ်သတ်ခံခဲ့ရပြီး ဇနီးဖြစ်သူကတော့ ရေချိုးခန်းထဲမှာ ရေနစ်သတ်ခံခဲ့ရပါတယ်။ ရှစ်နှစ်နဲ့ ၁၁ နှစ်အရွယ်ရှိတဲ့ ကလေး ၂ ယောက်ကိုလည်း လည်ပင်းညှစ်သတ်တာ၊ ရေနစ်သတ်တာမျိုး လုပ်ခဲ့ပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို ခဲဆွဲပြီး ဟာကာတာပင်လယ်အော်ထဲမှာ မြုပ်အောင်လုပ်ခဲ့ပါတယ်။ ဝေဝေရဲ့ ကြံရာပါနှစ်ယောက်က တရုတ်နိုင်ငံကို ထွက်ပြေးခဲ့ပေမဲ့ တရုတ်နိုင်ငံမှာ အဖမ်းခံခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာ တစ်ယောက်ကို ကွပ်မျက်ခဲ့ပါတယ်။ နောက်တစ်ယောက်ကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အလေးအနက် ချင့်ချိန်သုံးသပ်ပြီးချိန်မှာ ဝေဝေကို ကြိုးပေးကွပ်မျက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဂျပန်တရားရေးဝန်ကြီး မာဆာကိုမိုရီက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မြေအောက်ရထားဘူတာမှာ ဆာရင်းဓာတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ ဘာသာရေးဂိုဏ်း(Aum Shinrikyo)က ဂိုဏ်းသား ၁၃ ယောက်အပါအဝင် လူ ၁၅ ဦးကို ကွပ်မျက်ခဲ့ပါတယ်။ G7 အဖွဲ့ဝင်နိုင်ငံတွေထဲမှာ သေဒဏ်ကျင့်သုံးတဲ့ နိုင်ငံဆိုလို့ အမေရိကန်နဲ့ ဂျပန်နိုင်ငံ နှစ်နိုင်ငံပဲရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top